တိုက်ပွဲကျသွားတဲ့ ရုရှားဗိုလ်ချုပ်တွေနဲ့ နားလည်ရခက်တဲ့ အချက်အလက်တွေ

တိုက်ပွဲကျသွားတဲ့ လူအများကလေးစားကြတယ်ဆိုတဲ့ လေယာဥ်မှူး ဗိုလ်ချုပ်

ဓာတ်ပုံ ရင်းမြစ်, Кanamat Botashev

ဓာတ်ပုံ ပုံစာ, တိုက်ပွဲကျသွားတဲ့ လူအများကလေးစားကြတယ်ဆိုတဲ့ လေယာဥ်မှူး ဗိုလ်ချုပ်
    • ရေးသားသူ, အိုလ်ဂါ အိဗ်ရှီနာနဲ့ ကတာယာနာ ကင်ကူလိုဗာ
    • ရာထူးတာဝန်, ဘီဘီစီ ရုရှားသတင်း
  • ရေးသားခဲ့သည်။

ခေတ်မီဆန်းသစ်တဲ့ ရုရှားဆူ-၂၅ ဂျက်တိုက်လေယာဥ်တစ်စင်း မေလက ဒွန်ဘတ် စ်ဒေသမှာ ပစ်ချခံပြီး မီးလောင်ပျက်တဲ့ထဲပါသွားတဲ့ လေယာဉ်မှူးသေဆုံးမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ထွက်လာပါတယ်။

အဲဒါကတော့ အသက် ၆၃ နှစ်တောင်ရှိနေပြီဖြစ်တဲ့ သူတစ်ယောက်ကို ဘာလို့ ဒီလို အဆင့်မြင့် တိုက်လေယာဥ်ကို ပျံသန်းခွင့်ပေးရတာလဲ။

နောက်တစ်ခုကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်က ရုရှားစစ်တပ်က ထုတ်ခံထားရတဲ့ အငြိမ်းစား ဗိုလ်ချုပ်တစ်ယောက်က လေယာဉ်မှူးတာဝန်ကို ဘာလို့ ယူရတာလဲ။

ပြီးတော့ ရုရှားစစ်ဗိုလ်ချုပ်တစ်ဦး ပစ်ခတ်မှုအတွင်းမှာ ဘာကြောင့် ကျဆုံးသွားရတာလဲ။ ပြီးတော့ ကျဆုံးသွားတဲ့ ရုရှားဗိုလ်ချုပ် ဘယ်နှယောက် အတိအကျ ရှိနေပြီလဲဆိုတဲ့ မေးခွန်းတွေပါ။

ဒီ ပဟေဠိ ဆန်ဆန် လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်တဲ့ကိစ္စဟာ ရုရှားနိုင်ငံရဲ့ စစ်ယန္တရားလည်ပတ်မှု အခြေအနေနဲ့ အကြီးတန်းအရာရှိ အများစု စစ်ပွဲမှာ ဘယ်လောက်ကျ ဆုံးနေပြီဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

လေယာဥ်မှူးစစ်စစ်

ယူကရိန်းမှာ ပစ်ချခံရတဲ့ လေယာဥ်တစ်စင်းနဲ့ အမျိုးအစားတူ Su-25

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းမှာ ပစ်ချခံရတဲ့ လေယာဥ်တစ်စင်းနဲ့ အမျိုးအစားတူ Su-25

ဗိုလ်ချုပ် ကာနာမတ် ဘော်တာရှက်ဗ်ဟာ သူ့လုပ်ငန်းမှာ အလွန်ကျွမ်းကျင်ပြီး လေးစားဖွယ်ကောင်းတဲ့ ရုရှားလေယာဉ်မှူးတစ်ဦးဖြစ်ပါ။ သူ့ ရာထူးနဲ့ အသက်အရွယ်တို့အပြင် အငြိမ်းစားယူထားတဲ့သူဖြစ်ပေမဲ့ အဲဒီအချိန်မှာ ကံကြမ္မာက သူ့ကို လေယာဉ်မှူးတာဝန် ပြန်ယူဖို့ ဖန်တီးခဲ့ပါတယ်။

