အာကာသထဲလမ်းလျှောက်မယ့် လူသားစက်ရုပ်နဲ့ စနေညချမ်း ထိပ်တန်း သတင်းများ

ရေးသားခဲ့သည်။

ဟောင်ကောင် ဆန္ဒပြပွဲက သီတင်းပတ် တပတ်လောက် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေရာကနေ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

ရဲတွေက ဆန္ဒပြသူတွေကြား တိုးဝင်ဖြိုခွဲတာတွေလုပ်ခဲ့ပြီး မျက်ရေယိုဗုံးတွေနဲ့လည်း ပစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း ခဲတွေနဲ့ ပြန်ပစ်ပေါက်ကြပါတယ်။

ခွန်တန်စက်မှုဇုန်ဘက်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ လမ်းတွေကို ပိတ်ခဲ့ကြပြီးတဲ့နောက် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ဆန္ဒပြပွဲ နေရာမှာရှိတဲ့ မြေအောက်ရထားဘူတာ လေးခုကလည်း ဆန္ဒပြတဲ့အနေနဲ့ ပိတ်ခဲ့ပါတယ်။

ဆန္ဒပြမှုတွေရှည်ကြာလာပေမယ့် ပြည်မကြီးအစိုးရနဲ့ ဟောင်ကောင်က အုပ်ချုပ်သူတွေ အနေနဲ့ ဆန္ဒပြတာတွေကို နိုင်ငံရေးအရအဖြေရှာနိုင်ရေး လုပ်တာမျိုး ထင်သာမြင်သာမတွေ့ရသေးပါဘူး။

အိန္ဒိယက အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင် ရာဟူးဂန္ဒီကို အစိုးရ အာဏာပိုင်တွေက အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယား ကို မသွားနိုင်အောင် တားဆီးနေပါတယ် ။

ကက်ရှ်မီးယား ထဲက ဆရီနီဂါမြို့ကို ပိတ်ပင်ထားတဲ့ကြားက မစ္စတာ ရာဟူးဂန္ဒီ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါတဲ့အဖွဲ့ ဆိုက်ရောက်အောင် သွားပေမယ့် သူနဲ့အဖွဲ့ကို အာဏာပိုင်တွေက အဲဒီမြို့ လေဆိပ်ထဲကနေ မထွက်နိုင်အောင် ပိတ်ထားကြောင်း သတင်းထောက်တွေက ပြောပါတယ်။

အိန္ဒိယအစိုးရက ကက်ရှ်မီးယားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရုပ်သိမ်း လိုက်တဲ့ လွန်ခဲ့တဲ့ သီတင်းပတ်ပိုင်းတွေက စပြီး ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ထူထပ်စွာချထားပါတယ်။

အမေဇုန် မုတ်သုန်သစ်တောထဲမှာ လောင်နေတဲ့ တောမီးအတော်များများကို ငြှိမ်းသတ်ရာမှာ ကူညီပေးဖို့အတွက် ဘရာဇီး သမ္မတ ဂျာရဲ ဘိုလ်ဆွန်နာရူက စစ်တပ်ကို ညွှန်ကြားစေခိုင်းလိုက်ပါတယ်။

တောမီးဆိုတာ နိုင်ငံတိုင်းမှာ ဖြစ်နိုင်ပြီး အရေးယူပိတ်ဆို့တာတွေ လုပ်ဖို့ တောမီးကို အကြောင်းပြတာမျိုးမဖြစ်သင့် ဘူးလို့ သူက ဆိုပါတယ်။

