ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း သမ္မတရဲ့ စည်းရုံးရေး
ယူကရိန်းရှေ့တန်းမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေက ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေကြချိန်မှာ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးကလည်း နိုင်ငံတကာရဲ့ အားပေးကူညီ ထောက်ပံ့မှုတွေ လျော့မသွားစေဖို့ အတွက် မရပ်မနားကြိုးစားနေပါတယ်။
မစ္စတာ ဇလန်းစကီးဟာ ကိယဗ်ကို ရောက်လာကြတဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာမျိုး၊ ထင်ရှားသူတွေနဲ့ အတူ ဓာတ်ပုံတွေ ရိုက်ပြတာမျိုး တွေအပြင် ဟိုလိုဂရမ်လို ပုံရိပ်ယောင်နဲ့ နည်းပညာဆိုင်ရာ ပွဲတွေ တက်ရောက်တာမျိုးတွေ စတဲ့ နည်းလမ်းမျိုးစုံသုံးပြီး စည်းရုံးနေတာ ဖြစ်ပါတယ်။
လက်နက်အင်အား များစွာ သာလွန်နေတဲ့ ရန်သူကို ရင်ဆိုင်ဖို့ရာ ယူကရိန်းဟာ နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်နေပါတယ်။ ဒါမှသာ သူတို့ဟာ ရုရှားတပ်တွေ ထပ်ပြီး ရှေ့မတိုးလာနိုင်အောင် တားနိုင်မှာ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ အကျပ်အတည်းတွေကို ကမ္ဘာက မပြတ် အာရုံစိုက်နေစေဖို့ သမ္မတ ဇလန်းစကီးရဲ့ ပြည်သူ့ ဆက်ဆံရေး ဌာနက နည်းလမ်းမျိုးစုံ ကြံဆပြီး ကြိုးစားပေးနေပါတယ်။
ဟိုလိုဂရမ်နည်းနဲ့ အကူအညီတောင်း
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မစ္စတာ ဇလန်းစကီးက ဟာ ပါရီမြို့မှာ ကျင်းပတဲ့ VivaTech နည်းပညာ ညီလာခံကို ဟိုလိုဂရမ်နည်းပညာနဲ့ တက်ရောက်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ တက်ရောက်ရတာကိုပဲ သူက နာမည်ကျော် အာကာသသိပ္ပံ ရုပ်ရှင်"Star Wars" ထဲကလိုပဲလို့ ရည်ညွှန်းခဲ့ပါသေးတယ်။ မစ္စတာ ဇလန်းစကီးက အဲဒီ ညီလာခံကို တက်ရောက်လာကြသူတွေကို မိန့်ခွန်းပြောကြားခဲ့ရာမှာ ဒီလို ဟိုလိုဂရမ်နဲ့ နိုင်ငံ့ခေါင်းဆောင် တယောက်က မိန့်ခွန်းပြောတာ ဖြစ်လေ့ ဖြစ်ထမရှိဘူးလို့ ဆိုပါတယ်။ ဆက်လက်ပြီး ဒါတခုတည်းတင် 'Star Wars' နဲ့ တူတာ မဟုတ်ဘူး၊ ရုပ်ရှင်ထဲကလိုပဲ Empire ကြီးကိုပါ အနိုင်ယူပစ်မှာလို့ ပြောခဲ့ပါတယ်။ သူက ရုရှားတပ်ဖွဲ့တွေကို ဒီကမ္ဘာကျော် ရုပ်ရှင်ထဲက ဆိုးယုတ် ဖိနှိပ်တဲ့ Empire ရဲ့ တပ်ဖွဲ့တွေနဲ့ နှိုင်းခဲ့တာ ဖြစ်ပါတယ်။
ဒီမိန့်ခွန်းပြောတဲ့ ကိစ္စကလည်း နည်းပညာ ကုမ္ပဏီကြီးတွေကို သူတို့ တိုင်းပြည် ပြန်လည်ထူထောင်ရေးတွေ လုပ်ရာမှာ ပါဝင်ကြဖို့ အတွက်နဲ့ ဒစ်ဂျစ်တယ် ဒီမိုကရေစီ စနစ်တခု တီထွင် ဖန်တီးကြဖို့ အခွင့်ကောင်းတခု အဖြစ် ကမ်းလှမ်းနိုင်ဖို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ထင်ရှားကျော်ကြား သူများ
