ဒေါ်နယ်ထရမ့် - တရားရုံးကြားနာမှုမတိုင်ခင် လုံခြုံရေးတင်းကြပ်

    • ရေးသားသူ, မက်စ် မက်ဇာ နဲ့ ဆာရာစမစ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း
  • ရေးသားခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ပြောင်းလဲဖို့ကြံစည်ခဲ့တယ်ဆိုတဲ့စွပ်စွဲခံရမှုအတွက် ကြာသပတေးနေ့မှာ တရားရုံးမှာကြားနာကို တက်ရောက်ရဖို့ရှိနေပါတယ်။

စွပ်စွဲခံရုံးတင်ခံရဖို့ရှိနေချိန်မှာပဲ မစ္စတာ ထရမ့်က ဒီအမှုဟာ လက်ရှိတာဝန်ယူဆဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ ''အဂတိမှု၊ မကောင်းသတင်းနဲ့ မစွမ်းဆောင်နိုင်မှု'' တွေကို ပြသနေတာလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

မစ္စတာထရမ့်ဟာ လာမယ့်နှစ်မှာ အိမ်ဖြူတော်မှာ သမ္မတဖြစ်လာဖို့ စည်းရုံးလှုံ့ဆော်တာတွေလုပ်နေချိန်မှာပဲ တခြားရာဇဝတ်မှု ၂ ခုကိုလည်း ရင်ဆိုင်နေရပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်မှာတော့ ကြာသပတေးနေ့ကြားနာမှုအတွက် လုံခြုံရေးတွေ တိုးမြှင့်ထားပါတယ်။

မစ္စတာထရမ့်အပေါ် စွဲချက်တင်ပြီလို့ တရားဝင်ကြားနာမယ့် ဖက်ဒရယ်တရားရုံးရှေ့ မှာတော့ သတ္တုတန်းအဟန့်အတားတွေ နေရာချထားလိုက်ပြီဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို ဒေါသထွက်ခဲ့ကြတဲ့ ထရမ့်ကိုထောက်ခံသူတွေ ဝင်ရောက်စီးနင်းမှုတွေလုပ်ခဲ့ရာ အမေရိကန်လွှတ်တော်အဆောက်အအုံတွေရဲ့ ပတ်ဝန်းကျင်မှာလည်း အလားတူ ဟန့်တားတာတွေလုပ်ထားပါတယ်။

အမေရိကန်သမ္မတနဲ့ သမ္မတဟောင်းတွေကို လုံခြုံရေးပေးတဲ့ သက်တော်စောင့်အဖွဲ့ကလည်း ဝါရှင်တန်ဒီစီမြို့တော်အလယ်ပိုင်းမှာ ယာယီယာဥ်ကြောပိတ်ဆို့နိုင်မှုအခြေအနေကို လူထုကို သတိပေးထားပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကတော့ လွှတ်တော်အဆောက်အုံမှာ ပစ်ခတ်မှုဖြစ်နေတယ်ဆိုပြီး အရေးပေါ်ဖုန်းခေါ်ဆိုမှုအတုတစ်ခုကြောင့် အထက်လွှတ်တော်အဆောက်အအုံ ၃ ခုကို ဝင်ထွက်သွားလာမှု ပိတ်ခဲ့ပြီး ရဲတွေအများကြီးလည်းဖြန့်ကြက်ခဲ့ရပါတယ်။

ဒီအရေးပေါ်တပ်လှန့်မှုနဲ့ပတ်သတ်ပြီး သတင်းထောက်တွေကို ပြောကြားရာမှာတော့ အမေရိကန်လွှတ်တော်ရဲတပ်ဖွဲ့အကြီးအကဲ တွန်မန်ဂျာက ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်နှစ်ခွဲတုန်းက ဆူပူသူတွေနဲ့ ထိပ်တိုက်တွေ့ဖူးခဲ့အတွေ့အကြုံရှိထားပြီးဖြစ်ပြီး သေနတ်သမားတစ်ဦးဦးရဲ့ပစ်ခတ်တိုက်ခိုက်မှုခံရတဲ့အခါ ဘယ်လိုတုံ့ပြန်ဖြေရှင်းမယ်ဆိုတာကိုလည်း လေ့ကျင့်ထားပြီးပြီလို့ ပြောပါတယ်။