ဥရောပကောင်စီ ဥက္ကဋ္ဌ တာဝန်ပြီးဆုံးတော့မယ့် ဒေါ်နယ်တုစ် က အခု လုပ်မယ့် ဂျီ ဆဲဗင်း ထိပ်သီးအစည်းအဝေးဟာ ကမ္ဘာ့ထိပ်သီးစက်မှုနိုင်ငံတွေကြား သဟဇာတ ပြန်လည်ဖြစ်အောင် လုပ်နိုင်ဖို့အတွက် နောက်ဆုံးအခွင့်အရေးပဲလို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံ ဗျားရစ်ဇ် မြို့မှာ လုပ်တဲ့ ဂျီ ဆဲဗင်းအစည်းအဝေး မှာ သူက ဒီအဖွဲ့အနေနဲ့ ဘုံဖြေရှင်းချက်တွေကို မချနိုင်ဘူးဆိုရင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ ဖြစ်တဲ့ လစ်ဘရယ် ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရတာ၊ အမေဇုန် သစ်တောမီး၊ ကုန်သွယ်ရေးစစ်ပွဲ ၊ နျူကလီးယား ပြိုင်ဆိုင်မှု စတဲ့ တကယ့်ကိုပဲ ကြီးကြီးမားမား စိန်ခေါ်မှုတွေ ကြုံရမယ် လို့ ဆိုပါတယ်။

ဆူဒန်သမ္မတဟောင်း အိုလ်မာ အယ် ဘာရှားကို လာဘ်စားမှု နဲ့ တရားစီရင်နေတဲ့ ခါတွမ်းမြို့တော်က တရားရုံးမှာ သမ္မတဟောင်းကို ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပါတယ်။

သူ့ရှေ့နေက တရားသူကြီးကို သူ့အတွက်အာမခံပေးဖို့ လျှောက်ခဲ့ပါတယ်။

အာမခံ ပေးမပေး ဆုံးဖြတ်ချက်ကို ဒီနေ့ ဒေသစံတော်ချိန် အရ နောက်မကြာခင် ချပေးနိုင်မယ်လို့ မှန်းဆနေကြပြီး သမ္မတဟောင်းကိုတော့ အကျဉ်းထောင်ကို ပြန်ခေါ်သွားပါပြီ။

တရားရုံးရှေ့ကို စုဝေးရောက်ရှိလာတဲ့ ဆန္ဒပြသူတွေကလည်း မစ္စတာ ဘာရှားဟာ လူတွေများစွာ သေကြေခဲ့ရတဲ့ ပဋိပက္ခတွေအတွက် တာဝန်ရှိသူလို့ ဆိုကာ သူ့ကို အရေးယူဖို့တောင်းဆိုခဲ့ကြပါတယ် ။

ဒုတိယကမ္ဘာစစ်ပြီးချိန်က ကြည့်ရင် ဂျပန် ခေါင်းဆောင်တွေထဲ ခေါင်းဆောင် ရှင်ဇိုအာဘေး ဟာ ဝန်ကြီးချုပ်သက်တန်း အရှည်ကြာဆုံးတာဝန်ထမ်းဆောင်သူ ဖြစ်လာပါပြီ။

သူက သူ့ ဘိုးလေး ဖြစ်သူ အီဆကာကု ဆာတို တင်ထားခဲ့တဲ့ စံချန်ကို ချိုးလိုက်ပါတယ်။

ဝန်ကြီးချုပ် အာဘေးဟာ ၂၀၁၂ မှာ ဒုတိယအကြိမ်ဝန်ကြီးချုပ်တာဝန်ကို ယူခဲ့တာပါ။

လူသားပုံစံ humanoid robot ကို သယ်ဆောင်သွားခဲ့တဲ့ ရုရှား လူမဲ့အာကာသ ယာဉ်ဟာ နိုင်ငံတကာ အာကာသစခန်းမှာ ပထမဆုံးအကြိမ် အလိုအလျောက် ဆိုက်ကပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အမေရိကန် အာကာသ အေဂျင်စီ နာဆာ က ယာဉ်ဟာ စခန်းမှာ မဆိုက်ကပ်နိုင်တဲ့အတွက် အစီအစဉ်ကို ဖျက်ထားပြီး တနင်္လာနေ့ကျမှ ထပ်ကြိုးစား ဖို့ ရုရှား တာဝန်ရှိသူတွေက စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အောင်မြင်ရင် ဖိရိုဒါ လို့အမည်ရတဲ့ အဲဒီ လူသားစက်ရုပ်က အာကာသထဲလမ်းလျှောက်ဖို့ မျှော်လင့်ထားကြပါတယ်။