အစ္စရေး နဲ့ ဂါဇာ တိုက်ခိုက်မှု - ဟားမတ်စ်ရဲ့ လက်နက်ပိုင်း အားနည်းအားသာချက်များ

    • ရေးသားသူ, ဂျော်နသန် မားကပ်စ်
    • ရာထူးတာဝန်, နိုင်ငံခြားရေးသုံးသပ်သူ
  • ရေးသားခဲ့သည်။

အစ္စရေးစစ်တပ်နဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေအကြား အပြန်အလှန် တိုက်ခိုက်နေကြရာမှာ နှစ်ဖက်စလုံး သေကြေ ဆုံးရှုံးမှုတွေ ရှိပါတယ်။ ဒါပေမယ့် အခုတိုက်ပွဲတွေဟာ အားမမျှဘူးလို့လည်း ဆိုနိုင်ပါတယ်။

အခုတစ်ခေါက် တိုက်ခိုက်မှုမှာ ပစ်ခတ်ကြတာ ၁၁ ရက် ရှိလာပြီ ဖြစ်ပြီး ပါလက်စတိုင်းတွေဘက်မှာ ၂၃၂ ဦး သေဆုံးပြီး အစ္စရေးတွေဘက်မှာ ၁၂ ဦး သေဆုံးခဲ့ပါပြီ။

ဒီတိုက်ပွဲတွေမှာ အစ္စရေးဘက်က အများကြီ အင်အားပိုကောင်းပါတယ်။ လေတပ်၊ ဒရုံးနဲ့ တခြားသတင်းထောက်လှမ်းရေးတွေ သုံးပြီး ဂါဇာကို အချိန်မရွေး ကြိုက်သလို တိုက်ခိုက်နိုင်ပါတယ်။

အစ္စရေးဘက်က စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုသာ တိုက်ခိုက်တယ်လို့ ပြောနေပေမယ့် ဂါဇာမှာ ပါလက်စတိုင်းလူမျိုးတွေ လူနေထူထပ်သလို ဟာမတ်စ်နဲ့ အစ္စလာမ်မစ် ဂျီဟဒ် အဖွဲ့တွေကလည်း အဲဒီ လူနေရပ်ကွက်တွေအနီး တခါတလေ လူနေအရပ်တွေကို အကာအကွယ် ယူထားကြတာကြောင့် အရပ်ဘက် လူနေတိုက်တာ အဆောက်အအုံတွေ နဲ့ အရပ်သားတွေ အထိအခိုက် မရှိစေအောင် ပစ်ခတ်တိုက်ခိုက်ဖို့ ခက်ခဲပါတယ်။

ဟာမတ်စ်နဲ့ အစ္စလာမ်စ် ဂျီဟဒ် အဖွဲ့တွေဟာ အင်အား သိပ်မကောင်းပေမယ့် သူတို့ဆီမှာ အစ္စရေးကို တိုက်ခိုက်နိုင်လောက်တဲ့ လက်နက်တွေတော့ ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး နည်းမျိုးစုံသုံးပြီး တိုက်ခိုက်မှုတွေလည်း လုပ်ခဲ့ဖူးပါတယ်။

ဂါဇာကနေ အစ္စရေးဘက်ကို လာနေတဲ့ လက်နက် တပ်ဆင်ထားတယ်လို့ ယူဆရတဲ့ ဒရုံးတစင်းကို အစ္စရေး ဘက်က ပစ်ချနိုင်ခဲ့ပါတယ်။

