ချားလ်စ်က ဘယ်လိုဘုရင်မျိုး ဖြစ်လာမလဲ

Charles

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချားလ်စ် ဖိလစ် အာသာ ဂျော့ဂျ်ကို ၁၉၄၈ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ဖွားမြင်ခဲ့ပြီး နောက်လေးနှစ်အကြာမှာ ထီးနန်းဆက်ခံထိုက်သူ ဖြစ်လာခဲ့
ရေးသားခဲ့သည်။

ထီးနန်းဆက်ခံနိုင်တဲ့ အိမ်ရှေ့မင်းသားအဖြစ် နှစ်ပေါင်း ၇၀ လောက် နေလာခဲ့အပြီးမှာ ချားလ်စ်ဟာ ဗြိတိသျှသမိုင်းမှာ အသက်အကြီးဆုံး ထီးနန်းဆက်ခံသူ အဖြစ် ဘုရင်ဖြစ်လာပါတယ်။

ချားလ်စ် ဖိလစ် အာသာ ဂျော့ဂျ်ကို ၁၉၄၈ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ဖွားမြင်ခဲ့ပြီး နောက်လေးနှစ်အကြာမှာ ထီးနန်းဆက်ခံထိုက်သူ ဖြစ်လာခဲ့ပါတယ်။

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ချားလ်စ်ဟာ သူ့ရဲ့ သက်တမ်းတလျှောက်မှာ ယူကေဝန်ကြီးချုပ် ၁၅ ဦးနဲ့ အမေရိကန်သမ္မတ ၁၄ ဦး အပြောင်းအလဲ ဖြစ်တာကို မြင်ခဲ့ရပါတယ်။

ဘုရင်ဖြစ်လာတဲ့ ချားလ်စ်ဟာ ကိုယ်ပိုင် နိုင်ငံကူးလက်မှတ်ရော ကားမောင်းလိုင်စင်ပါ ရှိစရာ မလိုတော့တဲ့ နည်းတူ သူ့ရဲ့ တကိုယ်ရည် ခံယူချက်တွေကိုလည်း အလွယ်တကူ ပြောခွင့်မရှိတော့ဘဲ ဘက်မလိုက်တဲ့ ဘုရင်တပါးအနေနဲ့ ပြောဆို ပြုမူနေထိုင်ရတော့မှာ ဖြစ်ပါတယ်။

ချားလ်စ် ကိုယ်တိုင်ကလည်း ဘုရင်ဖြစ်လာတဲ့အချိန်ကျရင် မဖြစ်ခင်ကလိုဘဲ လုပ်ကိုင်ပြောဆိုမှုတွေ ဆက်လုပ်လို့ မရဘူးဆိုတာ သဘောပေါက်ပါတယ်လို့ ၂၀၁၈ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ဖူးပါတယ်။

ယူကေမှာ ဘုရင်သစ် နန်းတက်လာရင် ငွေဒင်္ဂါးပြားတွေမှာပါတဲ့ ဘုရင်၊ဘုရင်မ ခေါင်းကို ယခင် လက်ထက်ရဲ့ ပြောင်းပြန်လှည့်ပြီး ရိုက်နှိပ်လေ့ရှိတဲ့ ထုံးစံရှိသလိုပဲ ချားလ်စ်ရဲ့ အုပ်ချုပ်တဲ့ ပုံစံကလည်း အပြောင်းအလဲ ရှိလာမှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဘဝခရီးလမ်း

ချားလ်စ်ရဲ့ လုပ်ကိုင်မှုတွေက ဘုရင်မဖြစ်ခင်ကနဲ့ ဘယ်လိုကွာနိုင်သလဲ

ချားလ်စ် ဘုရင် ဆက်ခံမယ့် ယူကေနိုင်ငံဟာ သူ့မိခင် ဆက်ခံချိန်က ယူကေနိုင်ငံနဲ့ မတူကွဲပြား ခြားနားတဲ့ လူနေမှုပုံစံတွေ ရှိလာတာကြောင့် ဘုရင်သစ် ချားလ်စ်ဟာလည်း ယဉ်ကျေးမှု ထုံးစံ ပေါင်းစုံနဲ့ ယုံကြည်ကိုးကွယ်မှု ပေါင်းစုံ ရှိနေတဲ့ ယူကေကို လက်လှမ်းမီအောင် ကြိုးစားအုပ်ချုပ်မှာ ဖြစ်တယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဗာနွန် ဘော့ဒနော က ဆိုပါတယ်။

