သီရိလင်္ကာမှာ ပုဂ္ဂလိက မော်တော်ယာဉ်တွေကို သီတင်းနှစ်ပတ် ဓာတ်ဆီဝယ်ခွင့် ပိတ်လိုက်

    • ရေးသားသူ, အယ်နာဘဲလ် လီယန်း
    • ရာထူးတာဝန်, စီးပွားရေးသတင်းထောက်
  • ရေးသားခဲ့သည်။

ဆယ်စုနှစ်ပေါင်း များစွာအတွင်း အဆိုးဝါးဆုံး စီးပွားရေး အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ မသုံးမဖြစ် သုံးဖို့ မလိုတဲ့ မော်တော်ယာဉ်တွေအတွက် ဓာတ်ဆီရောင်းချမှုကို ဆိုင်းငံ့ထားဖို့ သီရိလင်္ကာ အစိုးရက ညွှန်ကြားလိုက်ပါတယ်။

လာမယ့် သီတင်းနှစ်ပတ်အတွင်း ဘတ်စ်ကား၊ ရထားနဲ့ ဆေးကုသရာမှာ သုံးတဲ့ လူနာတင်ယာဥ်လို မော်တော်ယာဉ်တွေ၊ အစားအသောက် သယ်ယူပို့ဆောင်တဲ့ မော်တော်ယာဉ်တွေကိုပဲ ဓာတ်ဆီ ဖြည့်ခွင့် ပြုမှာ ဖြစ်ပါတယ်။

မြို့ပြမှာ ရှိတဲ့ စာသင်ကျောင်းတွေ ပိတ်ထားလိုက်ပြီး ပြည်သူ ၂၂ သန်းကို အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အစိုးရတာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ သီရိလင်္ကာနိုင်ငံဟာ လောင်စာဆီနဲ့ အစားအစာတို့လို သွင်းကုန်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ကြိုးစားရုန်းကန်နေရပြီး ငွေကြေးအကူအညီရရေး သဘောတူချက်တစ်ခု ရဖို့ ဆွေးနွေးပြောဆိုနေပါတယ်။

"အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ လောင်စာဆီကို ခွဲတမ်းစနစ်နဲ့ ရောင်းချခဲ့ရပြီး လောင်စာဆီ ဝယ်လိုအား လျော့ကျသွားအောင် ကားအမြန်နှုန်းတွေကို ကန့်သတ်မှုတွေ စလုပ်ခဲ့ရတဲ့ ၁၉၇၀ ခုနှစ် ရေနံ အကျပ်အတည်းပြဿနာကြီး ဖြစ်ခဲ့ချိန်ကတည်းကဆိုရင် သီရိလင်္ကာနိုင်ငံဟာ သာမန်ပြည်သူတွေကို ဓာတ်ဆီရောင်းချမှု ရပ်ဆိုင်းလိုက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်တယ်"လို့ Investec ရေနံနဲ့ သဘာဝဓာတ်ငွေ့ လေ့လာသုံးသပ်ရေးဌာန အကြီးအကဲ နေသန် ပိုက်ပါ က ဘီဘီစီကို ပြောပါတယ်။

အဲဒီလို ရပ်ဆိုင်းလိုက်ရတာဟာ ရေနံစျေးအကြီးအကျယ် ထိုးတက်လာနေမှု၊ သီရိလင်္ကာမှာ နိုင်ငံခြား အရံသုံးငွေ လျော့နည်းလာနေမှုတွေပေါ် အခြေခံတယ်လို့ သူက ပြောပါတယ်။

သီရိလင်္ကာ ပြည်သူ အတော်များများက လောင်စာဆီမရှိဘဲ သူတို့ဘယ်လို ရှေ့ဆက် ရမလဲ ဆိုတာ မသိကြပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သီရိလင်္ကာနိုင်ငံတဝန်း ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီဖြည့်ဖို့ စောင့်ဆိုင်းနေကြတဲ့ ကားတန်းရှည်ကြီးတွေကို တွေ့နေရပါတယ်။