သူ့အကြောင်းကို ဘီဘီစီက သူ့ လက်အောက်ငယ်သားဟောင်း သုံးဦးကို မေးကြည့်တော့ သူဟာ ရုရှားရဲ့ "အထူးစစ်ရေး စစ်ဆင်ရေး" တွေနဲ့ ဝေးဝေး မနေနိုင်တဲ့အတွက် ဝင်ပါရတယ်လို့ပြောပါတယ်။ ဒီ "အထူးစစ်ရေး စစ်ဆင်ရေး" ဆိုတဲ့ အသုံးနှုန်းက ယူကရိန်းကို အပြည့်အဝကျူးကျော် သိမ်းပိုက်ဖို့ လုပ်တဲ့ကိစ္စမှာ ရုရှားဘက်က အသုံးအနှုန်း ဖြစ်ပါတယ်။

"သူက တကယ့် လေယာဉ်မှူးတစ်ဦးဖြစ်ပြီး လေယာဥ်ပျံသန်းရတာကို စွဲစွဲလမ်းလမ်း ဖြစ်နေတဲ့ ကမ္ဘာပေါ်က လူနည်းနည်းထဲမှာ သူလည်း ပါပါတယ်" လို့ဘော်တာရှက်ဗ်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးက ပြောပါတယ်။

"သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ရတာကို ကျွန်တော်အမြဲတမ်း ဂုဏ်ယူနေတယ်" လို့လည်း တခြားတစ်ယောက်က ပြောပါတယ်။

ဒါပေမယ့် ယူကရိန်းကတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ဖို့ ဘော်တာရှက်ဗ်ကို စာရင်းထဲ မထည့်ခဲ့တာက သူ့အသက်အရွယ်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

ဗိုလ်ချုပ် ကာနာမတ် ဘော်တာရှက်ဗ်ဟာ ရုရှားစစ်တပ်မှာလက်ရှိ တာဝန်ထမ်း ဆောင်နေတဲ့ တပ်ဖွဲ့ဝင်တစ်ဦးမဟုတ်သလို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ရာထူးက ထုတ်ပယ်ခံထားရတဲ့သူလည်း ဖြစ်ပါတယ်။

တိုက်ပွဲကျသွားတဲ့ ဗိုလ်ချုပ်တွေ

ဘော်တာရှက်ဗ်

ဘော်တာရှက်ဗ်ဟာ ယူကရိန်းစစ်ပွဲမှာ ကျဆုံးသွားတဲ့ ရုရှားဗိုလ်ချုပ်တွေထဲက တစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်ဘယ်လောက်ကျသွားပြီဆိုတဲ့ အရေအတွက် အတိအကျကို အငြင်းပွားနေကြဆဲဖြစ်ပေမဲ့ တိုက်ပွဲမှာ ဗိုလ်ချုပ်တစ်ဦး ဆုံးရှုံးတယ်ဆိုတဲ့ ကိစ္စက ခေတ်သစ်စစ်ပွဲတွေမှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါ။

နှိုင်းယှဉ်ကြည့်ရရင် အာဖဂန်စစ်သားတစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် ဗိုလ်ချုပ် ဟာရိုးဂရင်နီ ၂၀၁၄ခုနှစ်က ကျဆုံးမှုဟာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ဗိုလ်ချုပ်တစ်ဦး တိုက်ပွဲတစ်ခုမှာ ပထမဆုံးအကြိမ် ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်းဘက်က အစီရင်ခံစာ‌တချို့က မှားတယ်ဆိုတာ နောက်ပိုင်းမှာ သက်သေတွေထွက်လာပေမဲ့ အခုအချိန်အထိ ရုရှားဗိုလ်ချုပ် ၁၁ ဦး ယူကရိန်းစစ်ပွဲမှာ ကျဆုံးသွားပြီလို့ ယူကရိန်းဘက်က အခိုင်အမာ ပြောနေပါတယ်။

ဗိုလ်ချုပ် သုံးဦးကျဆုံးတာနဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ထွက်လာပြီးတဲ့နောက် သူတို့ ကျဆုံးသွားပြီဆိုတာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေကလည်း ဆက်ထွက်လာပါတယ်။

