ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင် ၂၄ ရက်နေ့ တနင်္ဂနွေနေ့ည နောက်ဆုံးရ ကမ္ဘာ့သတင်းများ
ရုရှားတို့က ယူကရိန်း အိုဒက်ဆာမြို့ကို မစ်ဆိုင်းနဲ့ပစ်
ရုရှားနိုင်ငံဟာ အိုဒက်ဆာမြို့ကို မစ်ဆိုင်းဒုံးကျည်နဲ့ တိုက်ခိုက်မှုအပေါ် ကာကွယ်ပြောဆိုလိုက်ပြီး သူတို့အဆို စစ်သင်္ဘာလို့ ခေါ်တဲ့ လက်နက်သိုလှောင်ရာ နေရာတစ်ခုကို ထိမှန်ခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
လေကြောင်းကနေ အသေအချာ တိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ ကင်းလှည့်လှေတစ်စီးကို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစောပိုင်း ထုတ်ပြန်ချက်မှာ ရည်ညွှန်းဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို ကမ္ဘာတစ်ဝန်း နိုင်ငံတွေက ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
ဒီဆိပ်ကမ်းကို ပစ်မှတ်ထား တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ကတိပြုခဲ့သလို အိုဒက်ဆာမြို့ကနေ ဂျုံတင်ပို့မှုတွေ ပြန်လည် စတင်နိုင်ဖို့ ခွင့်ပြုပေးဖို့ သဘောတူညီချက်တစ်ခုကို ရုရှားဘက်က လက်မှတ်ရေးထိုးခဲ့ပြီး တစ်ရက်အကြာမှာ ဒီတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးကတော့ ဒါဟာ ရုရှားတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတစ်ခုလို့ ပြောပါတယ်။
ဖိလစ်ပိုင်က ဘွဲ့နှင်းသဘင် အခမ်းအနားပစ်ခတ်မှုဖြစ်လို့ ၃ ဦးသေဆုံး
ဖိလစ်ပိုင်နိုင်ငံက ဥပဒေကျောင်းတစ်ကျောင်းရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား မတိုင်ခင် သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲက တစ်ယောက်ဟာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက မြို့တော်ဝန်ဟောင်း ဖြစ်ပါတယ်။
သူဟာ သမီးဖြစ်သူရဲ့ ဘွဲ့ယူတာကို ကြည့်ရှု့ဖို့ မြို့တော်မနီလာမြို့ရဲ့ အရှေ့မြောက်ဘက်က ကာဇွန်း မြို့က အခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်သမားကိုလည်း ရဲတပ်ဖွဲ့က ဖမ်းမိထားပြီး သူဟာ အဲဒီမြို့တော်ဝင်ဟောင်းနဲ့ ဥပဒေကြောင်းဆိုင်ရာ အငြင်းပွားမှု တစ်ခုအတွင်း ပါဝင်ပတ်သတ်ခဲ့ပုံရတယ်လို့ ယူဆရပါတယ်။
အဲဒီအခမ်းအနားကို ဖိလစ်ပိုင် တရားသူကြီးချုပ် ကိုယ်တိုင် ဧည့်သည်အဖြစ် တက်ရောက်အမှာစကားပြောဖို့ သွားစဥ်မှာ ဒီပစ်ခတ်မှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
မနီလာမြိုအနီး ကာဇွန်း မြို့က အဲဒီ ကျောင်းကိုတော့ လောလောဆယ်မှာ အဝင်အထွက်တွေ ကန့်သတ်ထားလိုက်ပါပြီ။ ဒီတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကိုတော့ လောလောဆယ်ထိ ရဲတပ်ဖွဲ့က ထုတ်ဖော်မပြောသေးပါဘူး။
သီရိလင်္ကာရုံး သမ္မတ ပြန်ဖွင့်တော့မယ်