ယူကရိန်း ကို ရုရှားရဲ့ ကျူးကျော်စစ် စတင်ကတည်းက ကမ္ဘာတဝန်းက ထင်ရှားကျော်ကြားသူတွေကလည်း ကမ္ဘာ့လူထုကြီးက ဒီအခြေအနေတွေကို သိအောင် ကြိုးစားပေးခဲ့ကြပါတယ်။ ယူကရိန်းကို အားပေး ထောက်ခံကြသလို ဒုက္ခသည်တွေအတွက် လိုအပ်မယ့် အလှူငွေ သန်းပေါင်းများစွာကိုလည်း ကောက်ခံပေးနိုင်ခဲ့ကြပါတယ်။
အဲဒီ ကူညီပေးကြတဲ့ ဆယ်လီဘရစ်တီ တွေထဲမှာ နာမည်ကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်၊ အဆိုတော် အက်ဒ် ရှီရင် တို့ အပြင် ရုပ်ရှင်လောကက နာမည်ကျော်တွေ ဖြစ်ကြတဲ့ ရှောန်ပဲန်း၊ အက်ရှ်တန် ခွတ်ချာ နဲ့ ယူကရိန်းသူ မီလာ ကူးနစ္စတို့တွေလည်း ပါကြပါတယ်။
မင်းသမီး နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရဲ့ အထူးသံတမန် ဖြစ်တဲ့ အန်ဂျလီနာ ဂျိုလီဆိုလည်း ပြီးခဲ့တဲ့ ဧပြီလ အတွင်းက ယူကရိန်းကို ရောက်လာပြီး စေတနာ့ ဝန်ထမ်းတွေနဲ့ ဒုက္ခသည်တွေကို တွေ့ဆုံ ခဲ့ပါတယ်။
မစ္စတာ ဇလန်းစကီးဟာလည်း တချိန်က ကိုယ်တိုင်လည်း ထင်ရှားကျော်ကြားတဲ့ ဆယ်လီ တယောက် ဖြစ်တဲ့အပြင် သူ့ ရုပ်ရှင် အဖွဲ့သားတွေနဲ့ အမြဲ ရင်းရင်းနှီးနှီး နေတတ်တဲ့ သူ တယောက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လနေ့က သူဟာ ကမ္ဘာ့ ဒုက္ခသည်များနေ့မှာ ကိယဗ်ကို ရောက်လာတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ သံတမန် တယောက်ဖြစ်သူ ဟောလီးဝုဒ်မင်းသား ဘဲန် စတေလ်လာနဲ့ တွေ့ဆုံခဲ့ပါတယ်။
မင်းသားက ဒီလို တွေ့ခွင့်ရတာ အင်မတန် ဝမ်းသာ ဂုဏ်ယူမိကြောင်းနဲ့ မစ္စတာ ဇလန်းစကီးဟာ သူ့အတွက် သူရဲကောင်း တယောက် ဖြစ်တဲ့ အကြောင်း ပြောခဲ့ပါတယ်။
ဒီနှစ် အစောပိုင်းကလည်း အော်စကာ ဆုရဲ့ အစီအစဉ်မှူး အေမီ ရှူမာ က မစ္စတာ ဇလန်းစကီးကို Skype ကနေ အော်စကာ ဆုပေးပွဲမှာ မိန့်ခွန်းပြောဖို့ ကြိုးစားခဲ့ကြောင်း ပြောပါတယ်။ အော်စကာဆုပေးပွဲကို ကြည့်တဲ့ သူတွေက အများကြီး ရှိတဲ့ အတွက်ကြောင့်လို့ သူက ဆိုပါတယ်။
နိုင်ငံရေးသမားများနဲ့ တွေ့ဆုံခြင်း ( ဗာကျူရယ်နည်းလမ်းနဲ့ ပါ တက်ရောက် )
ယူကရိန်း ဥရောပသမဂ္ဂ အဖွဲ့ဝင်လောင်း ဖြစ်ရေးအတွက် ဥရောပ ခေါင်းဆောင်တွေကို စည်းရုံးဖို့နဲ့ သူတို့အတွက် လက်နက်တွေ ပိုမို ရရှိနိုင်ရေးအတွက် နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေ ကို တွေ့ဆုံ အတူတွဲ ဓာတ်ပုံရိုက်ဖော်ပြတာတွေလည်း လုပ်ကြပါတယ်။
