ဗစ်တိုးရီးယားအမှု ရန်ကုန်မှာလူထောင်ချီပြီး ဆန္ဒပြ

ရန်ကုန်မှာ အခု ရက်ပိုင်း ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်လိုလိုရှိတတ် ပါတယ်။
များသောအားဖြင့် ဆန္ဒပြပွဲ တွေဟာ ရာဂဏန်းဝန်းကျင်လောက်ပဲရှိတတ်ပေမဲ့ ဇူလိုင်လ ၆ ရက်နေ့ ကတော့ တစ်နိုင်ငံလုံးက စိတ်ဝင်စားနေကြတဲ့ နေပြည်တော်မူကြိုကျောင်းတစ်ခုမှာ ဖြစ်ခဲ့တဲ့ သက်ငယ်မုဒိန်းမှု အတွက် တရားမျှတမှု ရရှိဖို့ တောင်းဆိုတဲ့လူတွေ ထောင်နဲ့ချီပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ကျောက်တော်ကြီး ဘုရားရှေ့ ကနေ နှစ်မိုင်ကျော်လောက် အကွာမှာရှိတဲ့ အင်းစိန် စီအိုင်ဒီရုံး ရှေ့ကိုထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ က မနက်ကိုးနာရီခွဲက စပြီးချီတက် ဆန္ဒပြခဲ့တာပါ။
ဗစ်တိုးရီးယား အမှုတရားမျှတမှုရရှိရေး တောင်းဆိုကြတဲ့ ရန်ကုန် ဆန္ဒပြပွဲက ဒီနှစ်ပိုင်းတွေထဲမှာတော့ ပြည်သူတွေကိုယ်တိုင် အများဆုံးပါဝင် ဆန္ဒပြတဲ့ပွဲ တခုလည်းဖြစ်တယ်လို့ ရန်ကုန်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဇူလိုင်လ ၅ရက်နေ့ ညနေပိုင်းက နေပြည်တော် သမ္မတအိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အပြီးမှာတော့ ဗစ်တိုးရီးယား အမှု အမှုမှန်ပေါက်ဖို့နဲ့ တရားမျှတမှုရှိဖို့တောင်းဆိုမှုတွေ ထပ်မံ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေး ဖက်ကို သံသယရှိကြတယ်လို့ ဆန္ဒပြသူတချို့က ဘီဘီစီကို ပြောပါတယ်။
အဲဒီ ဆန္ဒပြ အဖွဲ့တွေက Wisdom Hill ကျောင်းက အသက် ၃ နှစ်အောက် ကလေးငယ်မိန်းကလေး အဓ္ဓမ ပြုကျင့်ခံရတဲ့ အမှုမှာ တရားမျှတမှု ရှိဖို့၊ ကလေးသူငယ်တွေအတွက် လုံခြုံတဲ့ ပတ်ဝန်ကျင်ဖော်ဆောင်ပေးဖို့၊ နောက်ထပ် တခြားကလေးငယ်တွေ ဗစ်တိုးရီးယားလို အဖြစ်ဆိုးမျိုး မကြုံရစေဖို့ စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်တောင်းဆို ဆန္ဒပြ ကြတာပါ။
ဆန္ဒပြပွဲကို ရန်ကုန်ရဲ့ မြို့နယ်အနှံ့က လူတွေလာရောက်ကြ သလို ဆန္ဒပြသူ တွေထဲမှာ အမျိုးသား အမျိုးသမီး လူငယ်လူရွယ်၊ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းပါ မကျန် အသက်ရွယ်စုံ ပါဝင်တာ တွေ့ရတယ်လို့ ရန်ကုန်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
တချို့ဆန္ဒပြသူတွေဆို ကလေးငယ်တွေကိုပါ ခေါ်လာကြပြီး မိသားစုလိုက်လာကြတဲ့ ပုံမျိုး တွေ့ရပါတယ်။
မနက် ၁၀နာရီခွဲကျော် အချိန် အင်းစိန် စီအိုင်ဒီ ရုံးရှေ့ကို ရောက်တဲ့အခါ ဗစ်တိုးရီးယား အမှုမှာ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပြီး ၁၁ နာရီလောက်မှာ ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ ပါတယ်။

လက်ရှိ ဗစ်တိုးရီးယားအမှုမှာ Wisdom Hill ကျောင်းအုပ်ရဲ့ ကားမောင်းတဲ့ အောင်ကြီးကို ကျူးလွန်သူလို့ ယူဆပြီး သံသယ တရားခံအဖြစ် စီအိုင်ဒီက တရာရုံးကိုတင်သွင်းထားပါတယ်။
အောင်ကြီးရဲ့ မိသားစုဝင် တွေကတော့ သူသားက ကျူးလွန်ခဲ့တာမရှိတဲ့အပြင် စီအိုင်ဒီက စတင်စစ်တဲ့ အချိန်ကတည်းက DNA လည်း ကွဲလွဲတာမို့ ပြန်လွှတ် ပေးခဲ့ဖူးပြီး အခုမှ ပြန်ဖမ်းခံရတာလို့ ဘီဘီစီကို ပြောထားပါတယ်။
ကလေးနဲ့ပတ်သက်တဲ့ ဆေးစာ ပြန်ကြားချက်၊ သံသယ တရားခံ အောင်ကြီးရဲ့ အတွင်းခံ ဘောင်းဘီမှာတွေ့တဲ့ သုတ်ပိုး၊ ကျူးလွန်တဲ့နေရာကို တရားခံ ရောက်ခဲ့တဲ့ စီစီတီဗီတွေ့ ရှိချက်၊ ပြုကျင့်သူက အောင်ကြီးပါလို့ ကလေးငယ် ကိုယ်တိုင်ပြောကြားချက်တွေ ကြောင့် အောင်ကြီးကို တရားစွဲတင် ခဲ့တာလို့ ဒုရဲချုပ်အောင်နိုင်သူက ဇူလိုင်လ ၅ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဗစ်တိုးရီးယား အမှုနဲ့ပက်သက်ပြီး တရားမျှတမှုရရှိဖို့ တောင်းဆို ဆန္ဒပြမှုတွေ ပြည်မြို့နဲ့တောင်ကြီးမြို့တို့မှာလည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ဇူလိုင်လ ၈ရက်နေ့ ကျရင်လည်း ဗစ်တိုးရီးယား အမှုနဲ့ပက်သက်ပြီး တရားမျှတမှု ရရှိဖို့ အမှုမှန်ပေါ်ဖို့ စတာတွေအတွက် မန္တလေးမှာလည်း လူထောင်ချီပါဝင်ပြီး ဆန္ဒပြကြမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။