မစ္စတာထရမ့်ရဲ့အမှုမှာ ပါဝင်တဲ့တရားသူကြီးတွေကို ကာကွယ်‌ပေးရေးကိုလည်း တိုးမြှင့်ထားတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

အဲဒီထဲမှာ တရားသူကြီး တန်ညာ ချက်ခန်လည်း ပါဝင်ပြီး မစ္စတာထရမ့်ရဲ့အမှုကို ကိုင်တွယ်ဖို့ တာဝန်ပေးခံရကတည်းက ကောင်းကောင်းအိပ်လို့မပျော်တဲ့အကြောင်း တရားသူကြီးက သီးခြားအမှုတစ်ခုက ရှေ့နေတစ်ဦးကို ပြောထားဖူးပါတယ်။

အဲဒီရှေ့နေက ''ဘေးကင်းအောင်နေပါ'' လို့ တရားခွင်တစ်ခုထဲမှာ တုံ့ပြန်ခဲ့သလို မစ္စချက်ခန်ကလည်း ''ကြိုးစားနေပါ့မယ်'' လို့ ပြန်ပြောခဲ့ပြီး ''မြို့ပြင် ခရီးထွက်ချင်တဲ့အခါ ထွက်လို့ရအောင်'' အလုပ်ဇယားတွေကို ရှင်းထားဦးမှပဲလို့ ဟာသနှော ပြန်ပြောထားပါတယ်။

အသက် ၇၇ နှစ်အရွယ် မစ္စတာ ထရမ့်ဟာ ဝါရှင်တန်ဒီစီမြို့တော်က ဖက်ဒရယ် တရားရုံးကို အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ကြာသပေတေးနေ့ ညနေ ၄ နာရီမှာ လာရောက်ရဖို့ရှိပါတယ်။

မစ္စတာထရမ့်က သူ့မှာအပြစ်မရှိကြောင်း ရုံးတော်ကို ထွက်ဆိုနိုင်ချေရှိပါတယ်။

တရားခွင်ကို ဗီဒီယိုကနေတဆင့် အဝေးရောက်အနေနဲ့ တက်ရောက်လို့ရပေမဲ့ လူကိုယ်တိုင်တက်ရောက်မယ်လို့ ဘီဘီစီက နားလည်ထားရပါတယ်။

မစ္စတာ ထရမ့်က နယူးဂျာစီပြည်နယ်က သူ့ရဲ့ ဂေါ့ဖ်ကွင်းကိုရောက်ချိန် သူ့ရဲ့ Truth လူမှုကွန်ရက်မှာ စာလုံးအကြီးတွေနဲ့ရေးသားတဲ့ ပို့စ်တစ်ခုမှာတော့ သူ့ကိုထောက်ခံသူတွေကို '' အရင်တုန်းက ဒီလိုအားပေးထောက်ခံမှုမျိုး မရဖူးဘူး'' လို့ ရေးပါတယ်။

နောက်ထပ် ပို့စ်တွေမှာတော့ သူ့ရဲ့ ရီပတ်ပလင်ကန်ပါတီအတွင်းက သမ္မတလောင်းတွေဖြစ်လာနိုင်တဲ့ ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်နဲ့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်တစ် တို့ကို တိုက်ခိုက်တဲ့စာ‌တွေ ရေးထားပါတယ်။