အခုလို သာမန်ပြည်သူတွေကို ဓာတ်ဆီဝယ်ယူခွင့် ပိတ်ပင်လိုက်ခြင်းအားဖြင့် နောက်ထပ် ပြဿနာတွေနဲ့ ပိုရင်ဆိုင်လာရဖို့ပဲ ရှိတယ်လို့ ကိုလမ်ဘိုမြို့က အငှားယာဉ်မောင်းသူ အသက် ၂၉ နှစ်အရွယ် ချင်သာကာ ကူမာရာ က ယူဆနေပါတယ်။

"ကျွန်တော်က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူပါ။ ဓာတ်ဆီဆိုင်မှာ တန်းစီနေရတာ ၃ ရက် ရှိသွားပါပြီ။ ဘယ်တော့ ဓာတ်ဆီရမလဲ ဆိုတာ မသိဘူး" လို့ သူက ဘီဘီစီ ဆင်ဟာလာ ဌာနကို ပြောပြပါတယ်။

အခုတော့ ကားမောင်းသမားတွေကို ခွဲတမ်းစနစ်နဲ့ ဓာတ်ဆီဝယ်ခွင့်ပြုမယ့် တိုကင်တွေ လိုက်ဝေပေးခဲ့ပြီး လောလောဆယ် အိမ်ပြန်ကြဖို့ ပြောထားပါတယ်။ တချို့က ဆက်တန်းစီနေကြဆဲ ဖြစ်ပြီး တချို့ကတော့ ဆက်တန်းမစီနိုင်ကြတော့ပါဘူး။

ကျွန်တော် တန်းစီနေတာ နှစ်ရက် ရှိသွားပြီ၊ ကျွန်တော့် တိုကင်နံပတ်က ၁၁၊ ဒါပေမဲ့ ဘယ်တော့ ဓာတ်ဆီရမလဲဆိုတာ မသိဘူး လို့ အသက် ၅၂ နှစ်အရွယ် ပုဂ္ဂလိကဝန်ဆောင်မှု ကဏ္ဍက အမှုဆောင်အရာရှိ အက်စ် ဝီဂျီတွန်ဂါ က ဘီဘီစီကို ပြောပြပါတယ်။

"ကျွန်တော့်ရုံးကို အခုသွားဖို့ လိုတယ်။ ဒါပေမဲ့ ကားကို ဓာတ်ဆီဆိုင်မှာပဲ ထားပြီး သုံးဘီးနဲ့ သွားဖို့ကလွဲလို့ တခြား ရွေးစရာလမ်း ကျွန်တော့်မှာ မရှိတော့ဘူး"

ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်း

ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေးကို အကြီးအကျယ် ထိခိုက်သွားခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီစျေးတွေ ထိုးတက်လာမှု၊ အများကြိုက်အောင် အခွန်ငွေ လျှော့ချ ဖြတ်တောက်ခဲ့မှုတွေကြောင့် မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူ တင်သွင်းဖို့ နိုင်ငံခြားငွေ အလုံအလောက် မရှိ ဖြစ်ခဲ့ရပါတယ်။

လောင်စာဆီ၊ အစားအသောက်နဲ့ ဆေးဝါးတွေ အကြီးအကျယ် ပြတ်လပ်နေမှုကြောင့် သီရိလင်္ကာနိုင်ငံမှာ စံချိန်တင်ရလောက်အောင် လူနေမှုစရိတ်တွေ ထိုးတက်သွားခဲ့ရပါတယ်။ လူအတော်များများက မော်တော်ယာဉ်တွေကို မှီခိုပြီး အသက်မွေး ဝမ်းကျောင်းနေကြရတာ ဖြစ်ပါတယ်။

ပုဂ္ဂလိက မော်တော်ယာဉ်တွေကို ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ဝယ်ယူခွင့် ဇူလိုင်လ ၁၀ ရက်နေ့အထိ ပိတ်ပင်ထားမယ်လို့ သီရိလင်္ကာ အစိုးရက တနင်္လာနေ့တုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ နိုင်ငံသမိုင်းမှာ ဒီလောက် ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်းကြီးနဲ့ ဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူး လို့ သီရိလင်္ကာအစိုးရ ကက်ဘိနက်ဝန်ကြီးအဖွဲ့ ပြောခွင့်ရသူ ဗန္ဓုလ ဂူနီဝါဒီနာ က ပြောပါတယ်။

