နိုင်ငံတစ်ဝန်းရွှေဝါရောင်အခမ်းအနားများကို အချက်သုံးချက်နဲ့ ရည်ရွယ်ကျင်းပ တဲ့သတင်းအပါအဝင် စက်တင်ဘာ ၁၈ ရက် မနက်ခင်းသတင်းများ

စက်တင်ဘာ ၁၈ ရက်ဟာ သံဃာနဲ့ လူထု စုစည်းမှုအင်အား အရှိန်မြင့်တက်လာ

ဓာတ်ပုံ ရင်းမြစ်, STR/AFP/Getty Images

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၈ ရက်ဟာ သံဃာနဲ့ လူထု စုစည်းမှုအင်အား အရှိန်မြင့်တက်လာ
ရေးသားခဲ့သည်။

(၁)ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့်အခမ်းအနားတွေ ကျင်းပ

နိုင်ငံလုံးဆိုင်ရာရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့်အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ တစ်ပြိုင်တည်းကျင်းပခဲ့ပါတယ်။

အန်အယ်လ်ဒီအစိုးရဦးဆောင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပူးပေါင်းဝန်းရံဖို့၊ တစ်နိုင်ငံလုံးစစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ဘာသာရေးကို နိုင်ငံရေးမှာ ခုတုံးလုပ်အသုံးချတာကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုတဲ့ အချက် ၃ ချက်နဲ့ ရည်ရွယ်ကျင်းပခဲ့ပါတယ်။

ရန်ကုန်ကြည့်မြင်တိုင်က သာဓုကျောင်းတိုက်မှာ ဒီကနေ့ပြုလုပ်တဲ့ ရွှေဝါရောင်အခမ်းအနားကို သံဃာတွေတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေတက်ရောက်ခဲ့ပါတယ်။ လောင်စာဆီဈေးနှုန်းအဆမတန်မြင့်တက်မှုကြောင့် သံဃာတော်တွေနဲ့အတူ ပြည်သူတွေပူးပေါင်းပါဝင်ခဲ့တဲ့ ရွှေဝါရောင်အရေးအခင်းဟာ၂၀၁၀ နောက်ပိုင်းနိုင်ငံရေးအခင်းအကျင်းမှာ အရေးပါတဲ့အရွေ့တစ်ခုလို့ နိုင်ငံရေးအင်အားစုများက ယုံကြည်ထားပါတယ်။

၁၉၈၈ အရေးအခင်း၊ ၁၉၉၆ ခုနှစ် ကျောင်းသားဆန္ဒပြမှုနောက်ပိုင်း ကြီးမားတဲ့လူထုလှုပ်ရှားမှုဟာ ၂၀၀၇ စက်တင်ဘာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လောင်စာဆီအပါအဝင်ကုန်ဈေးနှုန်းမြင့်တက်မှုတွေကိုဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, လောင်စာဆီအပါအဝင်ကုန်ဈေးနှုန်းမြင့်တက်မှုတွေကိုဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြ

ကုန်ဈေးနှုန်းမြင့်တက်မှုကို မေတ္တာပို့ဆန္ဒပြကြတဲ့ သံဃာနဲ့ပြည်သူတွေကို စစ်အစိုးရက စက်တင်ဘာ ၂၅ ရက်မှာ စတင်အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ကမ္ဘာကိုပျံ့နှံ့ခဲ့တဲ့နောက် စစ်အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကိုလက်တွေ့ဦးဆောင်နေ

ဓာတ်ပုံ ရင်းမြစ်, LILLIAN SUWANRUMPHA /AFP/Getty Images

ဓာတ်ပုံ ပုံစာ, အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကိုလက်တွေ့ဦးဆောင်နေ

ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပါတယ်။

အဲဒီရွေးကောက်ပွဲနဲ့အတူ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရပြီး လက်ရှိအစိုးရအဖွဲ့ကိုဦးဆောင်နေပါတယ်။

(၂) အစိုးနဲ့မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အောက်တိုဘာလမှာထပ်တွေ့မယ်

