မကွေးမှာ ဗလီတချို့ ပြန်ဖွင့်ခွင့်ရတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ
(၁) မကွေးမှာ ဗလီတချို့ ပြန်ဖွင့်ခွင့်ရ

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD/AFP/Getty Images
မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ၂၀၀၆ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေ နောက်ပိုင်း ၊ အာဏာပိုင်တွေက တားမြစ်နယ်မြေ အဖြစ် ပိတ်ပင်ထားခဲ့တဲ့ အစ္စလာမ်ဘာသာရေး ဗလီ ဝတ်ကျောင်း ၂ ခုကို မကွေးတိုင်းဒေသကြီး အစိုးရက ပြန်လည် ဝတ်ပြုခွင့်ပေးလိုက်ပါတယ်။
ခြောက်မြို့ အမှတ် ၉ ရပ်ကွက်မှာရှိတဲ့ မြို့မဗလီနဲ့ အမှတ် ၁၁ ရပ်ကွက်မှာရှိတဲ့ မြို့မဗလီတွေ ဖြစ်ပြီးတော့ ဒီဗလီ ၂ ခုမှာ ပြန်လည် ဝတ်ပြု ကိုးကွယ်ခွင့် ပေးဖို့ အာဏာပိုင်တွေဘက်က ပြီးခဲ့တဲ့ လ အနည်းငယ် ကတည်းက ဆုံးဖြတ်ထားခဲ့တာလို့လည်း တိုင်းဒေသကြီးလွှတ်တော်အမတ်တွေက ပြောပါတယ်။
"နဂိုတုန်းကလည်း ဘာသာ တခုနဲ့ တခုကြားမှာ ဖြစ်တဲ့ အာဃာတမျိုးလို့ မယူဆခဲ့ဘူးလေ၊ တိုင်းပြည်ရဲ့အနေအထားကလည်း ဖြည်းဖြည်းချင်းတော့ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင်တစ်ခုကို ရောက်လာတဲ့ အနေအထားမျိုး ရှိလာပြီဆိုတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုကို အစိုးရကနေ ဆုံးဖြတ်ချက်ချပြီး ပေးတယ်လို့ပဲ ယူဆပါတယ်" လို့ ချောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးစိုးဝင်းက ပြောပါတယ်။
(၂) ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဧရိယာတွေ လျှော့ချသတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, Phyo Hein Kyaw
ကချင်ပြည်နယ် ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ရေး အကြီးစားလုပ်ကွက်တွေကို အရင်က ဧက ၅၀ အထိ တူးဖော်ခွင့်ပေးခဲ့ပေမယ့် အခုတော့ ၅ ဧက အထိပဲ တူးဖော်ခွင့်ပြုတော့မယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးမင်းသူက ဘီဘီစီကို ပြောပါတယ်။
ကုမ္ပဏီတွေဟာ လက်ရှိရထားတဲ့ ဧက ၅၀ ထဲက ကြိုက်တဲ့နေရာမှာ ၅ ဧကကိုပဲ တူးဖော်ခွင့်ပြုမှာ ဖြစ်ပါတယ်။
ဖားကန့်က ကျောက်မျက်တူးဖော်နေတဲ့ ကုမ္ပဏီအများစုဟာ ၂၀၂၀ မှာ သက်တမ်းကုန်ဆုံးတော့မှာပါ။
"အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေမှာတော့ ကျောက်မျက်တူးဖော်ခွင့် လိုင်စင်အသစ်လျှောက်ထားသူတွေကို အလတ်စားတူးဖော်ခွင့်အတွက် ကုမ္ပဏီတစ်ခုကို ၅ ဧကနဲ့ ၃ နှစ်အသေးစားလုပ်ကွက်တွေကို ၃ ဧက နဲ့ ၂ နှစ် လက်လုပ်လက်စားတွေအတွက် ၁ ဧကအတွက် ၁ နှစ် တူးဖော်ခွင့်ရမှာ ဖြစ်တယ်" လို့ ဦးမင်းသူက ပြောပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေအတွက် ကုမ္ပဏီတစ်ခုကို ဧက ၅၀ အထိပဲ ခွင့်ပြုခဲ့ပေမယ့် ကုမ္ပဏီ ၄ ခု ၅ ခု ထောင်ပြီး တစပ်တည်း ဧက ၂၀၀ အထိ တူးဖော်တာတွေ လုပ်ဆောင်ခဲ့လို့ ဖားကန့်မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ကြုံခဲ့ရတယ်လို့ ဖားကန်လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
