ဆက်လက်ကျဆင်းနေဦးမဲ့ ကမ္ဘာ့စီးပွားရေး

no caption

ဓာတ်ပုံ ရင်းမြစ်, EPA

ရေးသားခဲ့သည်။

အထွေထွေကုန်စျေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာတာဟာ ခန့်မှန်းထားတာထက် ပိုပြီးထိန်းချုပ်ရခက်လိမ့်မယ်၊ အကျိုးဆက်အဖြစ် ကမ္ဘာ့စီးပွားရေးအကျဘက် ဦးတည်သွားတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် တကမ္ဘာလုံးမှာရှိတဲ့ စတော့ရှယ်ယာစျေးတွေ ထိုးကျနေပါတယ်။

အာရှ၊ ဥရောပ၊ အမေရိကန်က ရင်းနှီးမြှုပ်နှံသူတွေဟာ ကိုယ့်မှာရှိတဲ့ရှယ်ယာတွေ ထုတ်ရောင်းနေကြတဲ့အတွက် အဓိကစျေးကွက်ကြီးတွေရဲ့ စတော့ရှယ်ယာစျေးနှုန်းတွေဟာ ၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြပါတယ်။

အထွေထွေကုန်စျေးနှုန်းတက်တာ၊ ကမ္ဘာ့စီးပွားရေးကျတာတွေရဲ့ အဓိကအကြောင်းရင်းက ၂ ချက်ရှိပါတယ်။

ပထမတချက်က ရုရှား၊ ယူကရိန်းစစ်ပွဲကြောင့်ပါ။ ရုရှားဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အဓိကထုတ်လုပ်တဲ့ နိုင်ငံကြီးတနိုင်ငံပါ။ စစ်ပွဲဖြစ်ပွားပြီးနောက် လောင်စာဆီအမျိုးမျိုးနဲ့ သဘာဝဓာတ်ငွေ့တွေ စျေးခုန်တက်သွားပါတယ်။ တိုက်ရိုက်အကျိုးဆက်က မော်တော်ကားမောင်းသူတွေ ကုန်ကျစရိတ်တက်၊ ယာဉ်ရထားခတွေ စျေးတက်၊ အိမ်သုံးဓာတ်ငွေ့အဖိုးနှုန်းတွေ မြင့်တက်ကုန်ပါတယ်။

ဓာတ်ငွေ့ရဲ့ အစားထိုးကုန်စည်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အားခစျေးနှုန်းကလည်း ဆတူနီးပါးလိုက်ပါမြင့်တက်ပါတယ်။

သွယ်ဝိုက်အကျိုးဆက်ကတော့ လောင်စာဆီစျေးနှုန်းတက်တဲ့အတွက် ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ သယ်ယူပို့ဆောင်ခစရိတ်တွေပါတက်သွားတာကြောင့် ကုန်ပစ္စည်းအားလုံးရဲ့ ကုန်စျေးနှုန်းမြင့်တက်ကုန်ပါတယ်။

ဒါ့အပြင် ကမ္ဘာကို စားသောက်ကုန်ဖြန့်ချိပေးနေတဲ့ ယူကရိန်းနဲ့ရုရှားရဲ့ စားသောက်ပို့ကုန်ထုတ်လုပ်ရေးတွေ ကလည်း ပျက်စီးသွားပါတယ်။ ဒါကလည်း ကမ္ဘာ့စားသောက်ကုန်စျေးနှုန်းမြင့်တက်မှုကို တိုက်ရိုက်ဖြစ်ပေါ်စေပါတယ်။