ဘုရင်သစ် ချားလ်စ်ဟာ လူမှုစီးပွား ချို့တဲ့အားနည်းသူတွေနဲ့ အနည်းစုဖြစ်တဲ့ လူမျိုးစုတွေကို ပိုမိုနီးကပ် ထိတွေ့မိလာအောင် သိသိသာသာ ကြိုးစားလာပြီး ကိုယ်တိုင်က တိုင်းပြည်စည်းလုံးရေး အင်အားတခု ဖြစ်လာအောင် ဆောင်ရွက်မယ်လို့လည်း ပါမောက္ခ ဘော့ဒနောက မျှော်လင့်နေပါတယ်။

ဒါ့အပြင် အနုပညာ၊ ဂီတနဲ့ ယဉ်ကျေးမှုကဏ္ဍတို့မှာလည်း တော်ဝင် သူကောင်းပြုမှုတွေ ပိုရှိလာဖို့လည်း သူက မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ချားလ်စ် မင်းသားဘဝတုန်းက ပရဟိတ လုပ်ငန်းတွေ နှစ်ပေါင်းများစွာ အတူလုပ်ကိုင်ဖူးတဲ့ ဆာ လွိုက် ဒေါ့ဖ်မန်းကတော့ ချားလ်စ်ရဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု တားဆီးရေး လှုပ်ရှားမှုတွေနဲ့ သဘာဝကျကျ စိုက်ပျိုးရေး အားပေးမှုတွေဟာ ဘုရင်ဖြစ်သွားတာနဲ့ လုံးလုံးကြီး ရပ်သွားလိမ့်မယ်လို့ မယူဆကြောင်း ပြောပါတယ်။

Charles addressing an Action on Forests and Land Use event on day three of the COP26 Climate Conference in Glasgow, November 2021

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်မှာ ဂလာစကိုမှာ ပြုလုပ်တဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လို လူမျိုးကပါ ချားလ်စ်ကို တရေးတယူ ရှိပြီးသား ဖြစ်

ဘုရင်သစ်ချားလ်စ်ဟာ ယူကေတော်ဝင်မိသားစုရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ သူ့ရဲ့ကြင်ယာတော် ကမီလာနဲ့တကွ အိမ်ရှေ့မင်းသား ဝီလျံနဲ့ ကက်သရင်းတို့ကိုသာလျှင် ဗဟိုပြုပြီး တော်ဝင်မိသားစုကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် လုပ်လိမ့်မယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တော်ဝင်ရေးရာ ဝေဖန်သုံးသပ်သူတဦးဖြစ်တဲ့ ဗစ်တိုးရီးယား မာဖီကတော့ လာမယ့် ဘုရင်သစ်လက်ထက်မှာ ယခင်အတိုင်း တည်တည်ငြိမ်ငြိမ် ဆက်သွားဖို့ ဆိုတာက အားလုံးကို လွှမ်းခြုံတဲ့ အဓိက သတင်းစကားဖြစ်တဲ့အတွက် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ဖို့ မျှော်လင့်စရာ မရှိဘူးလို့ ဆိုပါတယ်။

ဘုရင်သစ် ချားလ်စ်ဟာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုလို ကိစ္စတွေမှာ စောစီးစွာ ရပ်တည်ခဲ့မှုတွေက သူ့ရဲ့ ပုံရိပ်ကို ခိုင်မာစေရေး အကျိုးပြုခဲ့တယ်လို့လည်း သမိုင်းပညာရှင် စာရေးဆရာ ဆာ အန်ထော်နီ ဆယ်လ်ဒန်က ဆိုပါတယ်။

ဥပမာအားဖြင့် ၂၀၂၁ ခုနှစ်မှာ ဂလာစကိုမှာ ပြုလုပ်တဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လို လူမျိုးကပါ ချားလ်စ်ကို တရေးတယူ ရှိပြီးသား ဖြစ်တဲ့အတွက် ဘုရင်ဖြစ်လာတဲ့အချိန်မှာ ကမ္ဘာ့စင်မြင့်က သူ့အတွက် အဆင်သင့်ဖြစ်နေမယ်လို့ တော်ဝင်ရေးရာ ဝေဖန်သုံးသပ်သူ ရောဘတ် ဟာ့ဒ်မန်းက ဆိုပါတယ်။