လတ်တလောမှာ ရုရှားစစ်ဗိုလ်ချုပ် ရှစ်ဦးကျဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်နေပြီး သူတို့ထဲက လေးဦးကျဆုံးတာကို အတည်ပြုနိုင်ပေမဲ့ နောက်ထပ်လေးဦး ကျဆုံးတာကိုတော့ အတည်မပြုနိုင်သေးပါဘူး ။ (ဒါပေမယ့် သူတို့ သေဆုံးတာမဟုတ်ဘူးဆိုတဲ့ ငြင်းဆိုချက်တွေကိုလည်း မတွေ့ရသေးပါဘူး။)

ဘော်တာရှက်ဗ်အပြင် ကျဆုံးသွားပြီလို့ အတည်ပြုနိုင်တဲ့ အခြားဗိုလ်ချုပ် သုံးဦး ကျဆုံးမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ် အင်ဒရေ ဆူဟိုဗက်စကီး

သူတို့သုံးဦးထဲက ဗိုလ်ချုပ် အင်ဒရေ ဆူဟိုဗက်စကီး မတ်လ ၁ ရက်နေ့က ကျဆုံးသွားပြီဆိုတဲ့သတင်း ထွက်လာပါတယ်။ မြို့တော် ကိယက်ဗ်နှင့် မနီးမဝေး ဟော့စတော့မယ်လ် ဒေသမှာ ယူကရိန်းလက်ဖြောင့်သေနတ်သမားတစ်ဦးက ဗိုလ်ချုပ် ဆူဟိုဗက်စကီးကို ပစ်သတ်ခဲ့တယ်လို့ အငြိမ်းစား ရုရှားစစ်တပ်အရာရှိတစ်ဦးက တွစ်တာမှာ တင်ပါတယ်။

ဗိုလ်ချုပ် ဗလာဒီမီယာ ဖရိုလော့ဗ်

နောက်ထပ် ဗိုလ်ချုပ် ဗလာဒီမီယာ ဖရိုလော့ဗ်ဟာလည်း ဧပြီ ၁၆ ရက်က ယူကရိန်းစစ်တပ်ရဲ့ တိုက်ခိုက် သတ်ဖြတ်တာခံခဲ့ရတယ်လို့ သိရပြီး ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ သူ့ ဈာပနကို ကျင်းပခဲ့တဲ့အတွက် သူသေဆုံးတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ သူကျဆုံးတာနဲ့ပတ်သက်ပြီး အသေးစိတ်သတင်း ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ဗိုလ်ချုပ် ရိုမန်ကူတူဇော့ဗ်

နောက်ဆုံးတစ်ဦးအနေနဲ့ ဒွန်ဘတ်စ်မြို့မှာ ယူကရိန်းတပ်ဖွဲ့တွေကို ချေမှုန်းနေတဲ့တိုက်ပွဲကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ် ရိုမန်ကူတူဇော့ဗ် ကျဆုံးသွားပြီလို့ ရုရှားအစိုးရ ပိုင်မီဒီယာတစ်ခုက သတင်းထောက်တစ်ဦးက ဇွန်လ ၅ ရက်နေ့တုန်းက တယ်လီဂရမ်မှာ ရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။

ရုရှားဗိုလ်ချုပ်တွေရဲ့သတင်းတွေ ဘာလို့ သေသေချာချာ မသိနိုင်တာလဲ။

အဲ့ဒါနဲ့ပတ်သက်ပြီး အရှင်းဆုံးအဖြေက ယူကရိန်းတပ်တွေက အတိအကျ မသိနိုင် ကြတာကြောင့်ဖြစ်ပြီး ရှားတပ်တွေဘက်ကလည်း တရားဝင် ထုတ်မပြောတာကြောင့် ဖြစ်ပါတယ်။

စစ်မဖြစ်တဲ့ ငြိမ်းချမ်းနေတဲ့ကာလမှာတောင် စစ်တပ်ထဲက သေတဆုံးမှုသတင်းတွေကို ရုရှားနိုင်ငံမှာ နိုင်ငံတော်လျှို့ဝှက်ချက် အဖြစ် သတ်မှတ် ထားပါတယ်။

