ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းရဲ့ လေပိုင်နက်ကာကွယ်ရေးတိုက်ပွဲ
- ရေးသားသူ, ဂျိုနသန် ဘေးလ်
- ရာထူးတာဝန်, ကာကွယ်ရေးဆိုင်ရာ ဘီဘီစီ သတင်းထောက် (ဒွန်ဘတ်စ်၊ ယူကရိန်းမှ သတင်းပေးပို့)
- ရေးသားခဲ့သည်။
ယူကရိန်းစစ်ပွဲကို ကြည့်ကြရင် မြေပြင်ကတိုက်ပွဲတွေကိုပဲ ပိုဦးစားပေး အာရုံထားကြတာက များပါတယ်။ ဒါပေမယ့် ဝေဟင်ကို စိုးမိုးနိုင်ဖို့ တိုက်ပွဲတွေကလည်း တန်းတူ အရေးကြီးတာပါ။ ယူကရိန်းလေပိုက်နက်ကို ထိန်းသိမ်းစိုးမိုးထားနိုင်ရေးနဲ့ ပတ်သက်ပြီး ယူကရိန်းလေကြောင်းကာကွယ်ရေးအရာရှိတယောက်နဲ့ ဘီဘီစီက သီးသန့် မေးမြန်းနိုင်ခဲ့ပါတယ်။
စစ်ပွဲကို ရက်ပေါင်း ၅၀ ကြံ့ကြံ့ခံဖြတ်သန်းခဲ့ရတဲ့သူဖြစ်ပေမယ့် ဗိုလ်ကြီး ဗက်စ်စဲ ကရာချုက အပြုံးနဲ့နှုတ်ဆက်ဖို့ အမြဲ အဆင်သင့် ဖြစ်နေသူပါ။ ဘယ်နေရာလဲလို့ မပြောပြတဲ့ သူအခြေစိုက်ထားရာ နေရာတခုကနေ သူက ဗီဒီယိုလင့်ခ်နဲ့ ကျွန်တော်တို့ကို အင်တာဗျူး ပေးပါတယ်။
လာမယ့်သီတင်းပတ်တွေမှာလည်း အနားရမှာ မဟုတ်ဘူးဆိုတာ သူသိပါတယ်။ ကိယက်ဗ်ကို သိမ်းဖို့ ရုရှားတို့ကြိုးပမ်းတာ အချည်းနှီးဖြစ်သွားပြီး အရှုံးနဲ့တွေ့သွားပေမယ့် အရှေ့ဘက် ဒွန်းဘတ်စ် ဒေသမှာတော့ သူတို့ ထိုးစစ်ဆင်ဖို့ လုပ်နေတဲ့အတွက် ဒီနီပရို လေယာဉ်ပစ် မစ်ဇိုင်း တပ်မဟာက တပ်ဖွဲ့ဝင်တွေဟာ နောက်တဆင့်ဖြစ်လာမယ့် စစ်ပွဲမှာ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ဆက်တိုက်ပွဲဝင်သွားရဦးမှာပါ။
ရုရှားတို့ တိုက်ခိုက်မှုကနေ ယူကရိန်းရဲ့ လေပိုင်နက်ကို ကာကွယ်ရတာက စိန်ခေါ်မှုကြီးတခုဆိုတာ အသေအချာပါ။ အပေါက် အကျယ်ကြီးရှိနေတဲ့ ယင်ရိုက်တံကြီးနဲ့ ယင်ကောင်ကို ရိုက်ဖမ်းရသလိုပဲလို့ ပုံနှိုင်းပြီး ယူကရိန်းလေကြောင်းကာကွယ်ရေး အရာရှိက ဘီဘီစီကို ပြောပြပါတယ်။
ဗိုလ်ကြီး ကရာချုက "ဝေဟင်ပိုင်နက် အားလုံးအနှံ့ လွှမ်းခြုံအောင် ကျွန်တော်တို့ မကာကွယ်နိုင်ဘူး"လို့ ရှင်းရှင်းပဲ ပြောပါတယ်။
သူတွေ့ကြုံနေရတဲ့အခြေအနေကို ပြောပြတဲ့အထဲမှာ သိပ်ကို ထူးခြားတာတွေ ပါပါတယ်၊ အထူးသဖြင့် စစ်ပွဲစတဲ့ ဦးဆုံးရက်ပိုင်းတွေ အတွင်းမှာပဲ "လေကြောင်းကာကွယ်ရေး အစီအမံ အများအပြား လုံးဝဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးခံလိုက်ရတယ်"လို့ ဆိုတဲ့အချက်ပါ။
စစ်ပွဲရဲ့ အစ ကနဦးအဆင့်တွေမှာ ကြီးကြီးမားမား ဆုံးရှုံးခဲ့တာမျိုး ယူကရိန်း တပ်ဖွဲ့တွေဘက်က လူသိရှင်ကြား ဝန်ခံထုတ်ဖော်ပြီး အခုလိုပြောပြတာမျိုးက ဖြစ်ထောင့် ဖြစ်ခဲပါ။