ငွေကြေးအကျပ်တည်း ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံဟာ ရေနံကို စျေးပေါပေါနဲ့ ရနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ လောင်စာဆီ အဓိက ထုတ်လုပ်တဲ့ ရုရှားနဲ့ ကာတာနိုင်ငံတို့ဆီကိုလည်း တာဝန်ရှိသူတွေကို စေလွှတ်ခဲ့ပါတယ်။

လာမယ့် ရက်ပိုင်းအတွင်းမှာ လောင်စာဆီ မသုံးမဖြစ် သုံးဖို့ လိုတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ဒီဇယ်ဆီ တန် ၉ ထောင်နဲ့ ဓာတ်ဆီ တန် ၆ ထောင်လောက်ပဲ ရှိတော့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းက ထုတ်ဖော်ပြောခဲ့ပါတယ်။

ပုံမှန် ဝယ်လိုအားအတိုင်းသာ ဆိုရင် လောင်စာဆီ သိုလှောင်ထားတဲ့ လောင်စာဆီက သီတင်းတစ်ပတ်တောင် မခံတော့ဘူးလို့ ခန့်မှန်းထားပါတယ်။

လောင်စာဆီတွေ ထပ်ရအောင် ကျွန်တော်တို့ အစွမ်းကုန် လုပ်နေကြပါတယ်။ ဒါပေမဲ့ ဘယ်တော့ ရမလဲ ဆိုတာ မသိပါဘူး လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ကန်ချာနာ ဝီဂျီဆီကီရာ က သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

"လောင်စာဆီ ဝယ်ယူမှု ကန့်သတ်လိုက်တာဟာ ပြဿနာ အကျပ်အတည်း ဆိုးဝါးလာနေတဲ့ နောက်ထပ် အရိပ်လက္ခဏာငယ် တစ်ခု ဖြစ်တယ်" လို့ Oxford Economics အဖွဲ့ရဲ့ ထိပ်တန်း စီးပွားရေး ပညာရှင် အဲလက်စ် ဟိုလ်မ်စ် က ဘီဘီစီကို ပြောပါတယ်။

"ဓာတ်ဆီဝယ်ဖို့ ကားတန်းရှည်ကြီးတွေနဲ့ တန်းစီနေကြရလို့ အသွားအလာတွေ အကြီးအကျယ် ခက်ခဲနေကြတာပါ။ အခုလို ပုဂ္ဂလိက မော်တော်ယာဉ်တွေကို ဓာတ်ဆီဝယ်ခွင့် လုံးဝ ပိတ်ပစ်လိုက်တာက ရှေ့တဆင့် တိုးပြီး စီးပွားရေး အထိနာမှုကို ပိုဆိုးသွားစေပါလိမ့်မယ်"လို့ သူက ပြောပါတယ်။

မေလတုန်းက သီရိလင်္ကာနိုင်ငံဟာ နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ ကြွေးရှင်တွေဆီက အကြွေးတွေကို ပြန်မဆပ်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

သမ္မတ ဂိုတာဘာယာ ရာဂျာပက်ကဆာ အစိုးရအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့အပြီး သီတင်းပတ်ပိုင်းအကြာမှာ အခုလို ဖြစ်ခဲ့တာပါ။ သူ့ရဲ့ အစ်ကို မဟင်ဒါက ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတအနေနဲ့လည်း ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သီရိလင်္ကာနိုင်ငံကို ငွေ ၃ ဘီလျံ ဒေါ်လာ အကူအညီပေးရေး သဘောတူချက်တစ်ခု အတွက် ဆွေးနွေးညှိနှိုင်းဖို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF က အုပ်စုတစ်စု ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သီရိလင်္ကာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