ဒုတိယအကြောင်းရင်းတချက်ကတော့ တရုတ်ပြည်စီးပွားရေးကျဆင်းမှုဖြစ်ပါတယ်။ ဒီနှစ်ပထမ ၃ လပတ်ကာလအတွက် တရုတ်ပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ဆန်းစ ကာလနောက်ပိုင်းမှာ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားပါတယ်။ တရုတ်စီးပွားရေးကျဆင်းမှုဟာ ရှန်ဟိုင်း၊ ဘေဂျင်းစတဲ့မြို့ကြီးတွေကို လုံးဝပိတ်ဆို့ လော့ဒေါင်းချတာကြောင့်လည်း တကြောင်းဖြစ်ပေမဲ့ အဓိကအကြောင်းကတော့ ကမ္ဘာ့စီးပွားရေးမငြိမ်မသက်မှုနဲ့ ကုန်စည်စီးဆင်းမှု ပုံမှန်မဟုတ်တာကြောင့် ဖြစ်ပါတယ်။

အမေရိကန်နှာချေလိုက်ရင် တကမ္ဘာလုံးကိုတုပ်ကွေးရောဂါကူးစက်စေနိုင်တယ်ဆိုတဲ့စကား ရှိပါတယ်။ အခုအခါ တရုတ်ပြည်ရဲ့အနေအထားဟာလည်း အလားတူဖြစ်နေပါပြီ။ တရုတ်ပြည်စီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေးရဲ့ ဆက်နွှယ်ပတ်သက်မှုဟာ အလွန်ကြီးမားပါတယ်။

အဲဒီအကြောင်း ၂ ချက်က အခြေခံအကြောင်းဖြစ်ပါတယ်။ ရုတ်တရက်စျေးလန့်သွားပြီး စတော့ရှယ်ယာစျေးထိုးကျသွားစေတဲ့ လတ်တလောအကြောင်းကတော့ အမေရိကန် အတိုးနှုန်းပါ။ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ငွေဖောင်းပွပြီး ကုန်စျေးနှုန်းအတက်ကြမ်းလာတာကို ထိန်းဖို့အတွက် အတိုးနှုန်းကို .၇၅ ရာခိုင်နှုန်းအထိ မြှင့်တင်မယ်ဆိုတဲ့ သတင်းအချက်အလက်တွေ အခိုင်အမာထွက်ပေါ်နေပါတယ်။ ဒါဟာ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ အများဆုံးမြှင့်တင်တဲ့နှုန်းထား ဖြစ်လာမှာပါ။

အမေရိကန်ဖက်ဒရယ်ပြည်ထောင်စုဗဟိုဘဏ်ရဲ့ အတိုးနှုန်းမြှင့်တင်မှုနောက်ကို ဥရောပဗဟိုဘဏ်နဲ့ အင်္ဂလန်ဘဏ်တို့ကလည်း အမီလိုက်ဖို့ ခြေလှမ်းပြင်နေကြပါတယ်။ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ဂရိတို့ရဲ့ အစိုးရငွေတိုက်စာချုပ်စျေးတွေ ကမောက်ကမဖြစ်မှုကြောင့် ဥရောပဗဟိုဘဏ်ဟာ အရေးပေါ်အစည်းအဝေး ခေါ်ယူထားပါတယ်။ အင်္ဂလန်ဗဟိုဘဏ် Bank of England ဟာလည်း အတိုးနှုန်း ၁.၂၅ ရာခိုင်နှုန်းအထိ ပြင်ဆင်တိုးမြှင့် သတ်မှတ်ကြောင်း ဇွန်လ ၁၆ ရက် ကြာသပတေးနေ့မှာ ကြေညာလိမ့်မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ခန့်မှန်းထားကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နှစ်လေးဆယ်အတွင်း ကုန်စျေးနှုန်းအမြင့်ဆုံးတက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ပြည်ထောင်စုမှာ နှစ်လေးဆယ်အတွင်း ကုန်စျေးနှုန်းအမြင့်ဆုံးတက်

အခုလို အတိုးနှုန်းမြှင့်တင်ကြမဲ့သတင်းတွေ အခိုင်အမာထွက်ပေါ်လာပြီးနောက်မှာ စတော့၊ရှယ်ယာစျေးနှုန်းတွေ ထိုးကျသွားတာ ဖြစ်ပါတယ်။