စစ်တပ်ရဲ့ ပြောခွင့်ရသူက အဆင့်မြင့် ဟားမတ်စ် အဖွဲ့ တခုက ဂါဇာကမ်းမြှောင်ရဲ့ တောင်ပိုင်းကနေ အစ္စရေးထဲကို မြေအောက်လှိုဏ်ခေါင်း တူးပြီး ဝင်နိုင်ဖို့ ကြိုးစားခဲတယ်လို့ ဆိုပါတယ်။ ဒါကို အစ္စရေး စစ်တပ်ဘက်ကလည်း ကြိုသိခဲ့ပုံရပြီး လှိုဏ်ခေါင်းကို ပြိုကျသွားအောင် ဖျက်ဆီးပစ်ခဲ့ကြောင်း အဲဒီပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမယ့် လတ်တလော ပါလက်စတိုင်းတွေ လက်ထဲမှာ ရှိနေတဲ့ အင်အားအကောင်းဆုံး လက်နက်ဟာ သူတို့ရဲ့ မြေပြင်က မြေပြင်ပစ် ဒုံးကျည်တွေပဲ ဖြစ်ပါတယ်။ မကြာသေးခင်က သုံးလာတဲ့ Kornet တင့်ကားဖျက် ဒုံးတွေအပါအဝင် အဲဒီ လက်နက်တွေကို အီဂျစ် ဆိုင်းနိုင်း ကျွန်းဆွယ်ဘက်မှာ ရှိတဲ့ လှိုဏ်ခေါင်းတွေကနေ သွင်းလာခဲ့ကြတာလို့ ယူဆကြပါတယ်။

ဒါပေမယ့် ဟာမတ်စ်နဲ့ အစ္စလာမ်မစ် ဂျီဟဒ်က ပစ်လွှတ်နေတဲ့ ဒုံးကျည်တော်တော်များများဟာ ဂါဇာထဲမှာပဲ တပ်ဆင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ တခြားပြင်ပက ကျွမ်းကျင်သူတွေကတော့ အီရန်ရဲ့ ကျွမ်းကျင်မှုနဲ့ အကူအညီတွေ ရထားလို့သာ ဒီလို ထုတ်လုပ်နိုင်တာလို့ ယူဆကြပါတယ်။ အဲဒါကြောင့်လည်း လက်နက်ထုတ်လုပ်တဲ့ နေရာတွေနဲ့ သိုလှောင်သိမ်းဆည်းတဲ့ နေရာတွေကို အစ္စရေးဘက်က အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်လေ့ ရှိပါတယ်။

ဟာမတ်စ်မှာ ဒုံးကျည်တွေ ဘယ်လောက်တောင် ရှိနေသလဲ ဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။ ဟာမတ်စ် လက်ထဲမှာ လက်နက် အရွယ်စုံ ဆိုက်စုံ ထောင်ပေါင်းများစွာ ရှိနေနိုင်ပါတယ်။ အစ္စရေး စစ်ဘက်မှာလည်း သူတို့ ခန့်မှန်းထားတာ ရှိပေမယ့် ထုတ်ပြောမှာတော့ မဟုတ်ပါဘူး။ အစ္စရေး ပြောခွင့်ရသူကတော့ ဟာမတ်စ် ဘက်က ဒီလို တိုက်ခိုက်မှုကို တော်တော် ကြာကြာဆက်ပြီး တိုက်သွားနိုင်လောက်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။

ပါလက်စတိုင်းတွေဘက်က ဒုံးကျည်မျိုးစုံကို သုံးနေတာဖြစ်ပြီး အခြေခံ ပုံစံအားဖြင့်ကတော့ ဘယ်ဟာမှ အသစ်အဆန်း မဟုတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီဒုံးကျည်တွေကိုပဲ အကွာအဝေး ပိုများပြီး ပေါက်ကွဲအား ပိုကောင်းဖို့ တွေကို လုပ်လာတာကို တွေ့နေရပါတယ်။

ဒုံးကျည် ဒီဇိုင်းနဲ့ နာမည်တွေက နည်းနည်း ရှုပ်ထွေးသလို ရှိပေမယ့် ဟားမတ်စ်မှာ ရှိနေတဲ့ ဒုံးကျည်တွေထဲမှာ အဓိက အားဖြင့် တာတိုပစ်တွေ များပါတယ်။ ၁၀ ကီလိုမီတာ( ၆ မိုင်) လောက် ပစ်နိုင်တဲ့ Qassam၊ နောက် ၁၆ ကီလိုမီတာလောက်အထိ ရောက်တဲ့ Quds 101၊ ၅၅ ကီလိုမီတာ အထိရောက်တဲ့ Grad နဲ့ Sejil 55 တို့ အများအပြား ရှိနေပါတယ်။