ဒီလိုဆုံးရှုံးတာတွေရှိခဲ့ပေမယ့် လေကြောင်းလုံခြုံရေး စနစ်တွေက အခုတိုင်ရှင်သန်နေသေးသလို အစွမ်းလည်း ကောင်းကောင်းထက်နေပါတယ်။
စစ်ရေး ဆုံးရှုံးမှုတွေကို ပုံရိပ်တွေနဲ့ အတူမှတ်တမ်းတင်တဲ့ အော်ရက်စ် (Oryx) အဖွဲ့က ရုရှား ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ဒရုမ်းတွေ စတဲ့ လေကြောင်းတိုက်ခိုက်ရေးယာဉ် စုစုပေါင်း ၈၂ စင်းကို ယူကရိန်းတပ်တွေက ပစ်ချနိုင်တာ၊ ဖျက်ဆီးနိုင်တာ၊ ဒါမှမဟုတ် သိမ်းပိုက်နိုင်တာ စတဲ့ တခုခုကို လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းဘက်က လေယာဉ်၊ ရဟတ်ယာဉ် စတာတွေ ဆုံးရှုံးမှုက ၃၃ စင်းပါ။
လေကြောင်းတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရုရှားက ယူကရိန်းအပေါ် ခပ်မြန်မြန်ပဲ အသာစီးရသွားလိမ့်မယ်လို့ စစ်ရေးကျွမ်းကျင်သူတွေ မှန်းဆ တွက်ချက်ခဲ့ကြတာတွေက မှားတယ် ဆိုတာကို ယူကရိန်းတို့ရဲ့ အောင်ပွဲက တကယ့်ကို သက်သေပြခဲ့ပါတယ်။
ယူကရိန်းထက် ၃ ဆကျော် အရေအတွက်များတဲ့ လေကြောင်းတိုက်ခိုက်ရေးယာဉ်တွေကို သုံးပြီး ရုရှားက စစ်ဆင်တာမို့ လေကြောင်း တိုက်ခိုက်မှုတွေမှာ ရုရှားက အင်အားသိသိ သာသာကို သာလွန်ပါတယ်။ ရုရှားဟာ လေကြောင်းစစ်ရေး ပျံသန်းမှု ၂၅၀ လောက်လုပ်ဆောင်ခဲ့ပြီး လေကြောင်းကနေတိုက်ခိုက်မှု တနေ့ကို အကြိမ် ၃၀ လောက် လုပ်ဆောင်နေတာလို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ ဒါပေမယ့် ရုရှားဟာ လေကြောင်းတိုက်ပွဲမှာ အသာစီးရဖို့ ရုန်းကန်နေတယ်လို့ အနောက်နိုင်ငံစစ်ဘက်အရာရှိတွေက အခုတိုင် ပြောနေဆဲပါ။
တဖက်မှာတော့ ယူကရိန်းဟာ သူ့ရဲ့ အိုဟောင်းနေပြီဖြစ်တဲ့ မစ် - ၂၉ (MiG-29) ဂျက်တိုက်လေယာဉ်တွေကို သုံးပြီး တနေ့မှာ လေကြောင်းစစ်ဆင်ရေး ခရီးစဉ် ၁၀ ကြိမ်လောက်နဲ့ ခက်ခက်ခဲခဲ တန်ပြန်ယှဉ်ပြိုင်နေရဆဲပါ။
ဝေဟင်မှာ ရုရှားတို့က အသာစီးရနေတယ်ဆိုတာကို ယူကရိန်းက သိပါတယ်။ ဒါကြောင့်မို့လည်း သူတို့ကောင်းကင်မှာ ဘယ်လေယာဉ်မှ မပျံသန်းနိုင်အောင် ပိတ်ပေးဖို့ အနောက်နိုင်ငံတွေကို ထပ်ခါထပ်ခါ ပန်ကြားနေတာပါ။
နောက်ပြီး ရုရှားက ပြင်နေတဲ့ ဒွန်းဘတ်စ် ထိုးစစ်မှာ ပိုခက်ခဲတဲ့ စိန်ခေါ်မှု အသစ်တွေ ရှိနေပါတယ်။