S&P 500 လို့ခေါ်တဲ့ အမေရိကန်ကုမ္ပဏီကြီး ၅၀၀ ရဲ့ ရှယ်ယာစျေးနှုန်းဟာ ၃.၈ ရာနှုန်းအထိ ထိုးကျသွားပါတယ်။ အမြင့်ဆုံးဖြစ်ခဲ့တဲ့ဇန်နဝါရီလတုန်းကစျေးထက် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းသွားတာ ဖြစ်ပါတယ်။

စတော့ရှယ်ယာစျေးကွက်မှာ ရောင်းလိုသူက မှိုလိုပေါက်နေပြီး ဝယ်ချင်သူရှာမရဖြစ်နေတာဟာ စီးပွားရေးကျဆင်းမှုကို ဆက်လက်ဖြစ်ပေါ်စေမဲ့ သတိပေးခေါင်းလောင်းသံ ဖြစ်ပါတယ်။

အမေရိကန်ဟာ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု Recession ကိုရင်ဆိုင်ရဖို့ရာ ၅၀ ရာနှုန်းလောက် သေချာနေပြီလို့ မော်ဂန်စတန်လီ ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ စီအီးအို ဂျိမ်းဂေါ်မန်က တနင်္လာနေ့တုန်းက ညီလာခံတခုမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ သိပ်အကြာကြီးခံစားရမှာ မဟုတ်လောက်ဘူးလို့တော့ သူက ခန့်မှန်းပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ တနှစ်အတွင်း ၈.၆ ရာနှုန်းအထိ မြင့်တက်သွားပါတယ်။ ဒါဟာ နှစ်ပေါင်း ၄၀ အတွင်းမှာ အမြင့်ဆုံးငွေဖောင်းပွမှုစံချိန်သစ် ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် အမေရိကန်ဖက်ဒရယ်ဗဟိုဘဏ်က ငွေတိုးနှုန်းမြှင့်တင်ဖို့ခြေလှမ်းကို လှမ်းလာရတာပါ။ ငွေတိုးနှုန်းမြှင့်တင်လိုက်ရင် ငွေသုံးစွဲမှု၊ ငွေချေးယူမှုတွေလျော့နည်းလာပြီး ငွေစုဆောင်းမှုပိုများလာမှာပါ။ တနည်းအားဖြင့် ဝယ်လိုအားကျဆင်းအောင် လုပ်တာပါ။ ဝယ်သူများလေ စျေးတက်လေ၊ ငွေကြေးဖောင်းပွလေ ဖြစ်နေတဲ့ အခြေအနေကိုပြင်ဆင်ပြောင်းလဲနိုင်ဖို့ ဝယ်လိုအားလျော့ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ်၊ တရုတ်နဲ့ ကမ္ဘာ့စီးပွားရေး

ဒီလိုအခြေအနေတွေဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုဖြစ်အောင် ခလုတ်နှိပ်မောင်းဖြုတ်ပေးလိုက်သလိုရှိလိမ့်မယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက သတိပေးကြပါတယ်။

အမေရိကန်ဒေါင်ဂျုံး စတော့ရှယ်ယာစျေးဟာ သောကြာနေ့က စျေးကျသွားခဲ့ပါတယ်။ တနင်္လာနေ့မှာလည်း ဆက်ကျပါတယ်။ တနင်္လာနေ့မှာ ၂.၇ ရာနှုန်းစျေးကျဆင်းပြီးစျေးပိတ်ခဲ့ရပါတယ်။