Official photograph to mark the prince's 18th birthday

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ချားလ်စ်ကို ရင်းနှီးသူတွေကတော့ သူဟာ ရှက်ကြောက်တတ်၊ သိုသိုသိပ်သိပ် နေတတ်ပြီး ထိရှလွယ်သူ တဦးဖြစ်တယ်လို့ ဆိုကြ

ချားလ်စ်က ဘယ်လိုအကျင့်စရိုက်မျိုး ရှိထားသလဲ

သူ့ကို ရင်းနှီးသူတွေကတော့ သူဟာ ရှက်ကြောက်တတ်၊ သိုသိုသိပ်သိပ် နေတတ်ပြီး ထိရှလွယ်သူ တဦးဖြစ်တယ်လို့ ဆိုကြပါတယ်။

သူ ငယ်စဉ်က ကျောင်းအိပ်ကျောင်းစား ဘဝမှာ အတန်းဖော်တွေက တညလုံး ဝိုင်းအနိုင်ကျင့်ကြတဲ့ အကြောင်းကိုလည်း အိမ်ကို ပို့တဲ့ စာတစောင်မှာ ထည့်သွင်းရေးသားခဲ့ဖူးတာကို တွေ့ရပါတယ်။

ချားလ်စ်ရဲ့ ကြင်ယာတော် ကမီလာကတော့ ချားလ်စ်ဟာ စိတ်မရှည်တတ်သူ တဦးဖြစ်ပြီး ဒီနေ့ အပြီးဖြစ်ရမယ့် အလုပ်ကို မနေ့ကတည်းက အပြီးလုပ်ထားချင်တဲ့ အကျင့်မျိုး ရှိတယ်လို့ ဆိုပါတယ်။

Prince Charles with Prince Louis, June 2022

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလေးတွေနဲ့ဆိုရင် ထိုင်ချပြီး ကစားပေးတာ၊ ဟယ်ရီပေါ်တာ စာအုပ်ကို ဇာတ်ဆောင်အသံ အမျိုးမျိုးနဲ့ ဖတ်ပြတာမျိုး လုပ်တဲ့အထိ ပေါ့ပေါ့ပါးပါး ရှိ

ချားလ်စ်ဟာ အများရှေ့မှောက်မှာ အရမ်း တည်တည်ကြည်ကြည်ပုံစံမျိုး ရှိပေမယ့် ကလေးတွေနဲ့ဆိုရင် ထိုင်ချပြီး ကစားပေးတာ၊ ဟယ်ရီပေါ်တာ စာအုပ်ကို ဇာတ်ဆောင်အသံ အမျိုးမျိုးနဲ့ ဖတ်ပြတာမျိုး လုပ်တဲ့အထိ ပေါ့ပေါ့ပါးပါး ရှိတာကိုလည်း သာမန်ပြည်သူတွေ သိစေချင်ပါတယ်လို့ ကမီလာက ချားလ်စ်ရဲ့ အသက် ၇၀ ပြည့်မွေးနေ့အတွက် မေးမြန်းခန်းမှာ ပြောဆိုခဲ့ဖူးပါတယ်။

ချားလ်စ်ကိုယ်တိုင်ကလည်း နောက်ပိုင်း အများပြည်သူရှေ့မှောက် လှုပ်ရှားသွားလာရမှာ ပေါ့ပေါ့ပါးပါး ဖြစ်လာပြီး နှစ်လိုဖွယ်ရာ အဘိုးတယောက်လို ဖြစ်လာသလို ကိုယ့်ကိုယ်ကို နှိမ့်ချ ဟာသပြောပြီး အများပြည်သူ သဘောကျစရာ ဖြစ်လာနေတာကို တွေ့နေခဲ့ရပါတယ်။

Charles joins members of the British Asian Trust (BAT) for a short distance as they kick-start BAT's 'Palaces on Wheels' Sponsored Bike Ride, at Highgrove House in Tetbury, Gloucestershire on June 10, 2021