Royal United Services Institute မှာ လေကြောင်းစွမ်းအားနဲ့ ပတ်သက်ပြီးလေ့လာနေတဲ့ အကြီးတန်း သုတေသီ ဂျတ်စတင် ဘရွန့်ခ်က ယူကရိန်းနိုင်ငံရဲ့ တခြား နေရာတွေနဲ့ နှိုင်းယှဉ်ရင် အရှေ့ဘက်မှာ ရုရှားအနေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုပိုင်းမှာ ပိုလွတ်လပ်လာနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာတွေက ရုရှား ထိန်းချုပ်ထားတဲ့ လေပိုင်နက်နဲ့ တဆက်တည်း ဖြစ်နေတာကြောင့်လို့ ပြောပါတယ်။
ဒီလိုတိုက်ပွဲမှာ အနိုင်ရဖို့အတွက် ယူကရိန်းအနေနဲ့ တာဝေးပစ်၊ တာလတ်ပစ်၊ တာတိုပစ် စတဲ့ လက်နက်အမျိုးအစားပေါင်းစုံနဲ့ အနီးအဝေးအလိုက် မျိုးစုံတုံ့ပြန်နိုင်တဲ့ ကာကွယ်ရေး စနစ်ရှိဖို့ လိုအပ်ပါတယ်။
တာတိုပစ်မှာ အသုံးကျတဲ့ မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်းအရေအတွက် အတော်များများကို အနောက်နိုင်ငံတွေက ထောက်ပံ့ထားပါတယ်။ အမေရိကန် နိုင်ငံ တနိုင်ငံတည်းကပဲ စတင်ဂါ မစ်ဇိုင်း အရေအတွက် ၂၀၀၀ ပို့ပေးထားပါတယ်။ ဗြိတိန်ကလည်း Starstreak မြန်နှုန်းမြင့် မစ်ဇိုင်းတွေ ပေးထားပါတယ်။ အရေအတွက်ကိုတော့ သူတို့ ထုတ်ဖော် မပြောပါဘူး။
ဗိုလ်ကြီး ကရာချုက ဒီလို ပခုံးထမ်းပစ်ရတဲ့ မစ်ဇိုင်းတွေ ပေးတာကို သူ့နိုင်ငံအနေနဲ့ ကျေးဇူးတင်တယ်၊ ဒါပေမဲ့ အဲဒါတွေက ရှေ့တန်းစစ်မြေပြင်တွေမှာပဲ အသုံးဝင်တာလို့ ဆိုပါ တယ်။
လူနဲ့အတူ အမြန်ရွှေ့ပြောင်းနိုင်တဲ့ ဒီမစ်ဇိုင်းတွေက နိမ့်နိမ့်ပျံတဲ့ လေကြောင်းတိုက်ခိုက်မှုယာဉ်တွေကိုသာ တိုက်ခိုက်နိုင်တာပါ။ ရုရှားက တာဝေးပစ် ခရုဇ်မစ်ဇိုင်းတွေကို အသုံးများ သလို၊ လေယာဉ်က ဗုံးကြဲရင်လည်း ဟိုးအမြင့်ကြီးကနေသာ အကြဲများတာပါ။
ဗိုလ်ကြီး ကရာချုက "ကျွန်တော်တို့ဆီမှာ တာလတ်နဲ့ တာဝေးပစ် လေကြောင်းကာကွယ်ရေး စနစ်တွေ သိပ်မရှိဘူး၊ ကျွန်တော်တို့ မလုံလောက်ဘူး" လို့ ဘီဘီစီကို ပြောပါတယ်။
ရုရှားတို့ ဒွန်းဘတ်စ်မှာ ထိုးစစ်အသစ်ဆင်လာတာဟာ အရင်ကတည်းက အကန့်အသတ်နဲ့ဖြစ်နေတဲ့ ယူကရိန်းလေကြောင်းကာကွယ်ရေးအပေါ် နောက်ထပ်ပိလာတဲ့ ဝန်ထုပ်ကြီး တခု ပါ။
စစ်ပွဲက ယူကရိန်းအရှေ့ဘက်ကို အာရုံစိုက်လာပေမယ့် နိုင်ငံရဲ့ကျန်တဲ့ဘက်တွေအားလုံးကို ကာကွယ်ပေးဖို့ လိုအပ်နေဆဲပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေ အတွင်း ယူကရိန်းအနေနဲ့ လေကြောင်း ကာကွယ်ရေးအစီအမံတွေ ထပ်တိုးပြီး အရှေ့ဘက်ကို ပို့နေတယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့လေကြောင်းကာကွယ်ရေး စနစ်တွေ အားလုံးကို အဲဒီ ဒွန်းဘတ်စ်ဒေသကိုပဲ ပို့ဖို့က မဖြစ်နိုင်ပါဘူး။
