ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေးက ဂါဇာကို လေကြောင်းတိုက်ခိုက်မှု- စစ်သွေးကြွခေါင်းဆောင်နောက်တစ်ဦးအပါအဝင် သေဆုံးသူမြင့်တက်
အစ္စရေးက ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်မှုတွေမှာ သေဆုံးသူအရေအတွက် မြင့်တက်လာနေချိန်မှာပဲ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟဒ်(PIJ)အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်နောက်ထပ်တစ်ဦး သေဆုံးသွားပါတယ်။
အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းမှာ သေဆုံးသူ ၂၈ ဦးအထိ မြင့်တက်လာပြီး အဲဒီထဲမှာ PIJ ခေါင်းဆောင်တွေဖြစ်တဲ့ ခါလစ် မန်ဆော၊ တေဆီ့ ဂျဘာရီ တို့အပါအဝင် ကလေးငယ် ၆ ဦးနဲ့ PIJ တိုက်ခိုက်ရေးသမားတွေ ပါဝင်ပါတယ်။
ပါလက်စတိုင်းဘက်က ဒုံးကျည်နဲ့ မော်တာကျည် ၄၀၀ နီးပါးနဲ့ အစ္စရေးဘက်ကို သောကြာနေ့ကတည်းက ပစ်ခတ်နေတယ်ဆိုပြီး အစ္စရေး အရာရှိတစ်ဦးက ပြောထားပါတယ်။
အစ္စရေးဘက်ကတော့ PIJ ဆီကနေ ''လတ်တလောခြိမ်းခြောက်မှု''ကြောင့်သာ စစ်ဆင်ရေးတွေကို စတင်ခဲ့တာလို့ ဆိုပါတယ်။
လူနဲ့အဆောက်အဦ သေဆုံးထိခိုက်တဲ့အထိဖြစ်တဲ့ အစ္စရေးနဲ့ဂါဇာကြား အခုတစ်ကြိမ်အပြန်အလှန်ပစ်ခတ်မှုတွေဟာ ပါလက်စတိုင်း ၂၀၀ ကျော်နဲ့ အစ္စရေး ဒါဇင်ချီ သေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလတုန်းက ဖြစ်ခဲ့တဲ့ ၁၁ ရက်ကြာ ပဋိပက္ခအလွန် နောက်ဆုံး ပေါ်ပေါက်လာတဲ့ အားပြင်းဖြစ်ရပ်ဖြစ်ပါတယ်။
အစ္စရေးဘက်ကတော့ Breaking Dawn လို့ နာမည်ဝှက်ပေးထားတဲ့ ဒီစစ်ဆင်ရေးဟာ သီတင်းတစ်ပတ်အထိ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။
ဒီလိုပစ်ခတ်မှု ဒုတိယမြောက်နေ့ဖြစ်တဲ့ မနေ့ စနေနေ့တုန်းကတော့ အစ္စရေးဟာ ဂါဇာတောင်ပိုင်း၊ ရာဖာ့အရပ်က နေအိမ်တစ်လုံးကို လေကြောင်းကနေ ပစ်ခတ်မှုမှာ PIJ ခေါင်းဆောင်တပ်မှူး ခါလစ် မန်ဆောကို သတ်ဖြတ်ခဲ့ပါတယ်။
ခါလစ် မန်ဆောဟာ အစ္စရေးစစ်တပ်က ကြိုးပမ်းတဲ့ အရင်လုပ်ကြံသတ်ဖြတ်မှု ၅ ကြိမ်မှာ အသက်ဘေး လွတ်ခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ခါလစ် မန်ဆောဟာ ဂါဇာအပြင်ဘက်မှာ စစ်သွေးကြွစစ်ဆင်ရေးတွေလုပ်ဖို့ ပြင်နေတာကြောင့် ဆိုပြီး အစ္စရေးဘက်က သူ့ကို စွပ်စွဲခဲ့ပါတယ်။
