အမေရိကန်မှာ ဓားထိုးခံလိုက်ရတဲ့ ဆာဘွဲ့ရ စာရေးဆရာ ဆယ်လ်မန် ရပ်ရှ်ဒီ ဆိုတာ ဘယ်သူလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်အတွင်းက ချတောင်းကွား ဒေသအတွင်း သြဂုတ်လ ၁၂ နေ့က လုပ်တဲ့ စာပေဟောပြောပွဲတခုမှာ ယူကေနိုင်ငံသား စာရေးဆရာ ဆယ်လ်မန် ရပ်ရှ်ဒီ စင်ပေါ်မှာ ဟောပြောနေစဉ် တိုက်ခိုက်ခံရလို့ ဒဏ်ရာရပြီး အောက်စီဂျင်အကူနဲ့ အသက်ရှုနေရသလို စကားလည်း မပြောနိုင်တဲ့အထိ ဖြစ်နေတယ်လို့ သူ့ရဲ့ ကိုယ်စားလှယ်ဖြစ်သူက ပြောပါတယ်။
အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အဲဒီ စာရေးဆရာဟာ မျက်လုံးတလုံးလည်း ဆုံးရှုံးဖွယ်ရှိတယ်လို့ သူ့ရဲ့ ကိုယ်စားလှယ်က ဆိုပါတယ်။
အခုလို တိုက်ခိုက်သူလို့ စွပ်စွဲခံရသူ ဟာဒီ မာတာဟာ နယူးဂျာဇီ ပြည်နယ် ဖဲဗြူးမြို့က ဖြစ်ပြီး ဘာ့ကြောင့် ကျူးလွန်ရတာသလဲဆိုတာနဲ့ ဘယ်လို အမှုနဲ့ စွဲချက်တင်မယ် ဆိုတာကိုတော့ အမှု မတည်ဆောက်ရသေးဘူးလို့ နယူးယောက်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရေးခဲ့တဲ့ စာအုပ်တအုပ်ကြောင့် တိမ်းရှောင်နေရရာက ပြန်ပေါ်လာသူ ဆယ်လ်မန် ရပ်ရှ်ဒီ
စာရေးဆရာသက်တမ်း အနှစ် ငါးဆယ်ရှိပြီဖြစ်တဲ့ ဆာ ဆယ်လ်မန် ရပ်ရှ်ဒီဟာ သူရေးသားခဲ့တဲ့ စာတွေကြောင့် သူ့ကို သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ခံရခဲ့ဖူးသူ ဖြစ်ပါတယ်။
ယူကေနိုင်ငံရဲ့ အောင်မြင်ကျော်ကြား လူကြိုက်အများဆုံး စာရေးဆရာတွေထဲက တဦးဖြစ်တဲ့ ဆယ်လ်မန် ရပ်ရှ်ဒီဟာ ၁၉၈၁ ခုနှစ်မှာ သူ့ရဲ့ ဒုတိယမြောက်ဝတ္ထုဖြစ်တဲ့ Midnight's Children နဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ Booker Prize ရခဲ့ပါတယ်။
သူ့ရဲ့ စတုတ္ထမြောက်ရေးတဲ့ ဝတ္ထုဖြစ်တဲ့ ၁၉၈၈ မှာ ထုတ်ဝေလိုက်တဲ့ The Satanic Verses ဝတ္ထုကတော့ သူရေးခဲ့တဲ့ အထဲမှာ အငြင်းပွားစရာ အဖြစ်ဆုံး ဝတ္ထုတပုဒ် ဖြစ်လာခဲ့ပြီး မဖြစ်စဖူး စာအုပ်တအုပ်ကြောင့် နိုင်ငံတကာမှာ ရိုက်ခတ်မှု ကြီးမားတဲ့ ဝတ္ထုလည်း ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
ဆယ်လ်မန် ရပ်ရှ်ဒီရဲ့ ဘဝဖြစ်စဉ်
ဆယ်လ်မန် ရပ်ရှ်ဒီကို လက်ရှိ မွမ်ဘိုင်းမြို့လို့ ပြောင်းလဲလိုက်ပြီ ဖြစ်တဲ့ ဘုံဘေမြို့မှာ ၁၉၄၇ ဇွန်လအတွင်း ဖွားမြင်ခဲ့ပြီး နောက်နှစ်လအကြာ သြဂုတ်လမှာ အိန္ဒိယက လွတ်လပ်ရေး ရခဲ့တာလည်း ဖြစ်ပါတယ်။
သူ အသက် ၁၄ နှစ်အရောက်မှာ အင်္ဂလန်ကို ရောက်လာခဲ့ပြီး ရပ်ဂ်ဘီမြို့မှာ ကျောင်းလာတက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သူဟာ ကိန်းဘရစ်ဂျ် တက္ကသိုလ်က နာမည်ကျော် Kings College ကနေ သမိုင်းဘာသာရပ်ကို ဂုဏ်ထူးတန်းဘွဲ့ရခဲ့ပါတယ်။
