ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှင်ဇို အာဘေး - ဂျပန့် သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်
ရှင်ဇိုအာဘေးဟာ ဂျပန်ရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်ပါတယ်။ သူ့ရဲ့ တင်းမာတဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ နောက်ပိုင်းမှာ အာဘေနောမစ် လို့ တင်စားခဲ့ကြရတဲ့ ကျော်ကြားခဲ့တဲ့ သူ့ရဲ့စီးပွားရေးဗျူဟာတွေကြောင့် ထင်ရှားသူတစ်ယောက်လည်း ဖြစ်ပါတယ်။
ရှေးရိုးစွဲ အမျိုးသားရေး ဝါဒီလို့ ဆိုနိုင်တဲ့ ရှင်ဇိုအာဘေးဟာ လစ်ဘရယ် ဒီမိုကရက် ပါတီ (LDP) ကို ရွေးကောက်ပွဲ ၂ ကြိမ်အနိုင်ရအောင် ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ ပထမ ဝန်ကြီးချုပ် သက်တမ်းကတော့ သိပ်မကြာလိုက်ပါဘူး။ ၂၀၀၆ ခုနှစ် နှစ်ဆန်းပိုင်းက ဖြစ်ပြီး အချိန်အားဖြင့် ၁ နှစ်ကျော်သာ ကြာခဲ့ပြီး အငြင်းပွားဖွယ်ရာတွေနဲ့ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၂ ခုနှစ်မှာတော့ ရှင်ဇိုအာဘေးရဲ့ တကြော့ပြန် နိုင်ငံရေး ခရီးစခဲ့ပြန်ပါတယ်။ ဒီတခါတော့ ၂၀၂၀ အထိ ဝန်ကြီးချုပ်အဖြစ် ရှိနေခဲ့ပြီးမှ ကျန်းမာရေး အကြောင်းပြချက်တွေနဲ့ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ အာဘေး ဒုတိယ သက်တမ်း စတင် တာဝန်ထမ်းဆောင်ချိန်မှာ ဂျပန်မှာ စီးပွားပျက်ကပ်နဲ့ ကြုံနေရစဉ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ငွေကြေးဆိုင်ရာ ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးတာ၊ ဘဏ္ဍာရေး အကူအညီတွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပိုင်းဆိုင်ရာမှာ အပြောင်းအလဲတွေ လုပ်တဲ့ သူ့ရဲ့ စီးပွားရေး မူဝါဒတွေကို ချမှတ်ဖော်ဆောင်ခဲ့ပါတယ်။ ဒါတွေကြောင့်ပဲ ကျဆင်းနေတဲ့ ဂျပန်ရဲ့ စီးပွားရေး ပြန်လည် ဦးမော့ ခေါင်းထောင် ဖွံ့ဖြိုးလာခဲ့ပါတယ်။
နောက်ပြီး ၂၀၁၁ ခုနှစ်က ဧရာမ ငလျင်ကြီးနဲ့ ဆူနာမီလှိုင်း တွေကြောင့် လူပေါင်း ၂၀၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ဖူကူရှီမား နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှုတွေနဲ့ ကြုံခဲ့ရတဲ့ တိုဟိုကူမှာလည်း ပြန်လည် ထူထောင်ရေးတွေလုပ်နိုင်ဖို့ ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ မစ္စတာ အာဘေးဟာ တာဝန်ကနေ အနားယူခဲ့ပါတယ်။ သူ့မှာ အူမရောင်နာလို ဝမ်းတွင်းရောဂါ တမျိုး ပြန်ဖြစ်လာတဲ့ အတွက်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်က သူပထမ သက်တမ်း တာဝန်ထမ်းဆောင်နေရာကနေ နုတ်ထွက်သွားတုန်းကလည်း ဒီရောဂါက စခဲ့တာ ဖြစ်ပါတယ်။