သီရိလင်္ကာသမ္မတရုံးထဲကနေ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ပြီးခဲ့တဲ့ သောကြာနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ရှင်းလင်းပြီးတဲ့နောက်ပိုင်း လာမယ့် တနင်္လာနေ့မှာ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကိုလိုနီအဆောက်အအုံ အဲဒီရုံးကြီးကို နိုင်ငံတွင်း စီးပွားရေး အကျပ်ရိုက်စေခဲ့တဲ့ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို 'ဒေါသထွက်နေကြတဲ့ ဆန္ဒပြသမားတွေက ဒီလအစောပိုင်းမှာ သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသမားတွေကို ဖယ်ရှားရာမှာ အသစ်တက်လာတဲ့ သမ္မတ ရာနေးလ် ဝတ်ခရစ်မာဆင်းဂါ ရဲ့ အမိန့်နဲ့ အကြမ်းဖက်နည်းသုံးခဲ့တဲ့အတွက် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချခဲ့ကြပါတယ်။
သမ္မတဟောင်း ဂိုတာဘာရာ ရာဂျာပါဆကာ ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံတွင်းကနေ ထွက်ပြေးခဲ့ပါတယ်။
သမ္မတ အိမ်တော်အနီးမှာရှိတဲ့ သတ်မှတ်ထားတဲ့ နေရာမှာ ဆန္ဒပြသမားတွေ လွတ်လွတ်လပ်လပ် ဆက်လက် ဆန္ဒပြနိုင်တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး အာဖရိက ကိုသွား
ယူကရိန်းဆိပ်ကမ်းမြို့ အိုဒက်ဆာမြို့ကို မနေ့ စနေနေ့က တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံတကာရဲ့ အမျက်ထွက်မှုနဲ့ ရုရှားနိုင်ငံ ရင်ဆိုင်နေရချိန်မှာ ရုရှားနိုင်ငံခြားရေး ဆာဂေး လက်ဘရော့ဟာ သံတမန်ရေး လက်ဦးမှု ရယူဖို့အတွက် အာဖရိကကို သွားရောက် နေပြီ ဖြစ်ပါတယ်။
ရုရှားနဲ့ကော အမေရိကန်နဲ့ပါ မျှမျှတတ ဆက်ဆံဖို့ ကြိုးစားနေတဲ့ အီဂျစ်နိုင်ငံကို မစ္စတာ လက်ဘရော့ အရင်ဆုံး သွားရောက်မှာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်မှုကြောင့် ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ အကျပ်အတည်း ဆိုက်ဖို့ အစပျိုးခဲ့တယ်လို့ ရုရှားတို့ စွပ်စွဲခံထားရပြီး အဲဒီလို အခြေအနေ အဆိုးဆုံး ခံရတဲ့ နိုင်ငံတွေထဲမှာ အာဖရိက နိုင်ငံတွေလည်း ပါဝင်ပါတယ်။
ဒီခရီးစဥ်အတွင်း မစ္စတာ လက်ဘရော့ဟာ အာရပ် အဖွဲ့ချုပ်နဲ့လည်း တွေ့ဆုံဖို့ ရှိသလို အီသီယိုပီးရား၊ ယူဂန်ဒါနဲ့ ကွန်ဂိုနိုင်ငံတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားက တောမီး
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ဒေသအချို့ တောမီးတွေ အကြီးအကျယ်လောင်ကျွမ်းမှုနေပြီး ရိုစက်မတီး အမျိုးသားဥယျာဉ်အနီး တောမီးတွေ ကူးလာလို့ အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့မှ စတင်ပြီးတော့ တောမီးဟာ လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး မီးသတ်သမားတွေက တောမီးကို ထိန်းချုပ်နိုင်ရေးအတွက် ရုန်းကန်နေရပါတယ်။
တောမီးကြောင့် လူပေါင်း ၆၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ပါတယ်။
မီးငြှိမ်းသတ်ဖို့ မီးသတ်သမား ၄၀၀ နဲ့ ရဟတ်ယာဉ်လေးစင်း ဖြန့်ကြက်ချထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဒေသ ပြောရေးဆိုခွင့်ရှိသူတွေကတော့ တောမီးကို လာမည့်သီတင်းပတ်ထဲမှာ ထိန်းနိုင် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
တောမီးတွေ အနားကပ်လာလို့ဒေသခံတွေဟာ နေအိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်းနဲ့ သောကြာနေ့က မီးလောင်ကျွမ်းမှုမှ ထွက်ပြေးရန် ကြိုးပမ်း ခဲ့တဲ့ ခြေဗလာနဲ့ သက်ကြီးရွယ်အိုတစ်ဦးကို သူ့ရဲ့ကား မြောင်းထဲသို့ ဝင်တိုက်မိပြီးနောက် မီးသတ်သမားများက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။