ဆယ်လ်မန် ရပ်ရှ်ဒီဟာ နောက်ပိုင်းမှာတော့ ယူကေနိုင်ငံသားလည်း ဖြစ်လာခဲ့ပြီး သူ့ရဲ့ အစ္စလာမ်ဘာသာအပေါ် သက်ဝင်ယုံကြည်မှုလည်း လျော့လာခဲ့ပါတယ်။
သူဟာ ဝတ္ထုတွေ ရေးသားနေစဉ်အတွင်းမှာ ရုပ်ရှင်သရုပ်ဆောင်အဖြစ်လည်း ခေတ္တ လုပ်ကိုင်ခဲ့ဖူးပြီး ကြော်ငြာလုပ်ငန်းအတွက် စာသားရေးသားတဲ့ အလုပ်လည်း လုပ်ကိုင်ခဲ့ပါတယ်။
သူ့ရဲ့ ပထမဆုံး ဝတ္ထုဖြစ်တဲ့ Grimus ဟာ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့ပေမယ့် စာပေဝေဖန်သူတွေက သူ့ကို သိသိသာသာ အလားအလာရှိသူလို့ ရှုမြင်ခဲ့ကြပါတယ်။
သူ့ရဲ့ ဒုတိယဝတ္ထုဖြစ်တဲ့ Midnight's Children ကို ငါးနှစ်တာ အချိန်ယူ ရေးသားခဲ့ပြီး ၁၉၈၁ မှာ ဘွတ်ကာဆုလည်း ရခဲ့ရာမှာ အုပ်ရေပေါင်း ငါးသိန်းလောက် ရောင်းရတဲ့အထိ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်ခဲ့ပါတယ်။
ဒီ Midnight's Children က အိန္ဒိယနိုင်ငံကို အခြေခံခဲ့သလို ၁၉၈၃ မှာ ထုတ်ဝေတဲ့ သူ့ရဲ့ တတိယမြောက်ဝတ္ထုဖြစ်တဲ့ Shame ကတော့ အတိအလင်း မပြောပေမယ့် ပါကစ္စတန်ကို အခြေခံ ရေးသားခဲ့တာ တွေ့ရပါတယ်။
နောက်လေးနှစ်အကြာမှာ သူရေးခဲ့တဲ့ The Jaguar Smile ကတော့ သူ နီကာရာဂွာ နိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်အပေါ် အခြေခံခဲ့ပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာလမှာတော့ သူ့ဘဝကို အသက်အန္တရာယ် ကျရောက်စေတဲ့အထိ သက်ရောက်မှု ရှိခဲ့တဲ့ The Satanic Verses ကို ထုတ်ဝေခဲ့ပါတယ်။
ဒီဝတ္ထုကို သူက သရုပ်မှန် ဝါဒနဲ့ ခေတ်သစ်အလွန် ပို့စ်မော်ဒန် ဝါဒ အခြေခံ ရေးသားခဲ့တာ ဖြစ်ပြီး ဒီစာအုပ်ထဲမှာ ရေးသားထားတာတွေက ဘာသာရေးစော်ကားတယ်လို့ နိုင်ငံတကာက မွတ်ဆလင်တချို့က ယူဆကြလို့ ဒေါသထွက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
The Satanic Verses ကို ဘယ်လို အမျိုးမျိုး ကနဦး တုံ့ပြန်ခဲ့ကြသလဲ
The Satanic Verses ဝတ္ထုမှာ တမန်တော် မိုဟာမက်နဲ့ ပတ်သက်ပြီး ရေးသားမှုတွေက အစ္စလာမ်ဘာသာရေး ယုံကြည်မှုကို စော်ကားတယ်လို့ နိုင်ငံတကာက မွတ်ဆလင် အများအပြားက ယူဆကြတဲ့အတွက် အဲဒီ စာအုပ်ရေးသား ထုတ်ဝေမှုကို ဒေါသနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။
အဲဒီကနေ သူ့ကို သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိလာခဲ့တဲ့အတွက် ဆယ်လ်မန် ရပ်ရှ်ဒီ တိမ်းရှောင်နေခဲ့ရပြီး ယူကေအစိုးရကလည်း သူ့ကို ရဲစောင့်ရှောက်မှုအောက်မှာ ထားရှိခဲ့ပါတယ်။
အီရန်နိုင်ငံဆိုရင် ဒီစာအုပ်နဲ့ ပတ်သက်လို့ ယူကေနဲ့ ဆက်ဆံရေး ဖြတ်တဲ့အထိ ဆန့်ကျင် ကန့်ကွက်ခဲ့ပြီး စာရေးဆရာကို လုပ်ကြံဖို့ စာထုတ်ပြန်တဲ့အထိ လုပ်ခဲ့ပါတယ်။