ဒီနေ့ခေတ်မှာ ရေပန်းအစားဆုံးဖြစ်တဲ့ နည်းပညာကုမ္ပဏီကြီးများရဲ့ စတော့ရှယ်ယာစျေးကွက် နတ်စ်ဒက်ကလည်း ၄.၆ ရာနှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဘိုးအင်း လေယာဉ်ကုမ္ပဏီ၊ ရှယ်ဗရွန်ရေနံကုမ္ပဏီ၊ ဆေးလ်ဖို့စ် ဆော့ဖ်ဝဲကုမ္ပဏီကြီးတွေလည်း ရှယ်ယာစျေးကျဆင်းမှုလောကဓံကို တင်းမခံနိုင်ပါဘူး။ စီးပွားရေးကဏ္ဍအားလုံးလိုလိုမှာ အကျဘက်ကို ဦးတည်နေပါတယ်။

တခြားစတော့ရှယ်ယာစျေးကွက်တွေကို ကြည့်မယ်ဆိုရင် ဂျာမနီဒက္ခ်စ်က ၂.၄ ရာနှုန်း၊ ပြင်သစ် စီအေစီက ၂.၇ ရာနှုန်း၊ ဗြိတိန်ဖုစီက ၁.၅ ရာနှုန်း၊ ဂျပန်နစ်ကီက ၃ ရာနှုန်း၊ ဟောင်ကောင်ဟန်ဆန်းက ၃.၄ ရာနှုန်း တောင်ကိုရီးယားကော့စ်ပီက ၃.၃ ရာနှုန်း အသီးသီး အနုတ်ပြကြပါတယ်။

ရုရှား၊ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက် လောင်စာဆီစျေးအဆမတန်မြင့်တက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရုရှား၊ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက် လောင်စာဆီစျေးအဆမတန်မြင့်တက်

စင်ပေါ်ကဒေါ်လာ

ထူးထူးခြားခြားခေါင်းမော့နေနိုင်တာက ဒေါ်လာပါ။ စီးပွားရေးကျဆင်းချိန်မှာ အိမ်၊ခြံ၊မြေ၊ရွှေ၊ငွေ၊ရှယ်ယာတွေထက် ဒေါ်လာက ပိုစိတ်ချရတယ်လို့ အစဉ်အလာယုံကြည်မှုရှိထားကြတဲ့ အတွက် ဒေါ်လာဟာစျေးတက်နေပါတယ်။

အတိုးနှုန်းမြင့်တက်မှုနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေရဲ့ ငွေကြေးတော်တော်များများက အခြေအနေသိပ်မကောင်းကြပါဘူး။

အိန္ဒိယ ရူးပီးစျေးနှုန်းဟာ စံချိန်သစ်တင်လောက်အောင် ကျဆင်းသွားပါတယ်။ အမေရိကန် ၁ ဒေါ်လာမှာ ၇၈ ရူးပီးဖြစ်သွားပါပြီ။ ဂျပန်ယန်းစျေးက ၁ ဒေါ်လာမှာ ၁၃၅ ယန်းစျေး ဖြစ်သွားပါတယ်။ ဗြိတိန်ပေါင်စတာလင်စျေးကလည်း ၂ နှစ်အတွင်းမှာ အနိမ့်ဆုံးစျေး ဖြစ်သွားပါတယ်။

ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့ ဘစ်ကွိုင်ကလည်း ၁ ဘစ်ကွိုင်ကို ဒေါ်လာ ၂၄၀၀၀ အထိ စျေးကျဆင်းသွားပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနောက်ပိုင်းမှာ အနိမ့်ဆုံးစျေး ဖြစ်ပါတယ်။

စိုးရိမ်စရာအခြေအနေကတော့ ကမ္ဘာ့စီးပွားရေးကျဆင်းရင် လူနေမှုစရိတ်ပိုကြီးမြင့်ပြီး သာမန်ပြည်သူတွေအတွက် ပိုအခက်တွေ့နိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားတဲ့အချက်ပါ။

စီးပွားရေးကျဆင်းမှုဖြစ်တိုင်းမှာ အဆိုးဆုံးဒဏ်ခံကြရသူတွေဟာ တကမ္ဘာလုံးက အဆင်းရဲဆုံးသူတွေပဲ ဖြစ်ကြပါတယ်။