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတိသျှဖွား အာရှသူ အာရှသားများ ရန်ပုံငွေအဖွဲ့မှာ သူနဲ့အတူတကွ လုပ်ကိုင်ဖူးသူ ဟီတန် မာတာကလည်း ချားလ်စ်ဟာ လူသားချင်းစာနာမှု လုပ်ငန်းတွေမှာ စိတ်အားထက်သန်သူဖြစ်တယ်လို့ ဆို

ချားလ်စ်ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ စိတ်သဘောထား

ချားလ်စ်ဟာ နောက်မျိုးဆက်သစ် ကောင်းစားရေးအတွက် တက်တက်ကြွကြွ အလုပ်လုပ်သူတယောက်ဖြစ်ပြီး အမြဲတမ်း အလုပ်များနေနိုင်အောင် ခွန်အားရှိနေသူ တယောက်လည်း ဖြစ်တယ်လို့ ချားလ်စ်ရဲ့ သင်ကြားရေး အဖွဲ့အစည်းတခုမှာ လုပ်ကိုင်နေသူ ခရစ်စ် ပုပ်က ပြောပါတယ်။

ချားလ်စ်ဟာ သူမင်းသားဘဝက ပရဟိတ လုပ်ငန်းတွေ လုပ်ရာမှာ အမွေအနှစ် ထိန်းသိမ်းရေးနဲ့ အစဉ်အလာလက်မှုပညာ ထိန်းသိမ်းရေး လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။

အခုလို အစဉ်အလာ ထိန်းသိမ်းရေး အားပေးတယ် ဆိုပေမယ့် တဖက်မှာလည်း တီထွင်ဆန်းသစ် ပြောင်းလဲရေးကို အားပေးသူဖြစ်တယ်လို့ မစ္စတာ ပုပ်က ဆိုပါတယ်။

ဘုရင်သစ် ချားလ်စ်ဟာ အခုလို ဆန့်ကျင်သလို ဖြစ်နေတဲ့ ဦးတည်ချက်တွေ ရှိနေတဲ့အတွက် တချို့အခြေအနေတွေမှာ ၁၈ ရာစု ပန်းချီကားထဲက ထွက်လာတဲ့ အသားနီစပ်စပ် မြေပိုင်ရှင်နဲ့ တူနေပြီး တချို့အခြေအနေတွေမှာကျတော့ ဘေးဖယ်ခံထားရတဲ့ လူမှုအသိုင်းအဝိုင်းတချို့အတွက် အားမလိုအားမရ ဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲရေးသမားတဦး အသွင်ပေါက်နေတာကို တွေ့ရပါတယ်။

ချားလ်စ်က ၂၀ဝ၇ မှာ ကူညီ ထူထောင်ပေးခဲ့တဲ့ ဗြိတိသျှဖွား အာရှသူ အာရှသားများ ရန်ပုံငွေအဖွဲ့မှာ သူနဲ့အတူတကွ လုပ်ကိုင်ဖူးသူ ဟီတန် မာတာကလည်း ချားလ်စ်ဟာ လူသားချင်းစာနာမှု လုပ်ငန်းတွေမှာ စိတ်အားထက်သန်သူ ဖြစ်ပြီး သူ့မြေးတွေအတွက် ထားခဲ့ရမယ့် ကမ္ဘာကြီးအတွက် စိုးရိမ်တကြီး ရှိသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ချားလ်စ်ရဲ့ သားဖြစ်သူ မင်းသား ဟယ်ရီကလည်း သူ့အဖေဟာ ညစာကို တော်တော် နောက်ကျမှ စားဖြစ်ပြီး ပြီးရင်လည်း အလုပ်စားပွဲမှာ သွားအိပ်ပျော်နေတတ်သူတဦး ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Prince of Wales poses during a visit to Shipton Mill, Tetbury in Gloucestershire - which holds the HRH Royal Warrant and specialises in high quality traditional milling - July 2020

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချားလ်စ်ဟာ အဖွဲ့အစည်းပေါင်း ၄၀ဝ ကျော်ရဲ့ ဥက္ကဌ ဒါမှမဟုတ် ကူညီပံ့ပိုးသူ တဦးအဖြစ် တာဝန် ထမ်းဆောင်နေခဲ့

ချားလ်စ်က ဘယ်လို ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေခဲ့သလဲ

ချားလ်စ်ဟာ အဖွဲ့အစည်းပေါင်း ၄၀ဝ ကျော်ရဲ့ ဥက္ကဋ္ဌ ဒါမှမဟုတ် ကူညီပံ့ပိုးသူ တဦးအဖြစ် တာဝန် ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။