သူ ဒုတိယအကြိမ် တာဝန်ကနေ အနားယူခဲ့ပြီးနောက်မှာ သူ့နေ့ရာကို ပါတီတွင်း မဟာမိတ် ဖြစ်တဲ့ ယိုရှီဟီဒဲ ဆုဂ က ဆက်ခံ ခဲ့ပါတယ်။ ဒါပေမယ့် မစ္စတာ အာဘေးဟာ ဂျပန် နိုင်ငံရေး လောကမှာ အင်မတန် သြဇာအာဏာကြီးတဲ့ ပုဂ္ဂိုလ်တယောက်အဖြစ် ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
အထွတ်အထိပ်သို့ ရောက်ရှိခြင်း
အရင်က ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ရှင်တာရို အာဘေးရဲ့ သား၊ အရင် ဂျပန်ဝန်ကြီးချုပ် နိုဘူဆုကဲ ကိရှိ ရဲ့ မြေးလည်း ဖြစ်တဲ့ ရှင်ဇိုအာဘေးကိုလည်း ဂျပန်နိုင်ငံရေး လောကရဲ့ တော်ဝင် တယောက်လို့ ဆိုနိုင်ပါတယ်။
သူဟာ ၁၉၉၃ ခုနှစ်မျာ ပါလီမန် အမတ်တယောက် ဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ ဂျပန် အစိုးရ ကက်ဘိနက် အဖွဲ့ဝင် တယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီတုန်းက ဝန်ကြီးချုပ် ဂျူနိချီရို ကိုအိဇုမိ က သူ့ကို အဆင့်မြင့် ရာထူးတာဝန်တခု ဖြစ်တဲ့ ကက်ဘိနက်ရဲ့ အတွင်းရေးမှူးချုပ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာတော့ သူဟာ ဂျပန်နိုင်ငံရေး လောကရဲ့ အထွတ်အထိပ်ကို ခပ်မြန်မြန်ပဲ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ရှင်ဇိုအာဘေးဟာ ဒုတိယ ကမ္ဘာစစ်လွန်ကာလရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် အစိုးရရဲ့ ပင်စင်မှတ်တမ်း ပျောက်ဆုံးမှုတွေကြောင့် ပင်စင်စား သန်း ၅၀ လောက် ထိခိုက်နစ်နာရတာ လိုမျိုး ပြဿနာတွေ၊ အရှုပ်အထွေးတွေက သူ့ အစိုးရကို အထိနာစေခဲ့ပါတယ်။
၂၀၀၇ ခုနှစ်က အထက်လွှတ်တော် ရွေးကောက်ပွဲမှာ သူ့ရဲ့ LDP ပါတီဟာ အရှုံးကြီး ရှုံးခဲ့ရပြီးနောက် အဲဒီနှစ် စက်တင်ဘာလမှာပဲ အူရောင်နာ ကြောင့် သူလည်း တာဝန်ကနေ နုတ်ထွက်ခဲ့ပါတယ်။
အဲဒီနောက် ၅ နှစ်အကြာ ၂၀၁၂ ခုနှစ်မှာ မစ္စတာ အာဘေး တယောက် ဒုတိယအကြိမ် ဝန်ကြီးချုပ် ဖြစ်လာပြန်ပါတယ်။ ဆေးစွမ်းကောင်းလို့ သူ့ရောဂါကို ကျော်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
အဲဒီနောက်မှာ ၂၀၁၄ နဲ့ ၂၀၁၇ ခုနှစ်တွေမှာလည်း သူဟာ ဝန်ကြီးချုပ်အဖြစ် ထပ်မံ အရွေးခံခဲ့ရပြန်ပါတယ်။ ဂျပန်ရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ လူကြိုက်များမှုက တက်လိုက် ကျလိုက် ဖြစ်ခဲ့တယ် ဆိုနိုင်ပေမယ့် အာဏာရ LDP ပါတီထဲမှာတော့ သူက ဆက်လက်လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ သူ တတိယအကြိမ် သက်တမ်း တာဝန်ထမ်းဆောင်နိုင်ဖို့ အတွက် ပါတီရဲ့ စည်းကမ်းကို ပြင်ခဲ့ရတဲ့ အထိပဲ ဖြစ်ပါတယ်။
အမျိုးသားရေး ဝါဒီ