ဒီစာအုပ်ထွက်အပြီး နောက်တနှစ်ဖြစ်တဲ့ ၁၉၈၉မှာ အီရန်ရဲ့ ခေါင်းဆောင်ကြီး အယာတိုလာ ရူဟိုလာ ခိုမေနီက fatwa လို့ ခေါ်တဲ့ အခုလို စာရေးဆရာကို သတ်ဖြတ်ဖို့ နှိုးဆော်တဲ့ ကြေညာချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက စာရေးဆရာတွေနဲ့ ပညာရှင်တွေကတော့ ဒီစာအုပ်ကို ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်ကြတာဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ခြိမ်းခြောက်တာပဲ ဆိုပြီး ရှုတ်ချခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီစာအုပ်ကို သူမွေးဖွားခဲ့ရာ အိန္ဒိယနိုင်ငံကိုယ်တိုင်က တားဆီးပိတ်ပင်ခဲ့သလို နောက်ပိုင်းမှာ ပါကစ္စတန်နိုင်ငံကလည်း အလားတူ ပိတ်ပင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မွတ်ဆလင်အများစုရှိတဲ့ နိုင်ငံအတော်များများနဲ့တကွ တောင်အာဖရိကနိုင်ငံကလည်း အဲဒီ ဝတ္ထုကို ပိတ်ပင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဓိကရုဏ်းတွေ ဖြစ်စေတဲ့အထိ ရောက်လာစေတဲ့ The Satanic Verses
The Satanic Verses ဝတ္ထုရဲ့ ခေါင်းစဉ်ဟာ ကုရ်အာန်ကျမ်းထဲမှာ မိစ္ဆာလွှမ်းမိုးမှု ရှိတယ်ဆိုပြီး တမန်တော် မိုဟာမက်က ပယ်ဖျက်ခဲ့တဲ့ စာနှစ်ပုဒ်ကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။
ဒီဝတ္ထုထဲမှာ ရေးသားထားတာတွေထဲက ပြည့်တန်ဆာနှစ်ယောက်ရဲ့ နာမည်ကို တမန်တော် မိုဟာမက်ရဲ့ ဇနီးမယား နာမည်တွေ ပေးထားတာကိုလည်း မွတ်ဆလင်တွေက ကန့်ကွက်ကြပါတယ်။
ဝတ္ထုနဲ့ ပတ်သက်ပြီး နိုင်ငံနဲ့ချီ ပိတ်ပင်မှုနဲ့တင် ရပ်မသွားခဲ့ဘဲ စာအုပ်ထွက်ပြီး နှစ်လအကြာမှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေပါ ရှိလာခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဇန်နဝါရီလမှာ ယူကေနိုင်ငံ ဘရက်ဖို့ဒ်မြို့က မွတ်ဆလင်တွေက ဒီဝတ္ထုစာအုပ်ကို မီးရှို့ ဆန္ဒပြခဲ့ကြပြီး စာအုပ် အရောင်းဆိုင် WHSmith ကလည်း ဒီစာအုပ်ကို ရောင်းတန်းဝင်အောင် ပြသထားမှုကိုလည်း ရပ်ဆိုင်းပေးခဲ့ရပါတယ်။ အခုလို ဖြစ်နေတဲ့ အချိန်မှာ ရပ်ရှ်ဒီက သူ့စာအုပ်က ဘာသာရေး စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။
နောက်တလအကြာ ၁၉၈၉ ဖေဖော်ဝါရီလမှာတော့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ The Satanic Verses ဝတ္ထုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။