၁၉၇၆ မှာတော့ သူဟာ တော်ဝင်ရေတပ်က ထွက်တဲ့အချိန်မှာ ရရှိတဲ့ ငွေကို အသုံးပြုပြီး ကိုယ်ပိုင် မင်းသားရန်ပုံငွေ ပရဟိတအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။

သူ့ရဲ့ ဒီအဖွဲ့ဟာ ယူကေနိုင်ငံတလွှား အဆင်းရဲဆုံး ဒေသတွေထဲက လူမှုစီးပွား ချို့တဲ့သူ လူငယ် ၉၀ဝ,၀ဝ၀ နီးပါးကို ကူညီပေးနိုင်ခဲ့သလို တဖက်မှာလည်း ချားလ်စ်က လူမှုပြဿနာပေါင်းစုံနဲ့ ပတ်သက်တဲ့ ထိုးထွင်းအမြင် ရရှိခဲ့ပါတယ်။

ချားလ်စ်ဟာ သူ့ရဲ့ မင်းသားရန်ပုံငွေအဖွဲ့က တဆင့် ယူကေလူ့အဖွဲ့အစည်းအတွင်းက ရောက်ပေါက်ဖို့ အခက်ဆုံး ဖြစ်နေသူတွေကို ချိတ်ဆက် ကူညီဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေမှုတွေလည်း ရှိခဲ့ပါတယ်။

ချားလ်စ်ဟာ ၂၀ဝ၄ ခုနှစ်ကစလို့ ယူကေအစိုးရဝန်ကြီးတွေကို သီးခြား စာရေးသား ဝေဖန်တိုက်တွန်းမှုတွေ လုပ်ခဲ့ရာမှာ ယူကေပြည်ထဲရေး ဝန်ကြီးဌာနဘက်က လိုလိုလားလား မရှိခဲ့ဘဲ နိုင်ငံရေး စွက်ဖက်တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။

သူ့ရဲ့ အခုလို အကြံပေး တိုက်တွန်းစာတွေထဲမှာ လယ်ယာစီမံကိန်း၊ မြို့ပြစီမံကိန်း၊ ဗိသုကာနဲ့ ပညာရေးကဏ္ဍတို့သာမက Patagonian toothfish ငါးအမျိုးအစားတွေ ကာကွယ်ရေး အထိ အစိုးရရဲ့ လုပ်ကိုင်ပုံတွေကို ဝေဖန် မေးခွန်းထုတ်ထားခဲ့တာ တွေ့ရပါတယ်။

Charles, known for his public views on architecture, at his Poundbury village development in Dorset in 1999

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကေအစိုးရဝန်ကြီးတွေကို သီးခြား စာရေးသား ဝေဖန်တိုက်တွန်းမှုတွေ လုပ်ခဲ့ရာမှာ ယူကေပြည်ထဲရေး ဝန်ကြီးဌာနဘက်က လိုလိုလားလား မရှိခဲ့ပဲ နိုင်ငံရေး စွက်ဖက်တယ်လို့လည်း စွပ်စွဲခံခဲ့ရ

ချားလ်စ်ရဲ့ အခုလို ဝေဖန် တိုက်တွန်းစာတွေကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသူ အစိုးရဝန်ကြီးဟောင်း တဦးကတော့ ချားလ်စ်ဟာ သူပုံဖော်လိုတဲ့ ကိစ္စတခုအတွက် ဆန့်ကျင်ဘက် အမြင်တွေနဲ့ အပြန်အလှန် ဆွေးနွေးမှုထက် ပုံသေယူဆချက်တွေနဲ့ ချဉ်းကပ်လေ့ရှိတာကို မှတ်မိနေတယ်လို့ ဆိုပါတယ်။

ချားလ်စ်ဟာ သူ့ကို နိုင်ငံရေး စွက်ဖက်တယ်လို့ စွပ်စွဲကြတာနဲ့ ပတ်သက်လို့ သူလုပ်ခဲ့တာက စွက်ဖက်တာဆိုရင် အဲဒီအတွက် ဂုဏ်ယူပါတယ်လို့ ၂၀ဝ၆ ခုနှစ်က မေးမြန်းခန်းတခုမှာ ပြောဆိုခဲ့ပါတယ်။