PIJ ထိပ်ပိုင်းခေါင်းဆောင် တပ်မှူး တေဆီ့ ဂျဘာရီအပါအဝင် လူသေဆုံးမှုဖြစ်ခဲ့တဲ့ သောကြာနေ့ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ခါလစ် မန်ဆော သေဆုံးတဲ့ဖြစ်ရပ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ဂါဇာကို လေကြောင်းတိုက်ခိုက်တာအပြင် ဂါဇာအနောက်ဘက်ကမ်းက အစ္စရေးသိမ်းပိုက်နယ်မြေထဲမှာ ပြုလုပ်တဲ့ စီနင်းမှုတွေအတွင်း PIJ အဖွဲ့ဝင် ၁၉ ဦးကိုလည်း ဖမ်းမိထားတယ်လို့ အစ္စရေးဘက်က အပြောအရသိရပါတယ်။
ဂါဇာကို လေကြောင်းတိုက်ခိုက်မှု သတင်းတွေ ထွက်နေချိန်မှာပဲ အစ္စရေးနိုင်ငံထဲက မြို့တွေမှာလည်း ဒုံးကျည်ပစ်လွှတ်လာတဲ့ သတိပေးချက်တွေ စနေနေ့တုန်းက ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။
ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနကတော့ ပါလက်စတိုင်းတွေသေဆုံးမှုနဲ့ နောက်ထပ် လူပေါင်း ၂၀၃ ဦး ဒဏ်ရာရမှုမှာ ''အစ္စရေးကျူးကျော်မှု''ကြောင့်လို့ ပြစ်တင် ပြောဆိုပါတယ်။
အစ္စရေးဘက်ကလည်း ဂါဇာကမ်းမြောင်၊ ရှာဘယ်လီယာမြို့က ကလေးငယ်တွေသေဆုံးမှုလို ပါလက်စတိုင်းအချို့ သေဆုံးမှုဟာ PIJ အဖွဲ့က ပစ်လွှတ်တဲ့ လမ်းလွဲ ဒုံးကျည်တစ်စင်းကြောင့်လို့ဆိုပြီး စွပ်စွဲပြောဆိုပါတယ်။ အစ္စရေးဘက်က ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိအချိန်အထိတော့ ဂါဇာမှာ အင်အားအကြီးဆုံး ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမက်စ်က သူ့ရဲ့ ဒုံးကျည်တွေ အစ္စရေးဘက်ကို ပစ်လွတ်တဲ့ပုံ မပေါ်သေးပါဘူး။
လက်ရှိအခြေအနေကို ပိုဆိုးရွားလာနိုင်တဲ့ ဟားမက်စ်အဖွဲ့ကို ပစ်မှတ်ထားတဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုသတင်းတွေလည်း မထွက်ပေါ်လာသေးပါဘူး။
ဟားမက်စ်အဖွဲ့ကတော့ ''ခုခံတော်လှန်ရေးအဖွဲ့တွေ ပေါင်းစည်းကြပြီ''လို့ ပြောထားတဲ့ လေသံပြင်းပြင်း ကြေညာချက်တစ်ရပ်ကို သောကြာနေ့တုန်းက ထုတ်ပြန်ထားပါတယ်။ ဒါဟာ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်အဖွဲ့အနေနဲ့ လက်ရှိအခြေအနေမှာ ဝင်မပါမိအောင်နေတဲ့ လက်တွေ့ကျကျစဥ်းစားချက်တွေကြောင့် ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဂါဇာမှာ အရပ်သားထိခိုက်သေဆုံးမှု ခပ်မြန်မြန်တိုးလာနေတယ်ဆိုရင်တော့ ဟားမက်စ်အဖွဲ့ရဲ့ တွက်ဆမှုတွေဟာ ပြောင်းလဲလာနိုင်ချေရှိနေပါတယ်။
တိုက်ခိုက်မှုမှာ ဟားမက်စ်အဖွဲ့သာ ပါဝင်လာခဲ့မယ်ဆိုရင် အခြေအနေဟာ မြန်မြန်ဆန်ဆန် ဆိုးရွားလာနိုင်ပါတယ်။