မစ္စတာ အာဘေးဟာ သူ့ရဲ့ တင်းမာတဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဆိုင်ရာ မူဝါဒတွေနဲ့လည်း လူသိများသူ ဖြစ်ပါတယ်။ သူဟာ ဂျပန်ရဲ့ စစ်ပြီးခေတ်မှာ ရေးဆွဲထားတဲ့ စစ်ဆန့်ကျင်တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီဖွဲ့စည်းပုံကို အမေရိကန်တွေက အကြမ်းရေးဆွဲခဲ့တာ ဖြစ်ပြီး ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် စစ်ရှုံးခဲ့တာကို ပြန်ပြီး အမှတ်ရစေတယ်လို့ ရှေးရိုးစွဲ သမားတွေက ရှုမြင်ကြပါတယ်။
မစ္စတာ အာဘေးရဲ့ အမျိုးသားရေး အမြင်တွေကြောင့် မကြာခဏ ဆိုသလို တရုတ်၊ တောင်ကိုရီးယားတို့နဲ့ ထိပ်တိုက်တွေ့တတ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က တိုကျိုမြို့မှာ ရှိတဲ့ ဒုတိယကမ္ဘာစစ် မတိုင်မီနဲ့ စစ်တွင်းကာလက ဂျပန်ရဲ့ စစ်ဝါဒနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ယာစုကုနိဗိမာန် ကို သွားခဲ့တဲ့နောက်ပိုင်းမှာပို အဖြစ်များခဲ့တယ်လို့ ဆိုရမှာပါ။
သူဟာ အဲဒီ ယာစုကုနိ ဗိမာန်ကို အကြိမ်ကြိမ် ထပ်သွားခဲ့တာကြောင့် ဂျပန်က လက်ဝဲဝါဒီတွေကိုလည်း မကျေမနပ် ဖြစ်စေခဲ့ပါတယ်။ သူတို့က မစ္စတာ အာဘေးဟာ စစ်အတွင်းက ဂျပန်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ပြည်ဖုံးကားချဖို့ လုပ်နေတာလို့ ရှုမြင်ကြပါတယ်။
၂၀၁၅ ခုနှစ် အတွင်းမှာတော့ မစ္စတာ အာဘေးဟာ မိမိတိုင်းပြည်ကို ခုခံကာကွယ်ပိုင်ခွင့် အတွက် တွန်းလုပ်ခဲ့ပါတယ်။ ဂျပန်နဲ့ မဟာမိတ်တွေ တိုက်ခိုက်ခံရရင် ရေခြားမြေခြားကို ဂျပန်တပ်ဖွဲ့တွေ စေလွှတ်နိုင်ဖို့ အထိ လုပ်ခဲ့ပါတယ်။
ဂျပန်ရဲ့ အိမ်နီးချင်းတွေနဲ့ ဂျပန် ပြည်သူလူထုထဲမှာပါ ဒီကိစ္စအပေါ် ဆန့်ကျင်မှုတွေ ရှိနေခဲ့ပေမယ့် ဂျပန်ပါလီမန်က ဒီအငြင်းပွားဖွယ်ရာ အပြောင်းအလဲကို အတည်ပြုပေးခဲ့ကြပါတယ်။
သူ့ရဲ့ မဟာရည်မှန်းချက်ကြီး ဖြစ်တဲ့ ဖွဲ့စည်းပုံမှာ ဂျပန်ရဲ့ စစ်ရေးကဏ္ဍကို တရားဝင် အသိအမှတ်ပြုရေးအတွက် ပြင်ဆင်ရေးဆွဲဖို့ ကိစ္စကတော့ ဖြစ်မလာသေးပါဘူး။ အဲဒီကိစ္စဟာ ခုထက်ထိ ဂျပန်မှာ အငြင်းပွားနေကြဆဲ အကြောင်းအရာတခုလည်း ဖြစ်ပါတယ်။
နောက်ပြီး ဂျပန်က သူတို့ရဲ့ မြောက်ပိုင်းနယ်မြေတွေလို့ သတ်မှတ်ထားတဲ့ ကျွန်းတွေ ပြန်ရရေးကိုလည်း သူကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီကျွန်းတွေဟာ ဂျပန်မြောက်ဖျားက ဟိုကိုင်းဒိုး စီရင်စုရဲ့ ကမ်းလွန်ပင်လယ်ထဲမှာ တည်ရှိပြီး ဂျပန်နဲ့ ရုရှား အကြား သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
မစ္စတာ အာဘေးနဲ့ အရင်အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ အကြား ဆက်ဆံရေး ကောင်းတာကြောင့်လည်း အမေရိကန် ဦးဆောင်တဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး အကောက်နှုန်းတွေနဲ့ မယိုင်လဲသွားအောင်လုပ်နိုင်ခဲ့သလို ဂျပန်မှာ အမေရိကန်တပ်ဖွဲ့တွေ ဆက်လက်ထားရှိဖို့ အတွက် ဘဏ္ဍာရေးပိုင်းမှာ ပိုသုံးစွဲရမယ့် ကိစ္စတွေကနေလည်း ရှောင်လွှဲနိုင်ခဲ့ပါတယ်။