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဟာ လာမယ့်အောက်တိုဘာမှာ ထပ်တွေ့ဖို့ သဘောတူဆုံးဖြတ်ခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကချင်၊ တအာင်း၊ ကိုးကန့်၊ ရခိုင် စတဲ့ မြောက်ပိုင်းလေးဖွဲ့ဟာ အပစ်ရပ်ရေးစာချုပ် လက်မှတ်ထိုးနိုင်ရေးအပါအဝင် အချက် ၇ ချက် သဘောတူညီခဲ့ပါတယ်။

တိုက်ပွဲတွေရပ်တန့်ဖို့၊ စစ်ရှောင်ပြည်သူတွေကိစ္စ၊ နှစ်ဖက်လိုက်နာရမယ့်စည်းကမ်းတွေ ဆက်ဆွေးနွေးဖို့နဲ့ ဆက်ဆံရေးရုံတွေထားရှိဖို့ စတာတွေ ဒီခုနစ်ချက်ထဲမှာပါဝင်ပါတယ်။

တပ်မတော်ရဲ့အပစ်ရပ်ကာလက စက်တင်ဘာ ၂၁ မှာ ကုန်ဆုံးတော့မယ်
ဓာတ်ပုံ ပုံစာ, တပ်မတော်ရဲ့အပစ်ရပ်ကာလက စက်တင်ဘာ ၂၁ မှာ ကုန်ဆုံးတော့မယ်

ဒါ့အပြင် နှစ်ဖက်ယုံကြည်မှုတည်ဆောက်ဖို့အတွက် ဖမ်းဆီးချုပ်နှောင်မှုတွေကို ဖြေရှင်းဖို့၊ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA မှာ နှစ်ဖက်လက်ခံနိုင်တဲ့ လုပ်ငန်းတွေဖော်ဆောင်ဖို့နဲ့ စေ့စပ်ညှိနှိုင်းဖြေရှင်းမယ့် ယန္တရား ဖော်ဆောင်ဖို့ စတဲ့အချက်တွေလည်း ပါဝင်လာပါတယ်။

စစ်ရှောင်တွေဘဝကိုသရုပ်ဖော်လို့ ၁၅ ရက်ကြာအကျဉ်းကျခဲ့တဲ့ ဆိုင်းနုပန်

ဓာတ်ပုံ ရင်းမြစ်, Seng Nu Pan

ဓာတ်ပုံ ပုံစာ, စစ်ရှောင်တွေဘဝကိုသရုပ်ဖော်လို့ ၁၅ ရက်ကြာအကျဉ်းကျခဲ့တဲ့ ဆိုင်းနုပန်

မနေ့က ဒီအစည်းအဝေးကျင်းပနေချိန်မှာပဲ TNLA က တပ်မတော်နဲ့တိုက်ပွဲဖြစ်ပွားခဲ့သလို RCSS နဲ့လည်း ထိတွေ့ပစ်ခတ်မှုရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်က အပစ်ရပ်သက်တမ်းထပ်တိုးမယ်ဆိုရင် ဒီဆွေးနွေးပွဲအလားအလာ ကောင်းတယ်လို့ ယူဆရမယ်လို့ ငြိမ်းချမ်းရေးလေ့လာသူတွေကသုံးသပ်ထားပါတယ်။

တပ်မတော်က သက်တမ်းတိုးထားတဲ့ အပစ်ရပ်ကာလဟာ စက်တင်ဘာ ၂၁ မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

(၃) ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းဖွင့်ထားဆဲလို့ တာလီဘန်ပြော

အမေရိကန်နိုင်ငံနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းဖွင့်ထားဆဲလို့ အာဖဂန်နစ္စတန်နိုင်ငံထဲက တာလီဘန်လက်နက်ကိုင်အဖွဲ့ ရဲ့ဦးဆောင်ညှိနှိုင်းရေးမှူးက ပြောလိုက်ပါတယ်။

စစ်ပွဲကို အဆုံးသတ်လိုက်တာဟာ အမေရိကန်နဲ့တာလီဘန် နှစ်ဖက်စလုံးအတွက် အသင့်တော်ဆုံးလို့လည်း တာလီဘန်ညှိနှိုင်းရေးမှူး မိုဟာမက်အဘက်စ်စတာနီဇိုင် က ဘီဘီစီနဲ့တွေ့ဆုံမေးမြန်းချိန်မှာ ပြောလိုက်တာပါ။