ရပ်ရှ်ဒီ မွေးဖွားရာ မွန်ဘိုင်းမြို့မှာကတော့ ပိုမို အခြေအနေ ဆိုးဝါးခဲ့ပြီး မွတ်ဆလင်တွေ အပြင်းအထန် ဆူပူဆန္ဒပြမှုအတွင်း လူ ၁၂ ဦး သေဆုံးတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။
အီရန်နိုင်ငံမှာဆိုရင်လည်း ဒီစာအုပ်ထုတ်ဝေမှုကို အကြောင်းပြုပြီး မြို့တော် တီဟီရန်က ယူကေသံရုံး ကျောက်ခဲတွေနဲ့ အပေါက်ခံခဲ့ရကာ ရေးသူ စာရေးဆရာကိုလည်း အမေရိကန်ဒေါ်လာ ၃ သန်း ဆုတော်ငွေ ထုတ်ခဲ့ပါတယ်။
ဒီစာအုပ် စတင် ထုတ်ဝေ ဖြန့်ချိရာ ယူကေနိုင်ငံမှာ မွတ်ဆလင် ခေါင်းဆောင်တချို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းခဲ့ပေမယ့် တခြားခေါင်းဆောင်တွေကတော့ အီရန်က အယာတိုလာရဲ့ သဘောထားကို ထောက်ခံခဲ့ကြပါတယ်။
အခုလို စာရေးဆရာရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အထိ ဖြစ်လာတဲ့ အခြေအနေအပေါ် အမေရိကန်၊ ပြင်သစ်နဲ့ တခြားနိုင်ငံတွေကတော့ ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
ရပ်ရှ်ဒီကတော့ အဲဒီအချိန်မှာ သူ့ရဲ့ ဇနီးဖြစ်သူနဲ့အတူ ရဲအစောင့်အရှောက်နဲ့ ပုန်းအောင်းနေခဲ့ရပြီး မွတ်ဆလင်တွေကို ဒီလောက်အထိ စိတ်မချမ်းမသာ ဖြစ်စေတဲ့အတွက် အကြီးအကျယ် နောင်တရကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
ဒါပေမဲ့ အီရန်ခေါင်းဆောင်ကတော့ စာရေးဆရာကို အသက်အန္တရာယ် ခြိမ်းခြောက်မှု နောက်တကြိမ် ပြန်လုပ်ခဲ့တာ တွေ့ရပါတယ်။
ဒီစာအုပ်နဲ့ ပတ်သက်လို့ မွတ်ဆလင်တွေဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်တာကို တန်ပြန်ဆန္ဒပြမှုတွေကိုတော့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ထောက်ခံခဲ့ကြပြီး အီရန်က သူတို့ရဲ့ သံအမတ်တွေကိုလည်း ခေတ္တ ပြန်ခေါ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။
ဒီလို အခြေအနေတွေမှာ the Satanic Verses စာအုပ်ဟာ အတ္တလန်တိတ် သမုဒ္ဒရာ တဖက်တချက်ဆီမှာ ဖြစ်တဲ့ အမေရိကဘက်မှာရော အာရှ၊ ဥရောပ၊ အာဖရိက ဘက်တွေမှာပါ အရောင်းရဆုံး စာအုပ်တအုပ်လည်း ဖြစ်လာခဲ့ပါတယ်။

စာရေးဆရာကိုပါ ကျော်လွန်ပြီး ဆက်စပ်သူတွေပါ အန္တရာယ်ရှိလာခဲ့
တဖက်မှာ စာအုပ်တိုက်တွေလည်း ဆန္ဒပြခံရတာ ရှိခဲ့ပြီး လန်ဒန်မှာရှိတဲ့ ဗိုက်ကင်း စာပေနဲ့ ပင်ဂွင်းစာပေ ရုံးခန်းတွေ ဆန္ဒပြခံရသလို နယူးယောက်မြို့က ဒီစာအုပ်တိုက်ရုံးလည်း အသက်အန္တရာယ် ခြိမ်းခြောက်စာ ပို့ခံခဲ့ရပါတယ်။
၁၉၉၁ ဇူလိုင်လမှာတော့ the Satanic Verses စာအုပ်ကို ဂျပန်ဘာသာ ပြန်ဆိုသူဖြစ်တဲ့ ဟီတိုရှီ အီကာရာရှီဟာ တိုကျိုမြို့ အရှေ့မြောက်ပိုင်းက တက္ကသိုလ်တခုမှာ အသတ်ခံခဲ့ရပါတယ်။