ဒီထက်ပိုပြီး နီးတဲ့ နေရာကို ပစ်ချင်ရင်တော့ ရိုးရိုး မော်တာကျည်ကိုပဲ သုံးပြီး ပစ်ကြပါတယ်။

ဒီလို တာတိုပစ်တွေအပြင် ဟားမတ်စ်မှာ ၇၅ ကီလိုမီတာ အထိ ရောက်တဲ့ M-75၊ ကီလိုမီတာ ၁၀၀ အထိ ရောက်တဲ့ Fajr နဲ့ ကီလိုမီတာ ၁၂၀ အထိသွားနိုင်တဲ့ R-160 တို့လည်း ရှိပါတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး M-302 ဆိုရင် ကီလိုမီတာ ၂၀၀ အဝေးအထိရောက်နိုင်ပါတယ်။ ဆိုတော့ ဟာမတ်စ် လက်ထဲမှာ ဂျေရုဆလင်ရော တဲလ်အဗစ်ရောကိုရော ရောက်နိုင်တဲ့ လက်နက်တွေရှိနေတာ သိသာနေပါတယ်၊ နောက်ပြီး အစ္စရေးရဲ့ လူသူ အထူထပ်ဆုံးနဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အဦတွေ ရှိတဲ့ ကမ်းရိုးတန်း တလျှောက်လုံးကိုလည်း ခြိမ်းခြောက်နိုင်ပါတယ်။

အစ္စရေးဘက်ကို ၃ ရက် လောက်အတွင်းမှာတင် ဒုံးကျည်အစင်း ၁,၀၀၀ ကျော်နဲ့ ပစ်ခတ်တာ ခံခဲ့ရပြီး အဲဒီထဲက ၂၀၀ လောက်က ဂါဇာ ကမ်းမြှောင်ထဲမှာပဲ ပြန်ကျသွားခဲ့တယ်လို့ အစ္စရေး စစ်ဘက်က ပြောပါတယ်။

နောက်ပြီး အစ္စရေးဘက်ကို ရောက်လာတဲ့ ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းကိုတော့ အစ္စရေးရဲ့ Iron Dome ဒုံးခွင်းဒုံး စနစ်က လမ်းမှာပဲ ဖြတ်ပြီး ပစ်ချ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် တကြိမ်မှာတော့ Ashkelon မြို့ကို ကာကွယ်နေတဲ့ ဒုံးခွင်းဒုံးတွေ နည်းပညာ ချို့ယွင်းချက်ကြောင့် လိုင်းကျပြီး အလုပ်မလုပ်ဘဲဖြစ်နေခဲ့တာလည်း ရှိပါတယ်။ ဒါကြောင့် တဖက်မှာ နည်းပညာပိုင်းအရ ကြီးမားတဲ့ အောင်မြင်မှု တခုလို ဆိုနေပေမယ့် တဘက်မှာတော့ လုံးဝ ဒုံးကျည်လုံမယ့် စနစ် မဟုတ်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

တဖက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို ဖျက်ဆီးပစ်ဖို့ကလည်း သိပ်ပြီ ရွေးချယ်စရာတော့ မရှိပါဘူး။ ဒုံးခွင်းဒုံး စနစ် တွေတပ်ဆင်မယ်၊ တဖက်က လက်နက် သိုလှောင်ရာနဲ့ ထုတ်လုပ်ရာတွေကို ပစ်မှတ်ထား ဖျက်ဆီးတာ မျိုးတွေပဲ လုပ်စရာ ရှိပါတယ်။

ဒီလို မဟုတ်ဘဲ မြေပြင် ထိုးစစ်နဲ့ ဒုံးကျည်တွေ ထိရောက်တဲ့ အကွာအဝေး ထက်ပိုဝေးစေမယ့် နေရာတွေအထိ ပစ်လွှတ်ရာနေရာတွေ နောက်ဆုတ်သွားအောင် လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီမှာက ဒီနည်းကို သုံးဖို့ သိပ်မဖြစ်နိုင်ပါဘူး။