ယူကရိန်း စစ်ပွဲဖြစ်တဲ့ ပထမလမှာ ကျဆုံးခဲ့တဲ့ စာရင်းကို တရားဝင်ထုတ်ပြန်ခဲ့တဲ့ မတ်လ ၂၅ ရက်က ထုတ်ပြန်ခဲ့တဲ့ ကျဆုံး ရုရှားစစ်သားအရေအတွက် ၁၃၅၁ ဦး ဆိုတဲ့စာရင်းကိုတောင် အခုထိ ထပ်ဖြည့်စွက်ထုတ်ပြန်တာကို မတွေ့ရသေးပါဘူး။

သီးခြားလွတ်လပ်တဲ့ ရင်းမြစ်တွေကို အသုံးပြု စုံစမ်းထားတာတွေနဲ့ ရုရှားစစ်သား မိသားစုတွေနဲ့ပြောဆိုမှုတွေအရ ကျဆုံးတဲ့သူတွေရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ ရာထူးအဆင့်တွေအရ ကျဆုံးစာရင်း ၃,၅၀၀ ကျော်ကို ဘီဘီစီက ပြုစုထားပြီး တကယ့်အစစ်အမှန်ကိန်းဂဏန်းကလည်း အဲဒီထက်ပိုများနိုင်ဖို့ ရှိပါတယ်။

ဘီဘီစီရဲ့ သုတေသနပြုချက်တွေအရ ရုရှားစစ်သားငါးယောက်ကျဆုံးတိုင်းမှာ တစ်ယောက်က အလယ်အလတ်အဆင့် ဒါမှမဟုတ် အကြီးတန်းအဆင့်အရာရှိ ဖြစ်တယ်လို့ သိရပါတယ်။

ဒါတွေအားလုံးက ဘာကိုဖော်ပြနေလဲ

ဘီဘီစီရဲ့ သုတေသနပြုချက်တွေအရ ရုရှားစစ်သားငါးယောက်ကျဆုံးတိုင်းမှာ တစ်ယောက်က အလယ်အလတ်အဆင့် ဒါမှမဟုတ် အကြီးတန်းအဆင့်အရာရှိ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘီဘီစီရဲ့ သုတေသနပြုချက်တွေအရ ရုရှားစစ်သားငါးယောက်ကျဆုံးတိုင်းမှာ တစ်ယောက်က အလယ်အလတ်အဆင့် ဒါမှမဟုတ် အကြီးတန်းအဆင့်အရာရှိ ဖြစ်

အဆင့်မြင့် အရာရှိ အသေအပျောက် အချိုးအစားက သိသိသာသာ အံ့သြစရာပါ။ ဒါပေမဲ့ ရုရှားစစ်တပ်မှာက တော်တော်များတဲ့ အဆင့်မြင့် အရာရှိတွေ ရှိပြီး ဗိုလ်ချုပ်အဆင့်တွေက စုစုပေါင်း ၁၃၀၀ လောက်ရှိပါတယ်။ ဗိုလ်ချုပ်တွေ အတော်များများ တိုက်ပွဲတွေထဲအထိ လိုက်ကြရဖို့လည်း မရှိပါဘူး။

ဒါပေမဲ့ တချို့တွေအတွက်တော့ သိပ်ကံ မကောင်းကြပါဘူး။ တော်တော်များတဲ့ ရုရှားဗိုလ်ချုပ်တွေ အချိန်မှား နေရာမှားပြီး မတိုက်သင့်တဲ့ စစ်ပွဲထဲမှာ ဝင်ပါနေရတယ်ဆိုတာ သူတို့ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။

ဘာလို့လဲဆိုတော့ ရုရှားစစ်တပ်က အဆင့်မြင့် ရုရှားအရာရှိတွေအနေဲ့ အခြား စစ်တပ်တွေမှာ ရာထူးနိမ့်အရာရှိတွေ လုပ်ဆောင်ရမယ့် တာဝန်တွေကို ယူနေရပြီးမျှော်လင့်ထားတာထက် ရှေ့တန်းကို ပိုနီးနီးကပ်ကပ် သွားရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အနောက်နိုင်ငံတွေက ရုရှားတပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ကျဆင်းနေတာကြောင့် သူတို့တွေကို စိတ်ခွန်အားဖြစ်စေဖို့ ရာထူးကြီးကြီးတွေကို ရှေ့တန်းတွန်းပို့စေဖို့ ရုရှားစစ်တပ်က လုပ်ခဲ့ရပုံရတယ်လို့ ယူဆကြပါတယ်။