ကိုဗစ် -၁၉ နဲ့ စီးပွားရေး ကိုင်တွယ်မှု
Abenomics လို့ တင်စားကြတဲ့ မစ္စတာ အာဘေးရဲ့ မူပိုင် စီးပွားရေး မူဝါဒကြောင့် သူ့ပထမသက်တမ်းအတွင်း ဂျပန်စီးပွားရေး ပြန်ကောင်းလာခဲ့တယ်လို့ ရှုမြင်ကြပါတယ်။
အဲဒီအထဲမှာ ကာလတို အတိုးနှုန်း လျှော့ချမှုတွေကြောင့် စားသုံးသူတွေရော ထုတ်လုပ်ရောင်းချသူတွေဘက်မှာပါ ငွေတွေချေးငှား သုံးစွဲလာနိုင်ခဲ့ကြပါတယ်။ နောက်ပြီး အစိုးရက အခြေခံ အဆောက်အအုံပိုင်းတွေမှာ ပိုမို သုံးစွဲခဲ့သလို ဘဏ္ဍာရေး ထောက်ပံ့မှုနဲ့ အခွန်လျှော့ပေါ့မှုတွေပါ လုပ်ပေးခဲ့ပါတယ်။
အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမျိုးသမီး လုပ်သား အင်အားပိုများလာအောင်လည်း လုပ်နိုင်ခဲ့သလို ပြည်ပက လာရောက် လုပ်ကိုင်ကြသူတွေကိုလည်း ပိုမို ခွင့်ပြုပေးခဲ့သလို အလုပ်သမား ရှားပါးမှုတွေ လျော့ကျပြီး စီးပွားရေးပြန်လည် ခေါင်းထောင်ပြီး ဖွံ့ဖြိုးမှုတွေကို တဖန်ပြည်လည် မြင်လာခဲ့ရပါတယ်။
ဒါပေမယ့် ၂၀၂၀ နွေဦးကာလအတွင်း တိုင်းပြည်စီးပွားရေး ပြန်ကျလာခဲ့တဲ့ ဖြစ်ရပ်တွေက တချိန်က သူကြိုးပမ်းပေးခဲ့တဲ့ အရာတွေအပေါ် စိန်ခေါ်မှုကြီးတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီလို စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးလာတာတွေအတွက် သူ့ရဲ့ ချဉ်းကပ်ပုံတွေ နည်းလမ်းတွေက ထိရောက် မှန်ကန်မှု ရှိရဲ့လားဆိုတဲ့ မေးခွန်းတွေ မေးလာကြပါတယ်။
မစ္စတာ အာဘေးရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့လည်း စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ကြပြီး သူ့အပေါ်ရဲ့ လူထုထောက်ခံမှုပါ ထိခိုက်ခဲ့ရပါတယ်။
ဂျပန်မှာ ကိုဗစ်ကူးစက်မှုတွေ ပြန်တက်လာခဲ့ရတာဟာ မစ္စတာအာဘေးရဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်ဦးမော့လာရေး အတွက် ကြိုးပမ်းမှုတွေကြောင့် ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။
နောက်ပြီး အာဘေးနောမစ်ရဲ့ အာမခံချက်တွေထဲက အမျိုးသမီး လုပ်သား အင်အား တိုးပွားရေး၊ ဆွေးမျိုးကောင်းစားရေးလို့ ဆိုကြတဲ့ နီးစပ်တဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေကို နေရာပေးတဲ့ စနစ်တိုက်ဖျက်ရေးနဲ့ မကောင်းတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုတွေကို ပြောင်းလဲပစ်မယ်ဆိုတာတွေကို မလုပ်နိုင်သေးဘူးလို့ ပြောကြပါတယ်။
နိုင်ငံတကာ ဇာတ်ခုံမှာတော့ မစ္စတာ အာဘေးဟာ ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်စာချုပ် တည်မြဲအောင်လုပ်နိုင်ခဲ့တာနဲ့ ပတ်သက်လို့ နာမည်ရပါတယ်။ မစ္စတာ ထရမ့်ရဲ့ အမေရိကန် အစိုးက အဲဒီစာချုပ်ကနေ ရုတ်တရက် နုတ်ထွက်သွားခဲ့ပေမယ့် ကျန်တဲ့ ၁၁ နိုင်ငံနဲ့ ဆက်လက် ရပ်တည်သွားနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နုတ်ထွက်ခြင်း နဲ့ ကွယ်လွန်ခြင်း
