ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ တကယ် အလုပ် လုပ်မယ့် သူတွေ ပါဝင်နိုင်ဖို့လို

ဓာတ်ပုံ ရင်းမြစ်, YCDC
လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ကျင်းပဖို့ ကြေညာထားတဲ့ ရန်ကုန် မြို့တော် စည်ပင်ရွေးကောက်ပွဲမှာ တကယ် အလုပ်လုပ်မယ့်လူတွေ ပါလာဖို့ မျှော်လင့်ပြီး စည်ပင်ဥပဒေကို တိတိကျကျ ကိုင်တွယ်ပေးမယ့် လူတွေလိုတယ်လို့ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောလိုက်ပါတယ်။
"မြို့နယ်အဆင့်တွေမှာ အောက်ခြေအဆင့်တွေမှာ ပြည်သူလူထုတွေအနေနဲ့ စည်ပင်သာယာရေးနဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှုကို ပိုပြီးတော့ ကောင်းစေချင်တယ်၊ အမှိုက်သိမ်းစနစ်ကို ကောင်းစေချင်တယ်၊ လမ်းဘေးမှာရှိတဲ့ မီးစက်ကြီးတွေကို မရှိစေချင်ဘူး၊ လမ်းဘေးမှာ ကျူးနေတဲ့ ဈေးသည်တွေကို မရှိစေချင်ဘူး" လို့ လွှတ်တော် အမတ် ဦးဘိုဘိုဦးက သူ့ အမြင်နဲ့ လိုလားချက်ကို ပြောပါတယ်။
မကြာခင်ရက်ပိုင်းကလည်း ဦးဘိုဘိုဦးဟာ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ စမ်းချောင်းမြို့နယ်က အိမ်တစ်အိမ်မှာ မိလ္လာရေတွေ မြောင်းထဲစီးဆင်း နေတဲ့ကိစ္စကို သက်ဆိုင်ရာ မြို့နယ်စည်ပင်နဲ့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာမှာ ဌာနဆိုင်ရာက လုပ်ဆောင်မပေးတဲ့အတွက် ရန်ကုန်မြို့တော်ဝန်ကို တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီး မီဒီယာတွေမှာ ဝေဖန်ပြောကြားခဲ့ဖူးပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲအတွက် ဦးစီးပေးမယ့် ရွေးကောက်ပွဲ ကော်မရှင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုလ ၃ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။
ဒီရွေးကောက်ပွဲကို ရန်ကုန်တိုင်း စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှာရှိတဲ့ မြို့နယ် ၃၃ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်သူတွေဟာ ဇန်နဝါရီ ၁၈ ရက်နေ့ကစပြီး ၁၀ ရက်အတွင်း အဆိုပြုလျှောက်လွှာတွေကို တင်သွင်းရမှာဖြစ်ပါတယ်။
မဲဆန္ဒနယ်ခြောက်ခုကို လူဦးရေ အချိုးအတိုင်း ခွဲခြားသတ်မှတ်ထားတာကြောင့် တချို့ မဲဆန္ဒနယ်တွေမှာ မြို့နယ် ၁၀ ခုအထိ ပါပြီး တချို့ မဲဆန္ဒနယ်တွေမှာတော့ မြို့နယ်လေးခုခန့်ပါဝင်ဖွဲ့စည်းထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
ဒီမဲဆန္ဒနယ် ခြောက်ခုထဲက ကိုယ်စားလှယ်လောင်း ၆ ယောက်ကို ပြည်သူတွေက ရွေးချယ်ရမှာဖြစ်ပြီး အဲဒီထဲက ၁ ဦးကိုတော့ ဒုတိယမြို့တော်ဝန်အဖြစ် စုပေါင်းကော်မတီဝင် ၁၀ ဦးက မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။




