ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေးစစ်သားဟောင်း ပုဒ်မ ၅၀၅ ခနဲ့ စွဲချက်တင်ခံရ
ကိုအောင်ကိုထွေးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ စွဲချက်တင်ဖို့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးကနေ အမိန့်ချမှတ်လိုက်ပါတယ်။
ကလေးစစ်သား ဘ၀အကြောင်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက RFA သတင်းဌာနကို ဖြေကြားခဲ့တာနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ စကားလုံးတွေ ပြောဆိုခဲ့တယ်ဆိုပြီး အခုလို တရားစွဲဆို ခံထားရတာလည်း ဖြစ်ပါတယ်။
ကိုအောင်ကိုထွေးရဲ့ အစ်မ မနေဇာထွန်းကတော့ တရားမျှတမှုကို မျှော်လင့်နေကြောင်းနဲ့ လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ နေပြည်တော်မှာ ဆန္ဒထုတ်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။
ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုချက် ရပြီဆိုပေမယ့် နဂိုမူရင်းတင်တဲ့ ကြွေးကြော်ချက် ၈ ချက်ထဲက ၄ ချက်ပဲ ခွင့်ပြုပြီးတော့ စစ်တပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ စကားလုံးတွေကိုတော့ ခွင့်မပြုဘူးလို့ မနေဇာထွန်းက ပြောပါတယ်။
ဒီအမှုကို လာမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထပ်မံစစ်ဆေးသွားမှာ ဖြစ်ပြီး တရားခံဘက်က သက်သေအဖြစ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စာရင်းသွင်းထားတယ်လို့ ကိုအောင်ကိုထွေးရဲ့ ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောပါတယ်။
ဒီအမှုဟာ ပြစ်ဒဏ်ထင်ရှားရင် ထောင်ဒဏ် ၂ နှစ် အထိ ချခံရနိုင်ဖွယ်ရှိပြီး ကိုအောင်ကိုထွေးကို ပြန်လွှတ်ပေးဖို့ လူမှုရေး အဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့တွေက တောင်းဆိုနေပါတယ်။
အခုဆိုရင် အသက် ၂၆ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ကိုအောင်ကိုထွေးဟာ စစ်တပ်ထဲကို စရောက်ခါစက ၁၃ နှစ်ကျော်ပဲ ရှိပါသေးတယ်။
သူဟာ ၂၀၀၅ ခုနှစ်က ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး တပ်ထဲမှာ ၂ နှစ်လောက် နေခဲ့ရတယ်လို့လည်း သိရပါတယ်။
တပ်က ထွက်ပြေးစဉ် ရာဇ၀တ်မှု တစ်ခုနဲ့ ထောင်ဒဏ်ကျ ခံခဲ့ရပြီး ၂၀၀၇ ခုနှစ် ဇူလိုင်လမှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။