အဲဒီ နိုင်ငံတကာ ခေါင်းဆောင်တွေထဲမှာ မကြာခင် ရက်ပိုင်းတွေ အတွင်းက ကိယဗ်ကို လာရောက်ခဲ့ကြသူတွေကတော့ ပြင်သစ် သမ္မတ အီမန်နျူယဲလ် မကရွန်း၊ အီတလီ ဝန်ကြီးချုပ် မာရီယို ဒရာဂီ၊ ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှို့ဇ်တို့ နဲ့ ရူမေးနီးယား သမ္မတ ကလော့စ် ယိုဟန်နစ္စတို့လည်း ပါဝင်ပါတယ်။ အဲဒီလို ရောက်လာကြသူတွေထဲမှာ ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နဲ့ ကနေဒါ ဝန်ကြီးချုပ်ဂျပ်စတင် ထရူဒိုးတို့လည်း ပါဝင်ကြပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့အဲဒီ စာရင်းထဲမှာ မပါသေးပါဘူး။
အမေရိကန်သမ္မတက ယူကရိန်းအတွက် ဒေါ်လာ ဘီလီယံများစွာနဲ့ စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရှေ့လာမယ့် ဥရောပ ခရီးစဉ်တွေအတွင်းမှာတော့ ယူကရိန်းကို သူ့ကြောင့် ဝန်ထုပ်ဝန်ပိုး ပိုမဖြစ်စေလို့ မလာရောက်သေးဘူးလို့ ဆိုပါတယ်။
အနောက်တိုင်းက မဟုတ်ကြတဲ့ နိုင်ငံတွေထဲမှာတော့ ယူကရိန်းကို ကူညီပံ့ပိုးရေးတွေနဲ့ ပတ်သက်လို့ ကွဲလွဲမှုတွေ ရှိနေပါတယ်။ မစ္စတာ ဇလန်းစကီးကတော့ ကူညီကြဖို့ကို တိုက်တွန်းနေဆဲ ဖြစ်ပါတယ်။ တနင်္လာနေ့က ကျင်းပခဲ့တဲ့ အာဖရိက သမဂ္ဂရဲ့ ညီလာခံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ယူကရိန်း စစ်ပွဲကြောင့် ကမ္ဘာ့တခြား ဒေသတွေမှာပါ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
သူက ဒီစစ်ပွဲတွေကြောင့် ဂျုံနဲ့ ဓာတ်မြေသြဇာ မလုံလောက်မှုတွေ ဖြစ်လာပြီး အာဖရိတိုက်နေ ပြည်သူတွေမှာပါ ကြားညပ်ပြီး ငတ်မွတ်မှုတွေ ကြုံလာရနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ မိန့်ခွန်းကို ဖိတ်ကြားထားခဲ့သူ ၅၅ ယောက်ထဲမှာ နိုင်ငံ ၄ နိုင်ငံက ခေါင်းဆောင်တွေပဲ တက်ရောက်ခဲ့ကြတယ်လို့ ဘီဘီစီက သိခဲ့ရပါတယ်။
တခြား ဗီဒီယိုကွန်ဖရန့်စ်နည်းနဲ့ ကျင်းပတဲ့ အစည်းအဝေးတွေမှာတော့ တက်ရောက်သူတွေ ပိုများခဲ့ပါတယ်။ တစ်ဖက်မှာတော့ မစ္စတာဇလန်းစကီးဟာ အမေရိကန် ကွန်ဂရက် လွှတ်တော်၊ အီးယူ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန် နဲ့ အီတလီ နိုင်ငံ အသီးသီးက ပါလီမန်တွေကို မိန့်ခွန်းတွေ ပြောကြားခဲ့ရာမှာ သောင်းသောင်းဖျဖျ လက်ခုပ်သြဘာတွေ ရရှိခဲ့ပါတယ်။
ကမ္ဘာကြီးမြင်အောင် ပြသခြင်း
မစ္စတာ ဇလန်းစကီးဟာ စစ်ကြောင့် သူ့နိုင်ငံအတွင်း ပျက်စီး ဆုံးရှုံးမှုတွေကို ကမ္ဘာက မြင်အောင်လည်း ပြသပေးနေပါတယ်။ စစ်ကြောင့် ပျက်စီးခဲ့ရတဲ့ မြို့ပျက်ကြီးတွေထဲ သွားခဲ့သလို ရှေ့တန်းနဲ့ ဆေးရုံတွေဆီကိုလည်း သွားရောက်နေပါတယ်။
