ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို တာဝန်ကနေဆိုင်းငံ့ဖို့ ဖွဲ့စည်းပုံခုံရုံးဆုံးဖြတ်
ထိုင်းနိုင်ငံမှာတော့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို တာဝန်ကနေ ယာယီဆိုင်းငံ့တဲ့အမိန့်ကို ထိုင်းနိုင်ငံဖွဲ့စည်းပုံဆိုင်ရာခုံရုံးကနေ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ ဆုံးဖြတ်လိုက်ပါတယ်။
ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်တဲ့သက်တမ်းနဲ့ ပတ်သက်ပြီး ထိုင်းအတိုက်အခံနိုင်ငံရေးပါတီတွေက ဖွဲ့စည်းပုံခုံရုံးကို လျှောက်လဲခဲ့ရာမှာ အထူးခုံရုံးက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
မစ္စတာပရာယွတ်ဟာ တာဝန်ထမ်းဆောင်သင့်တဲ့သက်တမ်းကိုကျော်လွန်ကာ ဝန်ကြီးချုပ်တာဝန်ဆက်ယူနေတယ်လို့ ဆိုပြီး အတိုက်အခံပါတီတွေက ခုံရုံးကို ဥပဒေကြောင်းအရ တိုင်တန်းခဲ့တာဖြစ်ပါတယ်။
ထိုင်းဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်တွေဟာ ရာထူးကို ၈ နှစ်အထိပဲ ရယူဖို့ ကန့်သတ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ မစ္စတာပရာယွတ်ဟာ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အာဏာရယူခဲ့သူဖြစ်သလို ထိုင်းစစ်အစိုးရ လမ်းညွှန်မှုအောက်လုပ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲကနေတဆင့် အာဏာဆက်ယူထားတာဖြစ်ပါတယ်။
ဖွဲ့စည်းပုံခုံရုံးဟာ အပြီးသတ်ဆုံးဖြတ်ချက် ချဖို့ ရှိနေသေးပေမဲ့ အဲဒီလို မဆုံးဖြတ်ခင်အထိတော့ မစ္စတာ ပရာယွတ်ဟာ ဝန်ကြီးချုပ်တာဝန်တွေထမ်းဆောင်ဖို့ ဆိုင်းငံ့ခံထားဖို့ ဆုံးဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ မြို့တော်ဘန်ကောက်က လွှတ်တော်အရှေ့မှာတော့ ဆန္ဒပြသူတွေ စုဝေးနေပြီး ဝန်ကြီးချုပ်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။
မစ္စတာပရာယွတ်ကို ရာထူးကနေ ဖယ်ရှားဖို့လုပ်တဲ့ အတိုက်အခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ မစ္စတာပရာယွတ်ရဲ့ ဝန်ကြီးချုပ် သက်တမ်းဟာ ၂၀၁၄ ခုနှစ်၊ မေလမှာ သူ အာဏာသိမ်းခဲ့ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လမှာ စစ်အစိုးရသစ်က သူ့ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာတွေကို ထောက်ပြပြီး အခုတစ်ပတ်မှာပဲ သက်တမ်းကုန်သင့်ပြီလို့ ချေပ ပြောဆိုနေပါတယ်။
ဒါပေမဲ့ မစ္စတာပရာယွတ်ကို ထောက်ခံသူတွေကတော့ သူ့ ဝန်ကြီးချုပ်သက်တမ်းဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ် စတင်အသက်ဝင်တဲ့ ၂၀၁၇ ခုနှစ်မှာ စတင်တာ၊ နောက် သူ အာဏာရလတဲ့ ၂၀၁၉ ခုနှစ်အထွေထွေ ရွေးကောက်ပွဲ ပြီးမှာသာ ဝန်ကြီးချုပ်ဖြစ်လာတာဆိုပြီး ထောက်ခံပြောဆိုနေကြပါတယ်။
ဒီသတ်မှတ်ချက်တွေအတိုင်းသာဆိုရင်၊ နောက် မစ္စတာ ပရာယွတ်ဟာ လာမယ့်ထွေထွေရွေးကောက်ပွဲသာဆက်နိုင်သွားမယ်ဆိုရင် ဝန်ကြီးချုပ်ရာထူးကို ၂၀၂၇ ခုနှစ်အထိ မူအရ တာဝန်ထမ်းဆောင်ခွင့်ဆက်ရှိနေမှာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဝန်ကြီးချုပ်ကို ရာထူးကနေ ဆိုင်းငံ့ဖို့ ခုံရုံးက ဆုံးဖြတ်လိုက်တာကြောင့် လက်ရှိ အစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူလည်းဖြစ်၊ စစ်တပ်အကြီးအကဲဟောင်းလည်းဖြစ်တဲ့ ဝန်ကြီးချုပ် ပရာဝတ် ဝမ်ဆူဝမ်ဟာ ယာယီဝန်ကြီးချုပ်ဖြစ်လာနိုင်ခြေရှိနေပါတယ်။