လက်ရှိမှာတော့ ဖားကန့်က ကျောက်မျက်မှော်တွေမှာ မြေစာပုံပြိုကျပြီး လူသေဆုံးမှုတွေ မကြာခဏဖြစ်နေလို့ မိုးတွင်းကာလ ဇူလိုင်လကနေ စက်တင်ဘာလကုန်အထိ ကျောက်မျက်တူးဖော်မှုတွေကို ရပ်ဆိုင်းဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
(၃) လုံခြုံရေးအကြံပေး အရာရှိသစ်ကို သမ္မတထရမ့် အဆိုပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရာထူးက ထုတ်ပယ်ခံရတဲ့ အမေရိကန်အမျိုးသား လုံခြုံရေအကြံပေးအရာရှိ John Bolton နေရာမှာ အစားထိုးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ထမ်းဆောင်နေတဲ့ မိုက်ကယ်အိုဘရိုင်ယန်ကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အမည်စာရင်းတင်သွင်း လိုက်ပါတယ်။
သူဟည အမေရိကန် နိုင်ငံခြားရေးရာပေါ်လစီဆိုင်ရာဌာနမှာ ကြာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို ဓားစာခံတွေနဲ့ ဆိုင်ရာအရေးကိစ္စတွေမှာလည်း ဦးဆောင် ညှိနှိုးပေးနေသူ ဖြစ်ပါတယ်။
မစ္စတာ အိုဘရိုင်ယန်ဟာ သမ္မတထရမ့် လက်ထက်မှာ ခန့်အပ်ခံရတဲ့ လေးယောက်မြောက် လုံခြုံရေးအကြံပေးဖြစ်ပြီးတော့ အမေရိကန်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပေါ်လစီအပြင် ဆော်ဒီရေနံလုပ်ငန်း တိုက်ခိုက်ခံရမှုအပြီး အီရန်နဲ့ တင်းမာနေတဲ့ ဆက်ဆံရေးအခြေအနေတွေကို ကိုင်တွယ်ဆောင်ရွက်ပေးရမှာလည်း ဖြစ်ပါတယ်။
(၄) ဆော်ဒီရေနံချက်စက်ရုံ တိုက်ခိုက်ခံရမှုဟာ အီရန်လက်ချက်လို့ သမ္မထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့တုန်းက ဆော်ဒီရေနံချက်စက်ရုံကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုဟာ စစ်ရေးလုပ်ရပ်တစ်ခု ကျူးလွန်တာပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ပြောလိုက်ပါတယ်။
"တိုက်ခိုက်မှုအတွင်း သုံးခဲ့တာတွေက ဟူသီသူပုန်တွေရဲ့ ဒုံးလက်နက်ဖြစ်ဟန်မတူပါဘူး၊ ဒီလိုလက်နက်တွေကို ကျွန်တော်တို့ အရင်က အဲ့ဒီနေရာမတွေ့ဖူးပါဘူး၊ ထောက်လှမ်းရေးအရာရှိတွေက ဟူသီသူပုန်တွေရဲ့ လက်နက်မဟုတ်ဘူးဆိုတာ လေးလေးနက်နက် ယုံကြည်နေကြပါတယ်" လို့ ဝန်ကြီးပွန်ပီယိုက ပြောပါတယ်။
"ရေနံချက်စက်ရုံတွေ တိုက်ခိုက်မှုဟာ အီရန်ရဲ့ လက်ချက်ဖြစ်တယ်" လို့ ဆော်ဒီခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာလည်း မစ္စတာပွန်ပီယိုက ပြောခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ကမ္ဘာ့ရေနံထုတ်လုပ်မှုကို ထိခိုက်ရာရောက်တယ်လို့လည်း သူက ဆိုပါတယ်။ အီရန်ကတော့ သူတို့အနေနဲ့ ဒီတိုက်ခိုက်မှုမှာ ဘယ်လိုမှ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။ အီရန်အပေါ် အရေးယူပိတ်ဆို့မှု တိုးမြှင့်ဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကို ညွှန်ကြားထားတယ်လို့ အစောပိုင်းတုန်းက သမ္မတထရမ့်က ပြောပါတယ်။