ဆက်သွယ်ရေးစက်တွေ မလုံလောက်မှုကလည်း အဲဒီ အရာရှိတွေ ကြုံနေရတဲ့ အန္တရာယ်ကို အားပေးသလိုဖြစ်စေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေနဲ့အနီးအနား စစ်ဆင်ရေးလုပ်တဲ့နေရာမှာတောင် လုံခြုံမှုမရှိတဲ့ သမားရိုးကျ ဖုန်းတွေကိုပဲ အသုံးပြုနေ ရတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

နောက်ဆုံးမှာတော့ ယူကရိန်းစစ်ထောက်လှမ်းရေးအရာရှိတွေက ရုရှားစစ်တပ် အရာရှိတွေကို ပစ်မှတ်ထားပြီး လက်ဖြောင့်သေနတ်နဲ့ ပစ်ခတ်တာ သို့မဟုတ် သူတို့ရှိတဲ့နေရာကို အမြောက်တွေနဲ့ တမင်ချိန်ရွယ်ပစ်ခတ်နေတယ်လို့ အမေရိကန်မီဒီယာမှာ သတင်း ဖော်ပြပါတယ်။

ရုရှားစစ်တပ်အရာရှိကြီးတွေ ဘယ်မှာရှိနေတယ်ဆိုတဲ့ နေရာအတိအကျကို သိရဖို့ထောက်လှမ်းတဲ့ကိစ္စမှာလည်း အမေရိကန်က ယူကရိန်းကို အကူအညီ ပေးနေတာတွေရှိပါတယ်။

ခွင့်ပြုချက်မဲ့ လေယာဉ်ပျံသန်းခဲ့မှုတွေ

ရုရှားစစ်သား ကျဆုံးမှုတိုးလာခဲ့

ဗိုလ်ချုပ် ဘော်တာရှက်ဗ်အကြောင်း ပြန်ပြောရရင် သူ့အနေနဲ့ ယူကရိန်းစစ်ပွဲထဲ ဝင်မတိုက်ဘဲ ပုံမှန်အတိုင်း အငြိမ်းစားဆက်ယူမယ်ဆိုရင် ဒါတွေအားလုံးက သူ့ အတွက် ပညာရပ်ဆိုင်ရာ သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် တိုက်ပွဲထဲ ပြန်ဝင်ပါဖို့ ဘာကြောင့် သူလုပ်ခဲ့တာလဲ။

ဘော်တာရှက်ဗ်ရဲ့ ရုရှားစစ်တပ်ထဲက အသက်မွေးဝမ်းကြောင်းအလုပ်ဟာ ဖြောင့်ဖြောင့်တန်းတန်း မရှိခဲ့ပါဘူး။ ၂၀၁၂ခုနှစ်မှာ လေယာဉ်ပျက်ကျမှုနဲ့ စစ်တပ်ကနေ သူ အထုတ်ခံခဲ့ရပါတယ်။

ရတနာတစ်ပါးလို တန်ဖိုးအထားဆုံး ရရှားစစ်နည်းပညာဖြစ်တဲ့ အဆင့်မြင့် ဆူ-၂၇ တိုက်လေယာဥ်ကို သူက ကိုင်တွယ် မောင်းနှင်ခဲ့ပါတယ်။

ရုရှားစစ်တပ်မှာက အထူးလေ့ကျင့်မှုတွေ နာရီများစွာလုပ်ထားသူတွေကပဲ ဒီလို အထူး ဂျက်လေယာဉ်အမျိုးအစားကို ပျံသန်းခွင့် ရှိပါတယ်။

ဘော်တာရှက်ဗ်ဟာ ဆူ-၂၇ တိုက်လေယာဥ်ကို ပျံသန်းခွင့်မရှိပေမဲ့ တစ်နည်းတစ်ဖုံ ပျံသန်းလို့ရအောင်လုပ်ပြီး လေထဲ ပျံသန်းနေချိန်မှာ လေယာဥ်ကိုမထိန်းချုပ်နိုင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ သူ့အဖော် လေယာဥ်ထဲကနေ အချိန်မီ ခုန် ထွက်နိုင်တဲ့အတွက် အသက်တော့ မသေခဲ့ပါဘူး။