အကြောင်းက ပါလက်စတိုင်းတွေအဖို့ မဟာဗျူဟာမြောက် ရွှေ့စရာ နေရာမရှိသလို ပြေးစရာ မြေကို မရှိတာပါ။ ဒါကြောင့် ဒုံးကျည် ပစ်လွှတ်မှုကို ဟန့်တားဖို့ မြေပြင်ထိုးစစ်ဆိုတာ ဖြစ်နိုင်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၄ တုန်းက အစ္စရေးဘက်က လုပ်ခဲ့တဲ့ ဂါဇာ ထိုးစစ်မှာတော့ လူအသအပျောက်က သိသိသာသာ များခဲ့တာကို တွေ့ရပါတယ်။

အဲဒီတုန်းက ပါလက်စတိုင်း ဘက်က အရပ်သား ပြည်သူ ၁,၄၆၂ ယောက် အပါအဝင် ၂,၂၅၁ ယောက် သေဆုံးခဲ့ရပြီး အစ္စရေး ဘက်ကတော့ တပ်ဖွဲ့ဝင် ၆၇ ယောက် သေဆုံးခဲ့ရပြီး အရပ်သား ၆ ယောက် သေဆုံးခဲ့ရပါတယ်။

ဒီလို ဒုံးကျည်တွေနဲ့ လှမ်းပစ်၊ ဒီဘက်က လက်တုံ့ပြန် နောက် မြေပြင် ထိုးစစ်တွေ လုပ်နေတဲ့ သံသရာ လည်နေသမျှတော့ ဘယ်ဘက်ကမျ အသာရနိုင်မှာ မဟုတ်ပါဘူး။ အဖြစ်နိင်ဆုံးက နောက်တကြိမ် ထပ် မတိုက်ကြခင် ကြားကာလမှာ အေးချမ်းနေကြတာလောက်ပဲ မျှော်လင့်နိုင်ကြပါတယ်။ အခုတခါ တိုက်ခိုက်မှုတွေဟာ ဂျေရုဆလင်မှာ ဖြစ်ခဲ့တဲ့ တင်းမာမှုတွေကနေစခဲ့တာလို့ ဆိုကောင်းဆိုနိုင်ပါတယ်၊ တဖက်မှာတော့ အစ္စရေး-ပါလက်စတိုင်း ပြဿနာဟာ မျက်ကွယ်ပြုထားလို့ မရဘူးဆိုတာကို ပြသနေပါတယ်။

ဒါပေမယ့် အာရပ်နိုင်ငံ တော်တော်များများက အစ္စရေးနဲ့ ငြိမ်းချမ်းရေးတွေ ယူလာနေကြသလို ပါလက်စတိုင်းတွေကလည်း နိုင်ငံရေး အရ သွေးကွဲနေကြဆဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ဆိုတာကလည်း လက်ရှိ အစ္စရေး အစိုးရရဲ့ လုပ်ငန်းစဥ်တွေထဲမှာ သိပ်ပြီး အရေးကြီးတဲ့ အထဲမှာ မပါတာကြောင့် ရှေ့မှာ တိုးတက်တဲ့ လက္ခဏာမြင်ရဖို့ သိပ်ရှိမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် ရှေ့ကို ခရီးဆက်ဖို့ အတွက် ပါဝင်ပတ်သက်နေတဲ့ နိုင်ငံနဲ့ အဖွဲ့အစည်းတွေကပါ စိတ်ပါဝင်စားမှု ရှိရမှာ ဖြစ်သလို ပြင်ပကပါ ပါဝင် ကူညီဖို့ လိုအပ်နေပါတယ်။ လတ်တလော မှာ ဒီလို အခြေအနေမျိုး ဖြစ်လာဖို့ နီးနီးစပ်စပ် တူတာ ဘာတခုမှ ရှိမနေသေးပါဘူး။