မစ္စတာပန့်စ်ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တုန်းက မစ္စတာဘိုင်ဒန်ရဲ့ရွေးကောက်ပွဲအနိုင်ရမှုကို ကွန်ဂရက်စ် လွှတ်တော်က အတည်ပြု ကြေညာတာမျိုး မလုပ်အောင် ဥပဒေကြောင်းအရ ဟန့်တားနိုင်တဲ့ အာဏာရှိခဲ့တယ်လို့ ကာကွယ်ပြောဆိုပါတယ်။ အဲဒီနေ့မှာပဲ ထရမ့်ကိုထောက်ခံသူတွေက လွှတ်တော်အဆောက်အအုံထဲ စီးနင်းတာတွေလုပ်ခဲ့လို့ လွှတ်တော်အစည်းအဝေးအစီအစဥ် ပျက်ပြားခဲ့ရပါတယ်။

စွဲချက်ထဲမှာတော့ မစ္စတာထရမ့်ဟာ စွဲချက် ၄ ခုအထိ ရင်ဆိုင်နေရပြီး အဲဒီထဲမှာ နိုင်ငံသားတွေရဲ့ရပိုင်ခွင့်ကို ဆန့်ကျင်ဖို့ မျက်မြင်သက်သေတစ်ဦး၊ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်တစ်ခုနဲ့ အမေရိကန်ကို လိမ်လည်ဖို့ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်လည်း ပါဝင်ပါတယ်။

ဒီရပိုင်ခွင့်ဟာ လွတ်လပ်သွားတဲ့ကျွန်တွေ လူမှုအသိုက်အဝန်းနဲ့ပေါင်းစည်းတဲ့အခါ ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့ အမေရိကန်ပြည်တွင်းစစ်အပြီးမှာ ပြန်လည်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

ဥပဒေရေးရာကျွမ်းကျင်သူတွေကတော့ ဒီလိုစွဲချက်တင်တာဟာ အာဖရိကန်-အမေရိကန်မဲဆန္ဒရှင်တွေ အများစုရှိရာ ကျေးလက်ဒေသတွေက မဲရလဒ်တွေကို ပြောင်းလဲအောင် အားထုတ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

တစ်ဖက်မှာလည်း မစ္စတာထရမ့်ရှေ့နေတွေက ဥပဒေကြောင်းအရ ခုခံကာကွယ်မယ့်ဗျူဟာကို အရိပ်အမြွက်ပြောနေပါတယ်။

ရှေ့နေ ဂျွန် လော်ရိုကတော့ မစ္စတာထရမ့်ဟာ အမေရိကန်ဖွဲ့စည်းပုံ ပထမပြင်ဆင်ချက်မှာ ပေးထားတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရ အကာအကွယ်ရပိုင်ခွင့်ရှိတယ်ဆိုတာကို ကြားနာမှုမှာ ချေပသွားမယ်လို့ NBC သတင်းဌာနရဲ့ Today ရုပ်သံအစီအစဥ်မှာ ပြောထားပါတယ်။

''စွဲချက်တင်တဲ့ကိစ္စက ရာဇဝတ်ဖြစ်အောင်လုပ်တဲ့မိန့်ခွန်းပါ'' လို့ မစ္စတာ လော်ရိုက ပြောပါတယ်။

မစ္စတာထရမ့်ရဲ့ ရှေ့နေအဖွဲ့ကတော့ သူတို့အမှုသည်အနေနဲ့ ခုခံကာကွယ်ခွင့်ကောင်းကောင်းလုပ်နိုင်ဖို့ အချိန်လိုအပ်တယ်လို့ ‌ပြောရင်း တရားလိုရှေ့နေတွေဘက်က တရားခွင်ကို မြန်မြန်ပြုလုပ်ချင်နေတာကိုလည်း တင်းခံနေကြပါတယ်။

အမေရိကန်တရားရုံးတွေကို စောင့်ကြပ်တဲ့ ပြည်ထောင်စုအဆင့်တရားဥပဒေစိုးမိုးရေးအေဂျင်စီ US Marshals Service ရဲ့ပြောခွင့်ရသူတော့ မစ္စတာထရမ့်ကို လက်ဗွေယူတာ၊ မွေးနေ့နဲ့ လူမှုဖူလုံရေးကတ် နံပါတ်မေးမြန်းတာမျိုးလို အခြေခံအချက်အလက်တွေကို မေးသွားဖို့ရှိတယ်လို့ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