ဆူကူဘာ တက္ကသိုလ်မှာ ယဉ်ကျေးမှု ယှဉ်တွဲ သုံးသပ်ရေး ဆိုင်ရာ လက်ထောက် ပါမောက္ခအဖြစ် လုပ်ကိုင်သူ ဟီတိုရှီ အီကာရာရှီဟာ သူ့ရုံးခန်းရှေ့မှာ ဓားနဲ့ အချက်များစွာ အထိုးခံရပြီး သေဆုံးနေကြောင်း ရဲတွေက ပြောဆိုခဲ့ပြီး သတ်တဲ့သူကိုတော့ အခုအထိ မဖော်နိုင်ခဲ့ပါဘူး။
အဲဒီ ဇူလိုင်လအတွင်းမှာပဲ မစ္စတာ အီကာရာရှီ အသတ်မခံရခင်မှာ အလားတူ ဒီဝတ္ထုကို အီတလီဘာသာ ပြန်ဆိုသူ အက်တိုရေ ကက်ပရီယိုလို လည်း မီလန်မြို့က သူ့ရဲ့ တိုက်ခန်းမှာ ဓားထိုးခံခဲ့ရပါတယ်။ သူကတော့ အသက်မသေခဲ့ပါဘူး။
အလားတူပဲ နော်ဝေးဘာသာ ပြန်ဆိုသူ ဝီလီယံ နီဂါတ်ဟာလည်း မြို့တော် အော်စလိုက သူ့အိမ်မှာ သေနတ်နဲ့ အပစ်ခံခဲ့ရပြီး သေဆုံးတဲ့အထိတော့ မဖြစ်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
The Satanic Verses ရေးသားပြီးနောက်ပိုင်း ဆယ်လ်မန် ရပ်ရှ်ဒီ ဘာဆက်လုပ်ဖြစ်သလဲ
ရပ်ရှ်ဒီဟာ နောက်ပိုင်းမှာ စာအုပ်အများအပြားတော့ ထပ်မံ ရေးသားနေခဲ့ပြီး အဲဒီ စာအုပ်တွေထဲမှာ ကလေးသူငယ်တွေအတွက် ရည်စူးရေးသားတဲ့ ဝတ္ထုဖြစ်တဲ့ Haroun and the Sea of Stories (၁၉၉၀)နဲ့ စကားပြေ ဆောင်ပါးတွေ ပါဝင်တဲ့ Imaginary Homelands (၁၉၉၁) တို့လည်း အပါအဝင် ဖြစ်ပါတယ်။
သူဟာ နောက်ထပ် ဝတ္ထုတွေကိုလည်း ရေးသားခဲ့ပြီး East, West (၁၉၉၄)၊ The Moor's Last Sigh (၁၉၉၅)၊ The Ground Beneath Her Feet (၁၉၉၉)နဲ့ Fury (၂၀ဝ၁) တို့ ဖြစ်ပါတယ်။
သူရဲ့ Midnight's Children ဝတ္ထုကို ၂၀ဝ၃ ခုနှစ်မှာ လန်ဒန်မှာ ပြဇာတ် အသွင်ပြောင်း ကပြတဲ့ လုပ်ငန်းစဉ်မှာလည်း ရပ်ရှ်ဒီက ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ သူရေးသားခဲ့တဲ့ ဝတ္ထုတွေကတော့ Shalimar the Clown ၊ The Enchantress of Florence ၊ Two Years Eight Months and Twenty-Eight Nights ၊ The Golden House နဲ့ Quichotte ဝတ္ထုတို့ ဖြစ်ပါတယ်။
ရပ်ရှ်ဒီဟာ သူ့ဘဝတလျှောက်မှာ လေးကြိမ် လက်ထပ်ခဲ့ပြီး သားသမီး နှစ်ဦး ရှိကာ လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေပါတယ်။
သူဟာ ၂၀ဝ၇ ခုနှစ် အရောက်မှာ သူ့ရဲ့ စာပေလောကအပေါ် အကျိုးပြု ထမ်းဆောင်မှုတွေကြောင့် ယူကေ ဘုရင်မကြီးက သူရဲကောင်း ဆာဘွဲ့ ပေးခဲ့ပါတယ်။
ရပ်ရှ်ဒီကို အီရန်က ချမှတ်ထားတဲ့ သေဒဏ်ကို ၁၉၉၈ ခုနှစ်မှာ အီရန်အစိုးရက တရားဝင်ဖြစ်မှု ရပ်ဆိုင်းခဲ့ပေမယ့် အီရန်က လက်ရှိ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီက ရပ်ရှ်ဒီကို ထုတ်ပြန်ထားတဲ့ သေမိန့် fatwa ဟာ သေနတ်တလက်က ပစ်လိုက်တဲ့ ကျည်ဆန်လိုပဲ ပစ်မှတ်မရောက်မချင်း အသက်ဝင်နေဦးမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးတာကို တွေ့ရပါတယ်။