အရပ်သားတွေသေဆုံးတာကို အစိုးရလိုလားတဲ့တပ်ဖွဲ့တွေအပေါ် အပြစ်ဖို့

ဓာတ်ပုံ ရင်းမြစ်, Nikolay KORZHOV /AFPTV /AFP

ဓာတ်ပုံ ပုံစာ, အရပ်သားတွေသေဆုံးတာကို အစိုးရလိုလားတဲ့တပ်ဖွဲ့တွေအပေါ် အပြစ်ဖို့

သဘောတူညီချက်တစ်ခု ရထားပြီးပြီဖြစ်လို့ လက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်လို့လည်း သူကပြောပါတယ်။

တာလီဘန်တွေအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာပြဖို့ တိုက်ခိုက်တာတွေကို ရပ်တန့်တာမျိုး ဘာကြောင့် မပြနိုင်လဲဆိုတာကို ဘီဘီစီက မေးမြန်းရာမှာတော့ ပြည်ပတပ်ဖွဲ့တွေဘက်ကလည်း ပြသဖို့လိုတယ်လို့ သူက တုံ့ပြန်ပါတယ်။

ဒါ့ပြင် အရပ်သားတွေသေဆုံးရတာနဲ့ပတ်သက်လို့ အစိုးရလိုလားတဲ့တပ်ဖွဲ့အပေါ် သူက အပြစ်တင်ထားပါတယ်။

အခုလ အစောပိုင်းတုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒိုဟာမြို့မှာပြုလုပ်နေတဲ့ တာလီဘန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရုတ်တရက် ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီကာလ ဆွေးနွေးချိန်တုန်းကတော့ အာဖဂန်နိုင်ငံထဲက အမေရိကန်တပ်သား ထောင်ချီကို ပြန်ရုတ်သိမ်းဖို့ မူအားဖြင့်သဘောတူနိုင်ခဲ့ပြီး သမ္မတထရမ့်အတည်ပြုဖို့ ကျန်နေသေးတယ်လို့ အမေရိကန်ဘက်က ညှိနှိုင်းရေးမှူးက ပြောခဲ့ပါတယ်။

(၄) အစ္စရေးမှာ ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ခြေရှိလာ

အစ္စရေးနိုင်ငံမှာတော့ မနေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုကို အဓိကယှဉ်ပြိုင်နေသူ ဘန်နီဂန့်ဇ်က အမျိုးသားစည်းလုံးညီညွတ်ရေး ရှေးရှုတဲ့ အစိုးရတပ်ရပ် ပေါ်လာနိုင်ရေး လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

တရားဝင်မဲရလဒ် မထွက်လာသေးပေမယ့် မဲပေးသူတွေကို ကြိုတင်စစ်တမ်းကောက်ယူချက်အရ ဘန်နီဂန့်ဇ်ရဲ့ ဗဟိုမဟာမိတ်အဖွဲ့က မစ္စတာ နေတန်ယာဟုရဲ့ လီခွတ်ပါတီထက် အနည်းငယ် မဲအသာရနေလို့ နှစ်ဖက် ညွန့်ပေါင်းအစိုးရ ဖွဲ့ရနိုင်ခြေမှာ ရှိနေပါတယ်။

ငါးကြိမ်မြောက်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နိုင်ဖို့ကြိုးပမ်းနေတဲ့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု(ဝဲ) နဲ့ သူ့ပြိုင်ဘက် ဘန်နီဂန့်ဇ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ငါးကြိမ်မြောက်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နိုင်ဖို့ကြိုးပမ်းနေတဲ့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု(ဝဲ) နဲ့ သူ့ပြိုင်ဘက် ဘန်နီဂန့်ဇ်

မစ္စတာနေတန်ယာဟု ဘက်ကတော့ သူ့ပြိုင်ဘက်ရဲ့ပြောဆိုချက်ကို တိုက်ရိုက် တုံ့ပြန်ပြောဆိုထားတာမျိုး မရှိသေးပါဘူး။

အစ္စရေးမှာ ဧပြီလတုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် မနိုင်ခဲ့လို့ ညွန့်ပေါင်းအစိုးရဖွဲ့ရေးကို ဝန်ကြီးချုပ် ညှိနှိုင်းခဲပေမယ့် မအောင်မြင်ခဲ့လို့ လပိုင်းအတွင်း ရွေးကောက်ပွဲ နောက်တစ်ကြိမ် ပြန်ကျင်းပခဲ့ရတာပါ။