ကြာသပတေးနေ့မှာပြုလုပ်ဖို့ရှိတဲ့ အမေရိကန်လွှတ်‌တော် အဆောက်အအုံကို စီးနင်းမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရသူအတော်များများရဲ့ ကြားနာမှုတွေကိုတော့ ရုံးချိန်းရွှေ့ထားပါတယ်။

မစ္စတာ ထရမ့်ဟာ လာမယ့် ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ပလင်ကန်ပါတီဘက်ကနေ သမ္မတလောင်းဖြစ်လာနိုင်ဖို့ တစ်ပြေးနေသူဖြစ်ပါတယ်။

ကွန်ဂရက်စ်လွှတ်တော်ထဲက ရီပတ်ပလင်ကန်ပါတီအမတ်တွေကလည်း သူ့ကို ဝန်းရံနေကြပြီး သမ္မတဟောင်းထရမ့်အပေါ် အခုနောက်ဆုံးပြုလုပ်ထားတဲ့စွဲချက်ဟာ ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်မှု မြောက်နေတယ်ဆိုတဲ့အကြောင်း မစ္စတာထရမ့်လို တလေသံတည်း ထွက်လာနေကြပါတယ်။

ရွေးကောက်ပွဲကနေ အိမ်ဖြူတော်ကို သွားနိုင်ဖို့ ရုန်းကန်နေရတဲ့ ဒုတိယသမ္မတဟောင်း မစ္စတာ ပန့်စ်ကလည်း အင်ဒီယားနားပြည်နယ်ပွဲတော်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိချိန်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှာ ''သူ့တာဝန်ကို ထမ်းဆောင်ခဲ့တယ်''လို့ ပြောထားပါတယ်။

"ဝမ်းနည်းစရာကောင်းတာက သမ္မတဘေးမှာ ဝိုင်းနေတဲ့သူတွေက သမ္မတကြားချင်တဲ့အကြောင်းအရာတွေကိုပဲ ပြောနေကြတဲ့ ခပ်ကြောင်ကြောင်ရှေ့တွေဖြစ်နေတယ်'' လို့ သူကပြောသလို ''သမ္မတဟာ ကျွန်တော့်ကို ဖွဲ့စည်းပုံထက် သူ့ကိုရွေးဖို့ တိုက်တွန်းနေခဲ့တယ်''

စာမျက်မှာ ၄၅ ရွက်အထိ ရှိတဲ့ စွဲချက်မှာတော့ အမေရိကန်လွှတ်‌တော်အဆောက်အအုံမှာ ဆူပူမှုမဖြစ်ခင်ရက်တွေနဲ့ အဲဒီနေ့အထိ မစ္စတာ ပန့်စ် သိမ်းထားခဲ့တဲ့ သမ္မတနဲ့ သူ့ကြားက စကားပြောဆိုမှု မှတ်စုတွေလည်း ပါဝင်ပါတယ်။

မစ္စတာထရမ့်ဟာ လျှို့ဝှက်စာရွက်စာတမ်းတွေကို လွဲမှားစွာကိုင်တွယ်မှုနဲ့ အပြာမင်းသမီးတစ်ဦးကို နုတ်ဆိတ်ခငွေပေးခဲ့တာကို ဖုံးကွယ်ဖို့ စီးပွားရေးမှတ်တမ်းအမှားတွေပြုလုပ်မှု အမှု ၂ ခုနဲ့ တရားစွဲခံထားရပြီးဖြစ်ပါတယ်။

ဂျော်ဂျီယာပြည်နယ်က အစိုးရရှေ့နေတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်ထဲက မဲရလဒ်ကို ပြောင်းလဲဖို့ မစ္စတာထရမ့်က ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲပြီး အခုလအတွင်းမှာပဲ မစ္စတာထရမ့်ကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုနိုင်ခြေရှိနေပါတယ်။