ချားလ်စ်က သူ့အနေနဲ့ လူ့အဖွဲ့အစည်းကို ကူညီဖို့ တခုခု လုပ်ဖို့ ကြိုးစားရင်ပဲ ဖြစ်ဖြစ်၊ ဘာမှမလုပ်ပဲ နေရင်ပဲ ဖြစ်ဖြစ် သူ့ကို စောဒက တက်ကြမှာပဲ ဖြစ်တဲ့အတွက် သူဘယ်လို လုပ်လုပ် အဝေဖန်လွတ်မှာ မဟုတ်ပါဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်း မေးမြန်းခန်းတခုမှာ ဆိုရင်လည်း ချားလ်စ်က သူဟာ ပါတီနိုင်ငံရေးကို ရှောင်ခဲ့ပေမယ့် လူအများ နေထိုင်အသက်ရှင်ကြတဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ သူဝင်မပြောပဲ မနေနိုင်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ယခင် လေဘာပါတီက ဝန်ကြီးဖြစ်ခဲ့သူ ခရစ်စ် မူလင်ကလည်း ချားလ်စ်နဲ့ ဆွေးနွေးခဲ့ရပုံကို သူ့ရဲ့ နေ့စဉ်မှတ်တမ်းမှာ ရေးသားခဲ့ရာမှာ ချားလ်စ်ဟာ သူ့ဘဝမှာ ဘာမှ လုပ်မနေဘဲ ကိုယ့်သဘောကျ ကုန်ဆုံးနိုင်ပါလျက်နဲ့ အပယ်ခံ လူငယ်တွေအရေးအတွက် တစိုက်မတ်မတ် ကြိုးစားပြောဆိုခဲ့တာကို သဘောကျမိကြောင်း ရေးသားထားပါတယ်။

လူထုသဘောထား ကောက်ခံမှုတွေမှာ သူ့ရဲ့ မိခင်ဖြစ်သူ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဒါမှမဟုတ် သားဖြစ်သူ မင်းသား ဝီလျံတို့နဲ့ ယှဉ်ရင်တော့ ချားလ်စ်ရရှိတဲ့ လူထုသဘောကျမှုက နည်းနေသေးတာကို တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Chris Jackson / Clarence Hous via Getty images

ဓာတ်ပုံ ပုံစာ, လူထုသဘောထား ကောက်ခံမှုတွေမှာ သူ့ရဲ့ မိခင်ဖြစ်သူ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဒါမှမဟုတ် သားဖြစ်သူ မင်းသား ဝီလျံတို့နဲ့ ယှဉ်ရင်တော့ ချားလ်စ်ရရှိတဲ့ လူထုသဘောကျမှုက နည်းနေသေးတာကို တွေ့ရ

ဘုရင်ဖြစ်လာတဲ့ ချားလ်စ်ဟာ ဘယ်လောက်အထိ လူအများထောက်ခံမှုကို ရနိုင်မလဲ

တော်ဝင်မိသားစုအနေနဲ့ ဆက်လက် တည်မြဲနေနိုင်ဖို့ဆိုတာ လူထုသဘောထားကို ထည့်စဉ်းစားရမှာ ဖြစ်ပြီး လူထုသဘောမကျရင် တော်ဝင်မိသားစုဆိုတာ ရှိလာမှာ မဟုတ်ဘူးလို့ ချားလ်စ်က ပြောဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ YouGov ရဲ့ သုတေသန တခုအရ ချားလ်စ်အပေါ် လူကြိုက်များမှု မြင့်တက်နေခဲ့ပြီး စစ်တမ်းဖြေဆိုသူ သုံးပုံ နှစ်ပုံနီးပါးက သူ့အပေါ် အကောင်းဘက်ကနေ ရှုမြင်ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အခုလို လူထုသဘောထား ကောက်ခံမှုတွေမှာ သူ့ရဲ့ မိခင်ဖြစ်သူ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဒါမှမဟုတ် သားဖြစ်သူ မင်းသား ဝီလျံတို့နဲ့ ယှဉ်ရင်တော့ ချားလ်စ်ရရှိတဲ့ လူထုသဘောကျမှုက နည်းနေသေးတာကို တွေ့ရပြီး အထူးသဖြင့် လူငယ်တွေအကြားမှာ ဖြစ်ပါတယ်။

