ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုင်းရင်းဆေးနည်းတွေနဲ့ မြောက်ကိုရီးယားမှာ ကိုဗစ်ကို တိုက်ဖျက်နေ
မြောက်ကိုရီးယားဟာ လက်ရှိအချိန်မှာ ကိုဗစ်ရောဂါပိုးပျံ့နှံ့ဖြစ်ပွားမှုကို ကြိုးစားထိန်းချုပ်နေရပြီး ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကလည်း အများကြီးရှိနေတဲ့အတွက် အခြားနည်းလမ်းတစ်ခုအနေနဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ဖော်ထားတဲ့ လက်ဖက်ရည်ကြမ်း သောက်ခိုင်းတာ၊ဆားရည်နဲ့ ပလုတ်ကျင်းတာတွေလုပ်ဖို့ အကြံပေးနေပါတယ်။
၂၀၂၀ခုနှစ်အစောပိုင်းကတည်းက မြောက်ကိုရီးယားက သူတို့နယ်စပ်တွေကိုပိတ်ထားပြီး သူတို့နည်းသူတို့ဟန်နဲ့ ကိုဗစ်ကို ထိန်းချုပ်နေတာပါ။
ပြီးတော့ ပြင်ပနိုင်ငံတွေက ဆေးဘက်ဆိုင်ရာပံ့ပိုးမှုတွေပေးမယ်ဆိုတဲ့ ကမ်းလှမ်းခဲ့တာကိုလည်း မြောက်ကိုရီးယားအစိုးရက အခုအချိန်အထိ လက်မခံသေးပါဘူး။
မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာမှာလည်း ကိုဗစ်ကို အဖျားရောဂါလို့ အမည်တပ်ထားပြီး တိုင်းရင်းဆေးအမျိုးမျိုးနဲ့ ကုသကြဖို့ အကြံပြုတာတွေ လုပ်နေပါတယ်။
ဆေးဘက်၀င် လက်ဖက်ရည်ကြမ်း
အပြင်းမဖျားသေးတဲ့ သူတွေအတွက် ဂျင်းပြုတ်ရည် သို့မဟုတ် ပျားရည်အနံ့အရသာရှိတဲ့ လက်ဖက်ရည်ကြမ်းနဲ့ မိုးမခရွက်ဖျော်ရည်အပါအဝင် တိုင်းရင်းဆေးနည်းတွေကို အသုံးပြုဖို့ အာဏာရပါတီသတင်းစာ Rodong Sinmun က တိုက်တွန်းအကြံပြုထားပါတယ်။
လက်ဖက်ခြောက်ခတ်ပြီးသောက်တဲ့ လက်ဖက်ရည်ကြမ်းဟာ လည်ချောင်းနာတာ သို့မဟုတ် ချောင်းဆိုးတာမျိုးလို အချို့ ကိုဗစ်ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပြီး ပုံမှန်ထက်ပိုပြီး အရည်ဓာတ်ဆုံးနေတဲ့သူတွေကိုလည်း ရေဓာတ်ရဖို့ အကူအညီပေးပါတယ်။
ဒါပေမဲ့ ဒါတွေက ဗိုင်းရပ်စ်ပိုးကုဆက်ခံနေရတဲ့သူတွေကို ကုသဖို့တော့ မဟုတ်ပါဘူး။
အခြားရေနွေးပူပူတွေ သောက်ရင်ရတဲ့ ဂုဏ်သတ္တိတွေမျိုးတွေလိုပဲ ဂျင်းနဲ့ မိုးမခအရွက်တွေမှာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေတဲ့ အလားတူ သက်သာရာမျိုးကို ရနိုင်ပါတယ်။
ဆားရည်နဲ့ ပလုတ်ကျင်းတာ
ဆားရည်နဲ့မနက်ရော ညပါ ပလုတ်ကျင်းဖို့ အကြံပြုတဲ့ စုံတွဲတစ်တွဲကို နိုင်ငံပိုင်မီဒီယာကနေ မကြာမီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ပိုးသတ်ဆေးဖျော်ရည်ပြုလုပ်ဖို့ "ဆားတန်ချိန်တစ်ထောင်" ကို ပြုံယမ်းကို ပို့ထားပြီလို့ နိုင်ငံပိုင်သတင်းအေဂျင်စီမှာလည်း ဖော်ပြထားပါတယ်။
