ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေးပေါင်ဒါ ကို ပြောင်းဖူးမှုန့် နဲ့ ပြောင်းထုတ်ဖို့ ဂျွန်ဆင် အန် ဂျွန်ဆင်က စီစဉ်နေ
- ရေးသားသူ, ပီတာ ဟော့စ်ကင်
- ရာထူးတာဝန်, စီးပွားရေးလုပ်ငန်းဆိုင်ရာ သတင်းထောက်
- ရေးသားခဲ့သည်။
ဂျွန်ဆင် အန် ဂျွန်ဆင် ကုမ္ပဏီ (J&J)က ဓာတုဒြပ်ပေါင်းတွေကို အခြေခံပြီး ထုတ်လုပ်တဲ့ ကလေး ကိုယ်လိမ်းပေါင်ဒါ ထုတ်လုပ်တာ၊ ရောင်းချတာတွေကို လာမယ့်နှစ်ကျရင် ကမ္ဘာတဝန်းမှာ ရပ်စဲတော့မှာပါ။
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဟာ အမေရိကန်မှာ ကလေးကိုယ်လိမ်းပေါင်ဒါ ရောင်းချ တာကို ရပ်ဆိုင်းထားတာ ၂ နှစ် ကြာခဲ့ပြီးတဲ့နောက် အခုကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။
ဓာတုဒြပ်ပေါင်းတွေကို အခြေခံပြီး ထုတ်လုပ်တဲ့ ပေါင်ဒါထဲမှာ ကျောက်ဂွမ်း (asbestos)တွေ ပါဝင်ပြီး အဲဒါတွေကြောင့် သူတို့မှာ မျိုးဥကင်ဆာတွေ ဖြစ်ရ တယ်လို့စွပ်စွဲကြကာ သောင်းနဲ့ချီတဲ့ အမျိုးသမီးတွေက ဂျွန်ဆင် အန် ဂျွန်ဆင် ကုမ္ပဏီကို တရားစွဲထားကြ ပါတယ်။
ဒါပေမယ့် ကုမ္ပဏီဘက်ကတော့ လွတ်လပ်တဲ့ သုတေသီတွေရဲ့ ဆယ်စုနှစ်ပေါင်း များစွာ ဆန်းစစ်ချက်အရ သူတို့ ကုမ္ပဏီထုတ် ပစ္စည်းတွေဟာ ဘေးကင်းစိတ်ချ ရပါတယ် လို့ ထပ်ခါ ထပ်ခါ ကာကွယ်ပြောပါတယ်။
အခုတော့ ကမ္ဘာတလွှားမှာ ဂျွန်ဆင် အန် ဂျွန်ဆင် ကုမ္ပဏီက ပြောင်းဖူးမှုန့်ကို အခြေခံတဲ့ ကလေးကိုယ်လိမ်းပေါင်ဒါကို ပြောင်းလဲ ထုတ်လုပ်တော့မှာပါ။
၂၀၂၀ခုနှစ်အတွင်းမှာ ဂျွန်ဆင် အန် ဂျွန်ဆင် ကုမ္ပဏီက သူတို့ရဲ့ ထုတ်ကုန် ဘေးကင်းစိတ်ချရမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ရင်ဆိုင် ရတဲ့ အမှုတချို့ ရှိလာ ခဲ့တယ်၊ အဲဒါက တဆင့် သူ့အဆိုအရ "သတင်းမှားတွေ" ပြန့်နေခဲ့ပြီးတဲ့နောက် ဝယ်လိုအား ကျဆင်းလာတဲ့ အတွက် အမေရိကန်နဲ့ ကနေဒါမှာ ကလေးပေါင်ဒါကို အရောင်းရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။
သူတို့ရဲ့ ဓာတု ဒြပ်ပေါင်းအခြေခံ ကလေးကိုယ်လိမ်းပေါင်ဒါကို ဗြိတိန်နဲ့ တခြား ကမ္ဘာ့နိုင်ငံတလွှားမှာ ဆက်ပြီး ရောင်းချသွားမယ် လို့လည်း အဲဒီအချိန်မှာ ကုမ္ပဏီက ဆိုခဲ့ပါတယ်။