အခုလို ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ချားလ်စ်နဲ့ ၁၉၉၇ မှာ ကားမတော်တဆမှုနဲ့ ကွယ်လွန်ခဲ့တဲ့ သူ့ရဲ့ ပထမဇနီးဖြစ်တဲ့ ဝေလမင်းသမီး ဒိုင်ယာနာတို့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ရုပ်သံ ဇတ်လမ်း ပုံဖော်မှုတွေကြောင့် ဖြစ်တယ်လို့ တော်ဝင်ရေးရာ သုံးသပ်သူ ဗစ်တိုးရီးယား မာဖီက ဆိုပါတယ်။

ချားလ်စ်ဘုရင်ဟာ သူ့ရဲ့ သားဖြစ်သူ မင်းသားဟယ်ရီနဲ့ မက်ဂန် တို့အပေါ် နိုင်ငံတကာ အာရုံစိုက်မှုကို ကိုင်တွယ်ရရုံသာမက အခြားမိသားစုရေးရာ ကိစ္စတွေလည်း ဖြေရှင်းရဖွယ်ရှိပါတယ်။

အဲဒီထဲကတခုကတော့ မင်းသား အန်ဒရူးကို ဗာဂျီးနီးယား ဂျူဖရီက လိင်စော်ကားတယ်လို့ စွပ်စွဲထားမှုဖြစ်ပြီး နောက်ပိုင်းမှာတော့ အမှုကြေအေးဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။

Charles and Camilla laughing during the Braemar Highland Gathering on 3 September 2022

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမီလာကိုလည်း ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးက ကြင်ယာတော် မိဖုရား အဖြစ် ခေါ်တွင်စေရမယ်လို့ ဆုံးဖြတ်ပေးထားခဲ့ပြီး ဖြစ်

ယူကေနိုင်ငံ အပြင်ဘက် ဆက်ဆံရေး အနေနဲ့ကတော့ ချားလ်စ်ဘုရင်ဟာ ဓနဿဟာယ နိုင်ငံတွေနဲ့ ခေတ်သစ် ဆက်ဆံရေးကို တည်ဆောက်ရမယ့် တာဝန်ရှိပြီး ကိုလိုနီဝါဒနဲ့တကွ ကျွန်ပြုမှုတွေရဲ့ နောက်ဆက်တွဲ သမိုင်းအကျိုးဆက်တွေကို ဆက်လက် ကိုင်တွယ် ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ချားလ်စ်ဘုရင် ဖြစ်လာတာနဲ့အတူ ဓနဿဟာယ ၁၄ နိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲ ဖြစ်လာမယ် ဆိုပေမယ့် တချို့နိုင်ငံတွေက ပြည်သူ့သမ္မတနိုင်ငံ အသွင်ပြောင်းဖို့လည်း တောင်းဆိုလာနိုင်ပါတယ်။

အခုလို အသွင်ပြောင်းဖို့ တောင်းဆိုမှုနဲ့ ဓနဿဟာယ အဖွဲ့ထဲမှာလည်း ဆက်ရှိဖို့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ချားလ်စ်က အပြောင်းအလဲအတွက် ပြောဆိုရေး အသင့်ဖြစ်ပြီးသားလို့ ပြောဆိုထားပါတယ်။

ချားလ်စ်ဘုရင်ဖြစ်လာတဲ့အချိန်မှာ ကမီလာ ကိုလည်း ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးက ကြင်ယာတော် မိဖုရား အဖြစ် ခေါ်တွင်စေရမယ်လို့ ဆုံးဖြတ်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။

လူအများစု အငြိမ်းစားယူကြတဲ့ အသက်အရွယ်မှာ ဘုရင်ဖြစ်လာသူ ချားလ်စ်အနေနဲ့ ကမ္ဘာ့ အဆင့်အမြင့်ဆုံး တနေရာကို တာဝန်ယူရာမှာ ကမီလာရဲ့ ပံ့ပိုးမှုက အရေးပါမှာ ဖြစ်ပါတယ်။

ရှေ့ဆက်ရမယ့် အနာဂတ်က ချားလ်စ်ဘုရင်ကို စောင့်ကြိုနေပြီး သူ့ရဲ့ အချိန်အခါလည်း ကျရောက်လာပြီ ဖြစ်ပါတယ်။