၂၀၂၀ ခုနှစ်ရဲ့ သြဂုတ်လ ၂၈ ရက်နေ့မှာ မစ္စတာ အာဘေးက သူတာဝန်ကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက် အာဏာရ LDP ပါတီအတွင်း သူ့နေရာကို ဆက်ခံဖို့ အပြိုင်အဆိုင် ကြိုးပမ်းမှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် မစ္စတာ အာဘေးကတော့ သူ့နေရာကို ဆက်ခံမယ့်သူ ရွေးပေးဖို့ကို ငြင်းခဲ့ပါတယ်။
အဆုံးမှာတော့ ဝါရင့် နိုင်ငံရေးသမားနဲ့ ကာလရှည် ကက်ဘိနက် အဖွဲ့ဝင် ဖြစ်သူ ယိုရှီဟိဒဲ ဆုဂ က သူ့နေရာကို ဆက်ခံနိုင်ခဲ့ပါတယ်။
အဲဒီ မစ္စတာ ဆုဂရဲ့ နောက်မှာ လက်ရှိ ဝန်ကြီးချုပ်ဖြစ်တဲ့ ဖူမီယို ကိရှိဒ ဆက်လက်တာဝန် ထမ်းဆောင်ခဲ့ပေမယ့် ဂျပန့်ပြည်တွင်း နိုင်ငံရေး ဇာတ်ခုံကိုတော့ မစ္စတာ အာဘေးက ဆက်လက်လွှမ်းမိုး ထားနေခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက် သောကြာနေ့မှာတော့ မစ္စတာ အာဘေးဟာ ဂျပန် တောင်ပိုင်း နာရ မြို့မှာ ဂျပန်အထက်လွှတ်တော် အမတ်တယောက်အတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်နေခဲ့ပါတယ်။
မစ္စတာအာဘေးဟာ တက်ရောက်လာကြသူတွေကို မိန့်ခွန်းပြောနေစဉ် ဒေသံစံတော်ချိန် မနက် ၁၁ နာရီ ခွဲ ဝန်းကျင်မှာ သေနတ်သမားရဲ့ ပစ်ခတ် လုပ်ကြံမှုကို ခံခဲ့ရပါတယ်။
မစ္စတာ အာဘေးဟာ အနောက်ကနေ အပစ်ခံခဲ့ရတာ ဖြစ်ပြီးလည်ပင်းနဲ့ ရင်အုံမှာ ဒဏ်ရာရသွားကာ ချက်ချင်းလဲကျသွားခဲ့ပါတယ်။
ပစ်ခတ်မှု ဖြစ်ပြီးနောက် လုံခြုံရေးတွေက သေနတ်သမားကို အမိဖမ်းနိုင်ခဲ့ကြပါတယ်။ အဲဒီ သေနတ်သမားဟာ အသက် ၄၁ နှစ် အရွယ် ဖြစ်ပြီး ဂျပန် ရေတပ်မှာ အမှုထမ်းဖူးသူလို့ သိရပါတယ်။ ဂျပန် မီဒီယာတွေမှာတော့ ဒီလူဟာ နာရ မြို့မှာ နေထိုင်တဲ့ တက်စုယ ယာမဂမိ ဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။
မစ္စတာ အာဘေးကို နာရ ဆေးတက္ကသိုလ် ဆေးရုံကို ရဟတ်ယာဉ်နဲ့ ခေါ်သွားခဲ့ကြပါတယ်။ ဆေးရုံမှာ ဆရာဝန်တွေ၊ သူနာပြုတွေက သူ့အသက်ကို ကယ်နိုင်ဖို့ နာရီအတော်ကြာကြာ ကြိုးစားခဲ့ကြပေမယ့် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃ မိနစ်မှာတော့ မစ္စတာ အာဘေးကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ မစ္စတာ အာဘေးဟာ အသက် ၆၇ နှစ် ရှိပြီ ဖြစ်ပါတယ်။
၂၀၂၀ မှာ ဂျပန် ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်ခဲ့ပြီး ၂၀၂၂ မှာတော့ ဂျပန်ပြည်ကြီးကိုပါ နုတ်ဆက်သွားခဲ့ရပြီဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို သူနိုင်ငံတကာရဲ့ အလယ်မှာ စွမ်းဆောင်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ဝိုင်းဝန်းဂုဏ်ပြုနေကြပြီ ဖြစ်ပါတယ်။