ဆားရည်နဲ့ ပလုတ်ကျင်းတာ၊ နှာခေါင်းဆေးတာတွေက သာမန်အအေးမိတာကနေဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေတယ်လို့ အချို့လေ့လာမှုတွေမှာ အကြံပြုထားပါတယ်။
ဒါပေမဲ့ အဲ့ဒီလိုလုပ်တာက ကိုဗစ်ရောဂါပိုးပြန့်ပွားမှုကို နှေးကွေးစေတယ်ဆိုတဲ့ အထောက်အထား သိပ်မတွေ့ရပါဘူး။
ကိုဗစ်ပိုးဟာ လေထဲက အမှုန်အမွှားလေးတွေကို ရှူရှိုက်မိပြီး အဓိကအားဖြင့် နှာခေါင်းနဲ့ ပါးစပ်ကတစ်ဆင့် ကိုယ်ထဲကို ဝင်တာဖြစ်တဲ့အတွက် ပလုတ်ကျင်းတာက ဝင်ပေါက်တစ်ခုကိုပဲ ပိတ်နိုင်သလိုမျိုးဖြစ်ပါတယ်။
ပြီးတော့ ဗိုင်းရပ်စ်ပိုးဝင်သွားပြီဆိုတာနဲ့ ပလုတ်ကျင်းတာ ဘာမှမထိရောက်တော့ဘဲ ကိုယ်အင်္ဂါအစိတ် အပိုင်းတွေအထိ နက်နက်ရှိုင်းရှိုင်း ကူးစက်ပျံ့နှံ့ သွားပြီးသားဖြစ်ပါတယ်။
အကိုက်အခဲပျောက်ဆေးတွေနဲ့ ပဋိဇီဝဆေးတွေ
မြောက်ကိုရီးယား အစိုးရရုပ်မြင်သံကြားကနေ ကိုဗစ်ဖြစ်နေတဲ့ လူနာတွေကို အိုင်ဗျူပရိုဖင်တို့လို အကိုက်အခဲပျောက်ဆေးတွေ၊ Amoxicillinနဲ့ အခြားပဋိဇီဝဆေးတွေကို သောက်ဖို့လည်း အကြံပြု ထားပါတယ်။
အိုင်ဗျူပရိုဖင်နဲ့ ပါရာစီတမောတို့က ကိုယ်အပူချိန်ကိုကျစေပြီး ခေါင်းကိုက်တာ သို့မဟုတ် လည်ချောင်းနာတွေလို ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပေမယ့် ဗိုင်းရပ်စ်ပိုးကို ရှင်းပစ်တာ သို့မဟုတ် ဆက်ပွားလာတာတွေကိုတော့ မတားဆီးနိုင်ပါဘူး။
ဗိုင်းရပ်စ်ပိုးမဟုတ်တဲ့ ဘက်တီးရီးယားပိုးမွှားကူးစက်မှုအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပဋိဇီဝဆေးတွေကို အသုံးပြုဖို့လည်း အကြံပြုထားတာမရှိဘဲ၊အဲ့ဒီ ပဋိဇီဝဆေးတွေသုံးရင် ပိုးယဉ်ပြီး ဆေးမတိုးတော့တဲ့ အန္တရာယ်ကလည်း တစ်ဖက်မှာရှိနေပါသေးတယ်။
ဓာတ်ခွဲခန်း သုတေသန ပြုချက်တွေအရဆိုရင်လည်း ကိုဗစ်ပိုးအပါအဝင် အချို့ဗိုင်းရပ်စ်တွေရဲ့ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုက နှေးကွေးလာနိုင်ခြေရှိတယ်လို့ ဆိုပေမယ့် အဲ့ဒီပိုးတွေကို လက်တွေ့ကမ္ဘာမှာ ပုံတူပွားထားတာတော့ မရှိသေးပါဘူး။
ကိုဗစ်ဖြစ်လို့ ဆေးရုံတက်နေရသူတွေကိုသဖို့ အတည်ပြုထားတဲ့ ဆေးဝါးအချို့ရှိပါတယ်။ အဲ့ဒီဆေးတွေက paxlovid၊ molnupiravir နှင့် remdesivirတို့ဖြစ်ပြီး ကိုယ်ခံအားစနစ်ကို အတုယူပြီး ပဋိပစ္စည်းကုထုံးတွေနဲ့ ကုတဲ့နည်းဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီဆေးတွေရဲ့ ထိရောက်မှုကတော့ ကွဲပြားမှုရှိပါတယ်။
အားနည်းတဲ့ ကျန်းမာရေးစနစ်
မြောက်ကိုရီးယားနိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို အခြေခံဝန်ဆောင်မှုတွေပေးတဲ့ ကျေးရွာ အဆင့်ကနေ အစိုးရဆေးရုံတွေ (များသောအားဖြင့် မြို့ပြမှာ အထူးပြုကုသခြင်းအထိ) အထိ အခမဲ့ ဆေးဝါးကုသမှုစနစ်ကို တည်ထောင်ထားပါတယ်။
ဒါပေမဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ မိုးခေါင်တာလို ပြင်းထန်တဲ့ရာသီဥတုဒဏ်တွေခံရတာကြောင့် မကြာသေးမီနှစ်များအတွင်းမှာ မြောက်ကိုရီးယားရဲ့စီးပွားရေးက ကျဆင်းလာခဲ့ပါတယ်။
နိုင်ငံနယ်နိမိတ်တွေကို ပိတ်ပစ်တာနဲ့တင်းကြပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေကလည်း မြောက်ကိုရီးယားကို ထိခိုက်နစ်နာမှုတွေဖြစ်လာစေပါတယ်။
အထူးသဖြင့် ပြုံယမ်းမြို့ပြင်မှာ ကျန်းမာရေးစနစ် အားနည်းနေတဲ့အတွက် ဆေးဝန်ထမ်းတွေ၊ ဆေးဝါးတွေနဲ့ စက်ကိရိယာတွေ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့နှစ်ကထုတ်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုမှာလည်း "အချို့ ဆေးဝါးတွေ၊ ကာကွယ် ဆေးထိုးတာနဲ့ ဆေးဘက်ဆိုင်ရာသုံးပစ္စည်းစက်ရုံအချို့ဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ ဒေသဆိုင်ရာလိုအပ်ချက်တွေနဲ့လည်း မကိုက်ညီဘူး "လို့ ပြောထားပါတယ်။
အာဏာရပါတီရဲ့ အခွင့်ထူးခံအဖွဲ့ဝင်တွေကလွဲလို့ အများစုက ဆေးကုစားရိတ်နဲ့ ဆေးဖိုးပေးနေရတယ်လို့ မြောက်ကိုးရီးယားကနေ တောင်ကိုရီးယားကို ဘက်ပြောင်းလာသူ အများစုက ပြောနေကြပါတယ်။
ဒါပေမဲ့ နိုင်ငံပိုင်မီဒီယာကတော့ ဆေးဝါးထုတ်လုပ်မှု တိုးလာတယ်လို့ ပြောနေပါတယ်။
မြောက်ကိုရီးယားက အကူအညီတွေရနေလား
မနှစ်တုန်းက ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးခွဲဝေမှုအစီအစဉ်ဖြစ်တဲ့ Covax ကနေ တရုတ်လုပ် ကာကွယ်ဆေးသုံးသန်း အကူအညီပေးဖို့ ကမ်းလှမ်းတာကို မြောက်ကိုရီးယားအစိုးရက လက်မခံ ပယ်ချခဲ့ပါတယ်။
ကာကွယ်ဆေးတွေ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ ဆေးဝန်ထမ်းတွေ အကူအညီပေးဖို့ သူတို့ ကမ်းလှမ်းထာကိုလည်း ဘာမှ အကြောင်းမပြန်ဘူးလို့ တောင်ကိုရီးယားကလည်း ပြောနေပါတယ်။
ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေယူဖို့ တရုတ်နိုင်ငံ ရှန်ယန်းမြို့ကို လေယာဉ်သုံးစင်း မကြာမီက စေလွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီပစ္စည်းတွေထဲမှာ "ကူးစက်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့" ပစ္စည်းတွေ မပါ၀င်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် "မြောက်ကိုရီးယားနဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီ" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။