စနေနေ့ကလည်း ယူကရိန်း တောင်ပိုင်းက စစ်မြေပြင်တွေ ရှိတဲ့ မီခိုလိုင်ယစ်ဗ် မြို့ကို သွားရောက်ခဲ့ပြီး အပျက်အစီးတွေကို လိုက်လံ ကြည့်ရှုခဲ့သလို ယူကရိန်း တပ်ဖွဲ့ဝင်တွေ၊ အစိုးရအရာရှိတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ယူကရိန်း သမ္မတဟာ စစ်စတင်ပြီး နောက်ပိုင်း ရုရှားဘက်က ဒုံးကျည်တွေနဲ့ လှမ်းပြီး ပစ်ခတ် တိုက်ခိုက်တာ ကြုံရလေ့ရှိတဲ့ နိုင်ငံအနောက်ပိုင်းမှာ ရှိတဲ့ အိုဒက်ဆာ မြို့ကိုလည်း သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ မစ္စတာ ဇလန်းစကီးဟာ ရှေ့တန်းက မြို့တော်တော်များများကို သွားရောက်ခဲ့ပါတယ်။ အဲဒီအထဲမှာ ရုရှားတပ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတဲ့ နိုင်ငံအရှေ့ပိုင်းက ဟာခိဗ် မြို့တောင် ပါဝင်ပါတယ်။
တခြားကို အာရုံမပြောင်းကြပါနဲ့
ယူကရိန်း တပ်ဖွဲ့တွေက ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ ခုခံနေကြချိန်မှာ သမ္မတကလည်း ကမ္ဘာကြီးက ယူကရိန်းကိ အခုလို အရေးကြီးချိန်မှာ ပစ်မသွားစေဖို့ လိုက်လံ ဆော်သြနေပါတာ ဖြစ်ပါတယ်။
သူဟာ ကမ္ဘာ့ ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေ၊ အမေရိကန်က တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ နိုင်ငံတကာက သတင်းမီဒီယာတွေနဲ့သာ တွေ့ဆုံ နေတာ မဟုတ်ဘဲ ဒိုဟာကနေ ဒါးဗို့စ်အထိ စီးပွားရေး လောကမှာ ဦးဆောင်နေကြသူတွေနဲ့ပါ တွေ့ဆုံ ခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကလည်း သူဟာ ကဲန်းစ် ရုပ်ရှင် ပွဲတွေကို မထင်မှတ်ပဲ တက်ရောက်ကာ ဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သူ့မိန့်ခွန်းကို တက်ရောက်လာသူတွေက မတ်တပ်ရပ်ပြီး သြဘာ ပေးခဲ့ကြပါတယ်။
တနင်္လာနေ့ကလည်း သူဟာ ကဲန်းစ် ပွဲတော်ကို ဗာကျူရယ်နည်းနဲ့ တက်ရောက်အပြီးမှာ Lions Festival of Creativity ရဲ့ ဖွင့်ပွဲမှာ ဝင်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသေးတယ်။ သမ္မတက စစ်တွင်း ကာလ ဖြစ်နေရင်တောင်မှ လူ့စိတ်ရဲ့ အတွင်း အဇ္ဈတ္တကိုတော့ ထိတွေ့နိုင်ပါသေးတယ်လို့ ဆိုပါတယ်။ သာမန်အချိန်မျိုးမှာ သိပ်သတိမထားမိတဲ့အကြောင်းကိစ္စတွေကို ပြောဖြစ်အောင် လုပ်ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ အဲဒီလို ဆိုပြီးနောက်မှာ မစ္စတာ ဇလန်းစကီးက ယူကရိန်း အကြောင်း ပြောရမယ် ဆိုရင်လည်း ကမ္ဘာကြီး တခြားဘက်ကို အာရုံမပြောင်းသွားအောင် လုပ်ပေးကြပါလို့ သူက တိုက်တွန်းသွားခဲ့ပါတယ်။