ပေါင်ဒါမှာ ကျောက်ဂွမ်း ဒြပ်ပေါင်းတွေရောနှောပါဝင်နေတဲ့အတွက် ကင်ဆာ ဖြစ်ရတယ်ဆိုပြီး သုံးစွဲသူတွေနဲ့ ကင်ဆာရောဂါဖြစ်ပြီး အသက်မသေရှင်ကျန်သူများ က တရားစွဲတာကို J&J ကုမ္ပဏီအနေနဲ့ ရင်ဆိုင်နေရတာပါ။
ပေါင်ဒါမှာ ရွှံမြေကရတဲ့ ဒြပ်ပေါင်းတမျိုးကို သုံးစွဲထားပြီး အဲဒါက ကျောက်ဂွမ်း ဒြပ်ပေါင်းနဲ့ နီးစပ်တယ်၊ ကျောက်ဂွမ်းဒြပ်ပေါင်းက ကင်ဆာဖြစ်စေနိုင်တယ်လို့ အများက လက်ခံထားကြတာပါ။
ရိုက်တာ သတင်းဌာနက ၂၀၁၈ ခုနှစ်အတွင်း စုံစမ်းထုတ်ဖော်သတင်းရေးရာမှာ သူတို့ ပေါင်ဒါ ထဲမှာ ကျောက်ဂွမ်းတွေပါဝင်တယ် ဆိုတာကို ကုမ္ပဏီအနေနဲ့ သိထားတာ ဆယ်စုနှစ် များစွာရှိပြီဆိုတာကို ရေးထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ကုမ္ပဏီကတော့ တရားရုံးထဲမှာ၊ မီဒီယာတွေနဲ့ တွေ့ရာမှာ၊ အမေရိကန် လွှတ်တော်အမတ်တွေရှေ့မှောက်မှာ ဘယ်မှာပဲဖြစ်ဖြစ် အဲဒီ ကျောက်ဂွမ်းတွေ ပေါင်ဒါထဲမှာ ရောပါနေတယ်ဆိုတဲ့ အချက်ကို ကြိမ်ဖန်များစွာ ငြင်းဆိုထားခဲ့ပါတယ်။
အောက်တိုဘာလထဲမှာတော့ J&J ကုမ္ပဏီက ပေါင်ဒါထုတ်တဲ့ ကုမ္ပဏီခွဲတခုကို ခွဲထောင်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒါက ဒေဝါလီခံသွားပြီလို့ ကြေညာခဲ့ပြီး ပေါင်ဒါနဲ့ပတ်သက်လို့ တရားစွဲဆိုတာတွေကို သူတို့ ရွှေ့ဆိုင်းနိုင်ခဲ့ပါတယ်။
ကုမ္ပဏီခွဲ ဒေဝါလီ မခံချိန်ထိ ပေါင်ဒါအရေးနဲ့ ပတ်သက်ပြီး တရားရုံး ဆုံးဖြတ်ချက် အတိုင်း လျော်ပေးရတာ၊ ၂ ဖက်ညှိနှိုင်းကျေအေးဖို့ ကုန်ကျရတာ စုစုပေါင်း ဒေါ်လာ ၃.၅ ဘီလျံ J&J ကုမ္ပဏီက ကုန်ကျခဲ့ပါတယ်။ အဲဒီထဲက တမှုမှာ တရားရုံး ဆုံးဖြတ်ချက်အရ အမျိုး သမီး ၂၂ ယောက်အတွက် ဒေါ်လာ ၂ ဘီလျံကျော် လျော်ကြေးပေးရတာလည်း ပါဝင်ပါတယ်။
ဧပြီလတွင်းမှာတော့ ကုမ္ပဏီ အစုရှယ်ယာဝင်တွေက ဓာတု အခြေခံထုတ်လုပ်တဲ့ ကလေး ပေါင်ဒါတွေ ကမ္ဘာတလွှားမှာ ရောင်းချနေ တာတွေ အကုန် ရပ်ဆိုင်းဖို့ ကုမ္ပဏီကို တောင်းဆိုခဲ့ကြပါတယ်။
ကလေးပေါင်ဒါဟာ ကလေး အနှီးလောင်လို့ အရေပြားပွန်းပြီး အနီကွက်လေးတွေ ထွက်တာကို သက်သာစေလိုတဲ့ နေရာမှာ အများအားဖြင့် သုံးကြတာဖြစ်ပြီး J&J ကလေးကိုယ်လိမ်းပေါင်ဒါဟာ မိသားစုများစွာ နဲ့ ရင်းနှီးတဲ့ အရာ ဖြစ်ခဲ့ကာ နှစ်ပေါင်း ၁၃၀ နီးပါး စျေးကွက်ထဲမှာ ရောင်းချခဲ့တာပါ။