"ယူကရိန်း တဝက်လောက်နေရာကို ဘာမှ အကာအကွယ်မထားဘဲ ချန်ထားလို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" လို့ ဗိုလ်ကြီး ကရာချုက ပြောပါတယ်။
ယူကရိန်းဟာ သူ့ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို သုံးရာမှာ ရုရှား တိုက်လေယာဉ်တွေရဲ့ ရန်ကိုကာကွယ်ဖို့ရုံသာမက ရုရှားရဲ့ တာလတ်နဲ့ တာဝေးပစ် မစ်ဇိုင်းဒုံးကျည် တွေရဲ့ ရန်ကလည်း အကာအကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ တချို့အပိုင်းမှာ အောင်မြင်မှုတွေ ရပေမယ့် အကုန်လုံးကို မဖျက်ဆီးနိုင်ပါဘူး။
ဗိုလ်ကြီး ကရာချုက သူတို့တပ်ဖွဲ့အနေနဲ့ ရုရှား တာဝေးပစ် မစ်ဇိုင်း ၅၀ နဲ့ ၇၀ ရာခိုင်နှုန်းကြား ပမာဏလောက်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ မှန်းဆပြောပါတယ်။ ဥပမာအနေနဲ့ လောလောလတ်လတ် ကာလမှာတင် ရုရှားမစ်ဇိုင်း ၆ လုံးအနက် ၄ လုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီလောက်ကာလအတွင်း ဒီမစ်ဇိုင်းပမာဏဟာ အတော်လည်းများတယ်ဆိုတာ သိသာပါတယ်။ စစ်စကတည်းက အခုအချိန်ထိ ရုရှားဟာ မစ်ဇိုင်း အလုံးပေါင်း ၁၅၅၀ ကိုပစ်ခဲ့တယ်လို့ ပင်တဂွန်က ဆိုပါတယ်။
ရုရှားက သူတို့ဟာ အသံထက်မြန်တဲ့ အလျင်နဲ့ပြေးတဲ့ မစ်ဇိုင်းတွေလည်း သုံးတယ်လို့ ဆိုပါတယ်။ အသံထက် ၅ ဆလောက်မြန်တဲ့ နှုန်းနဲ့ မစ်ဇိုင်းကသွားတာကြောင့် ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး အစီအမံတွေက အဲဒီ မစ်ဇိုင်းမျိုးတွေကို တားဆီးဖို့ရာ မဖြစ်နိုင်ပါဘူး။
တကယ်လို့သာ အခုထက် သိသာထူးခြားတဲ့ အကူအညီမရဘူးဆိုရင် စစ်ပွဲကြာလာတာနဲ့ အမျှ ယူကရိန်းအနေနဲ့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မစ်ဇိုင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အရေးက ပိုပိုလို့ ခက်ခဲလာမှာပါ။
တာဝေးနဲ့ တာလတ် လေကြောင်းကာကွယ်ရေး အစီအမံတွေဟာ ယူကရိန်းကတောင်းခံနေတဲ့ လက်နက်တွေ စာရင်းမှာ ထိပ်ဆုံးက ပါနေတာလို့ အနောက်အုပ်စုက ထိပ်တန်း ထောက်လှမ်းရေးအရာရှိ တယောက်က ဘီဘီစီကို ပြောပါတယ်။ "သူတို့ လေကြောင်းကာကွယ်ရေး လက်နက်တွေ လိုတယ်လို့ အသေအချာ ထပ်ခါထပ်ခါ ပြောနေတယ်၊ ပမာဏ များများ စားစားလည်း လိုအပ်နေတာလို့ ပြောနေတယ်" လို့ ဆိုပါတယ်။
ဗိုလ်ကြီး ကရာချုက ကျွန်တော်တို့ကို ပြောတဲ့အတိုင်း ပြန်ပြောပြရရင်တော့ သူပြောတာက "အတိတ်ကစစ်ပွဲတွေမှာ ပြဆိုခဲ့သလိုပဲ ဝေဟင်ကို စိုးမိုးနိုင်သူက စစ်နိုင်မှာပါ"တဲ့။