ဂါဇာ အနောက်ဘက်ကမ်း မြောက်ပိုင်းမှာ အစ္စလာမ်မစ် ဂျီဟဒ် ခေါင်းဆာင်တွေထဲက တစ်ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် လက်တုံ့ပြန်လာမှာကို စိုးရိမ်တဲ့အစ္စရေးဟာ ဂါဇာနဲ့ နယ်စပ် ဖြတ်သန်းတဲ့နေရာတွေအားလုံးကို ပိတ်ခဲ့တာကြောင့် ပါလက်စတိုင်းနယ်မြေထဲမှာ ရှင်သန်ရပ်တည်ရမှုဟာလည်း ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ပိုပြီးခက်ခဲလာနေပါတယ်။
စနေနေ့တုန်းကတော့ ဂါဇာမှာ တစ်ရုံတည်းရှိတဲ့ ဓာတ်အားပေးရုံဟာ လောင်စာဆီလာမပို့တာကြောင့် ပိတ်ခဲ့ရတယ်လို့ အဲဒီစက်ရုံပိုင် လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီပြောခွင့်ရသူက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခြေအနေ ပိုပြီးတင်းမာလာတာမျိုးမဖြစ်အောင် ဘက်အားလုံး ရှောင်ရှားကြဖို့ တိုက်တွန်းသလို အရပ်သား ထိခိုက်သေဆုံးမှုသတင်းတွေအပေါ် စိုးရိမ်ကြောင်းပြောကာ အစ္စရေးရဲ့ကိုယ်ပိုင်ခုခံကာကွယ်ခွင့်ကို ထောက်ခံတယ်ဆိုပြီး ပြောထားတယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။
အီဂျစ်နိုင်ငံကလည်း အခြေအနေ ပိုမိုဆိုးရွားလာတာမျိုးမဖြစ်စေဖို့ နှစ်ဖက်ကြား ကြားဝင်ညှိနှိုင်းပေးသူအဖြစ် ပါဝင်လာပြီး အကျိုးဆောင်အနေနဲ့ ဆောင်ရွက်ဖို့ အစိုးရအရာရှိတွေပါတဲ့ကိုယ်စားလှယ်အဖွဲ့ကို အစ္စရေးနိုင်ငံကို စနေနေ့က စေလွှတ်ထားပြီးဖြစ်ပါတယ်။
PIJ ဟာ ဂါဇာမှာ လှုပ်ရှားနေတဲ့ စစ်သွေးကြွအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး အီရန်နိုင်ငံရဲ့ကျောထောက်နောက်ခံရထားကာ ဆီးယားနိုင်ငံမြို့တော် ဒမားစကတ်စ်မှာ အခြေစိုက်ပါတယ်။
အစ္စရေးအပေါ် ပစ်ခတ်မှုတွေနဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေအပါအဝင် တိုက်ခိုက်မှုအတော်များများရဲ့လက်သည်ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတုန်းကဆိုရင် တိုက်ခိုက်ဖို့ကြံစည်နေတယ်ဆိုပြီး PIJ ခေါင်းဆောင် တပ်မှူးတစ်ဦးကို အစ္စရေးဘက်က သတ်ဖြတ်မှုဖြစ်ခဲ့အပြီးမှာ အစ္စရေးနဲ့ PIJ ကြား ၅ ရက်ကြာ တိုက်ခိုက်မှုပဋိပက္ခဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် ပါလက်စတိုင်း ၃၄ ဦး သေဆုံးပြီး နောက်ထပ် ၁၁၁ ဦး ဒဏ်ရာရခဲ့သလို အစ္စရေးဘက်ကလည်း ၆၃ ဦး ဆေးကုသခံခဲ့ရပါတယ်။
အစ္စရေးဘက်ကတော့ သေဆုံးတဲ့ပါလက်စတိုင်းတွေထဲက ၂၅ ဦးဟာ စစ်သွေးကြွတွေဖြစ်ပြီး အဲဒီထဲမှာ ဒုံးကျည်တိုက်ခိုက်မှုလုပ်ဖို့ ပြင်ရင်း လက်နက်ထိမှန်သွားသူတွေ ပါတယ်လို့လည်း ပြောပါတယ်။