အဲ့ဒီ 'အခန့်မသင့်မှု' ကနေ အသက်မသေ လွတ်မြောက်ခဲ့ပေမယ့် တန်ရာတန်ကြေးပေးဆပ်မှုတွေတော့ သူ လုပ်ခဲ့ရပါတယ်။

ပိုဆိုးတဲ့အချက်က ဒါက သူ့အတွက် ပထမဆုံးမဟုတ်ဘဲ ပျံသန်းခွင့်မရှိတဲ့လေယာဥ်ကို ခွင့်ပြုချက်မရှိ ပျံသန်းခဲ့တာမျိုးသူက လုပ်ထားခဲ့ဖူးတာပါ။

၂၀၁၁ခုနှစ်ကလည်း ရုရှားရဲ့ နောက်ထပ် အဆင့်မြင့် ဂျက်လေယာဉ် (အခု ဗုံးကြဲလေယာဉ်) ဆူ-၃၄ လေယာဉ်မှူးခန်းထဲကို လိုင်စင်မရှိဘဲ ဝင်ပြီး တရားမဝင် ပျံသန်းကြည့်ခဲ့တာလည်းရှိပါတယ်။

ပြန်ပေးဆပ်ရတာတွေ

ဘီဘီစီရဲ့ သုတေသနပြုချက်တွေအရ ရုရှားစစ်သားငါးယောက်ကျဆုံးတိုင်းမှာ တစ်ယောက်က အလယ်အလတ်အဆင့် ဒါမှမဟုတ် အကြီးတန်းအဆင့်အရာရှိ ဖြစ်

ပျက်ကျသွားတဲ့ လေယာဉ်ရဲ့တန်ဖိုး က ဒေါ်လာသန်းပေါင်းများစွာတန်ပေမယ့် လေယာဉ်ပျက်ကျမှုနဲ့ ဒေါ်လာ ၇၅၀၀၀ ခန့် ဒဏ်‌ငွေ ပေးဆောင်ဖို့ ၂၀၁၂ ခုနှစ်မှာ တရားရုံးက ဘော်တာရှက်ဗ်ကို အမိန့်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ လ သူသေဆုံးချိန်အထိ အဲ့ဒီဒဏ်ကြေး ထက်ဝက်ကျော် အကြွေးတင်နေဆဲဖြစ်တယ်လို့ သီးခြားလွတ်လပ်တဲ့ မှတ်တမ်းတစ်ခုအရ သိရပါတယ်။

ဘော်တာရှက်ဗ် ရာထူးက ထုတ်ပယ်ခံရပြီးနောက်ပိုင်းမှာ ၁၉၅၀ နှစ် တွေက ဖွဲ့စည်းခဲ့တဲ့ နိုင်ငံ့ စေတနာ့ဝန်ထမ်းအဖွဲ့ DOSAAF မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။

အဲ့ဒီအဖွဲ့က ရုရှားကြည်းတပ်၊ ရုရှား ရေတပ်တွေနဲ့ ချိတ်ဆက်ပြီး စစ်ဘက်ဆိုင်ရာတွေနဲ့ပတ်သက်တာအားလုံး လူငယ်တွေ စိတ်ဝင်စားလာအောင် လုပ်ရတဲ့အဖွဲ့ ဖြစ်ပါတယ်။

သူ့ရဲ့စစ်တပ်ပင်စင်လစာက ဒေါ်လာ ၃၆၀ ဝန်းကျင်ရှိပြီး သူ့လစာကလည်း အဲဒီ့ထက် အများကြီး မပိုနိုင်ပါဘူး။

အဲ့ဒီဝင်ငွေနဲ့ ရုရှားအစိုးရဆီမှာ တင်နေတဲ့ အကြွေးကို ပြန်ဆပ်နိုင်ဖို့ သူရုန်းကန်ခဲ့ရပြီး သူကွယ်လွန်တဲ့အချိန်မှာ ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်လို့ စွပ်စွဲမှုတွေလည်း ရှိပါတယ်။

ရုရှားအာဏာပိုင်တွေဘက်ကတော့ အဲ့လိုမျိုးပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ရုရှားအစိုးရ ဆက်စပ်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။