သီရိလင်္ကာအစိုးရက မရှိမဖြစ် လိုအပ်တဲ့ အခြေခံ ကုန်ပစ္စည်းတွေကို မှာယူတင်သွင်းနိုင်ဖို့အတွက် အိန္ဒိယနဲ့ တရုတ်ထံကနေ အကူအညီတွေ ရနိုင်ဖို့ကိုလည်း ကြိုးစားနေပါတယ်။ သီရိလင်္ကာနိုင်ငံဟာ အစားအသောက်၊ လောင်စာဆီနဲ့ မြေသြဇာလို အခြေခံကုန်ပစ္စည်းတွေ ဝယ်ယူ တင်သွင်းနိုင်ဖို့ လာမယ့် ၆ လတာ ကာလအတွင်း အနည်းဆုံး ဒေါ်လာ ၅ ဘီလျံ လိုအပ်နေတယ်လို့ ဝန်ကြီးချုပ်သစ် ရာနီးလ် ဝစ်ခရီမီဆင်ဂီက အခုလ အစောပိုင်းက ပြောပါတယ်။

အစားအစာတွေ ပြတ်လပ်သွားဖို့ ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်နေချိန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဝန်ကြီးတွေက လယ်သမားတွေကို စပါးတွေ ပိုစိုက်ကြဖို့ တိုက်တွန်းထားပြီး သီးပင်စားပင်တွေ စိုက်ဖို့ အစိုးရတာဝန်ရှိသူတွေကို တစ်ပတ်ကို အချိန်ပို တစ်ရက် အားရက်ပေးထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ ကိုဗစ် ကပ်ဘေးကြီးကြောင့် ဒီအကျပ်အတည်းကြီး ကြုံလာရတာလို့ အစိုးရက အပြစ်ပုံချနေပါတယ်။ သီရိလင်္ကာနိုင်ငံအတွက် နိုင်ငံခြားငွေ အများဆုံး ရှာပေးတဲ့ လုပ်ငန်းတွေထဲမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ အကဲခတ်အတော်များများကတော့ ကိုင်တွယ်အုပ်ချုပ်ပုံ ညံ့ဖျင်းမှုက စီးပွားရေးစနစ် ပြိုပျက်ခဲ့ရတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့ ပြောနေကြပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ကုန်ပစ္စည်း တင်ပို့ရောင်းချနိုင်တာထက် မှာယူတင်သွင်းနေရတာ ပိုများနေတာက နှစ်နဲ့ ချီနေသလို အငြင်းပွားစရာ အခြေခံအဆောက်အအုံ စီမံကိန်းတွေအတွက်လည်း တရုတ်ဆီမှာ အကြွေးတွေ စုပုံလာခဲ့တဲ့အတွက် နိုင်ငံရဲ့ အရံ နိုင်ငံခြားသုံးငွေဟာ လုံးဝ မရှိသလောက် အခြေအနေ ဖြစ်နေခဲ့တာပါ။ ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းလောက်မှာ နိုင်ငံခြားငွေ ပြတ်လပ်မှုပြဿနာ ဆိုးဝါးလာခဲ့ချိန်မှာတော့ နိုင်ငံခြားငွေ ထွက်တာကို ကန့်သတ်ဖို့ ကြိုးစားတဲ့အနေနဲ့ အစိုးရက လယ်သမားတွေကို ဒေသတွင်းထုတ် အော်ဂဲနစ် မြေသြဇာတွေကိုပဲ သုံးကြဖို့ တိုက်တွန်းခဲ့ပြီး ဓာတု ဓာတ်မြေသြဇာ တင်သွင်းမှုတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

အဲဒီအတွက်ကြောင့် နေရာအနှံ့အပြားမှာ စိုက်ခင်းတွေ မအောင်မမြင် ဖြစ်ခဲ့ရာကနေ သီရိလင်္ကာအစိုးရဟာ စားနပ်ရိက္ခာ သိုလှောင်စုဆောင်းနိုင်ဖို့အတွက် ပြည်ပကနေ မှာယူ တင်သွင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပြီး နိုင်ငံခြားငွေ ပြတ်လပ်မှုကို ပိုဆိုးသွားစေခဲ့ပါတယ်။

ရန်ဂါ ဆီရီလာလ်၊ ဆိုင်မွန် ဖရေဇာနဲ့ မိုက်ကယ် ရေ့စ် တို့ရဲ့ သတင်းပေးပို့ချက်တွေကို ဖြည့်စွက်ဖော်ပြထားပါတယ်။