ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောင်းသားကနေ စစ်သားဘဝခံယူပြီး ယူကရိန်းစစ်ပွဲထဲဝင် တိုက်နေသူ
ဘာ့ခ်မတ်မြို့ကနေ ဂျယ်ရမီဘိုဝင် တင်ဆက်တဲ့ ဆောင်းပါး
မက်စ်ဇင်လုဆိုက်ရဲ့ ပုံစံကို အခုပြန်တွေ့ရတာ အသက်ကြီးပြီး ပိုလေးနက်တဲ့ပုံစံ ပေါက်နေပါတယ်။
ရုရှားက ယူကရိန်းကိုစကျူးကျော်တဲ့ ရက်ပိုင်းတုန်းက သူနဲ့တွေ့ခဲ့တုန်းကလို ဟာသတွေလည်း သိပ်မလုပ်တော့ပါဘူး။အဲဒီအချိန်တုန်းက သူ့အသက်က ၁၉နှစ်ပဲရှိသေးပြီး တက္ကသိုလ်တက်တာကို ခဏရပ်၊ သူ့သဘောနဲ့သူ စစ်ထဲ ဝင်တိုက်ခဲ့တာပါ။
ဒွန်ဘာ့စ်ရှေ့တန်းကနေ အမြောက်နဲ့ပစ်နေတာကိုရှောင်၊ညဘက် ခရီးထွက် ခက်ခဲတဲ့ခရီးလမ်းကိုဖြတ်ပြီး ပြီးခဲ့တဲ့အပတ်က သူ့တပ်ဖွဲ့အတွက် ရိက္ခာတွေ သွားယူပေးခဲ့ရပါတယ်။ အဲ့ဒီမှာ ရုရှားတပ်တွေနဲ့ သူ ဘယ်လို ထိပ်တိုက်ကြုံခဲ့ရတဲ့ အကြောင်းကိုလည်း သူက ကျွန်တော့်ကို ပြောပြ ပါတယ်။
ရုရှားအမြောက်တပ်တွေပစ်ခတ်နေတဲ့ အချိန် မြို့ငယ်လေးတစ်ခုဖြစ်တဲ့ ဘက်ခ်မတ်မြို့ မှာ သူနဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အဲ့ဒီမြို့က အဆောက်အအုံအချို့ ပျက်စီးနေပြီး မြို့က အရပ်သားတွေလည်း မရှိသလောက် ဖြစ်နေပါတယ်။
မက်စ်ဇင်နဲ့ သူ့ရဲဘော်တွေက ဆာဘာလို့ခေါ်တဲ့ ခွေးလေးတကောင်ကို မွေးစားခဲ့ကြပြီးနောက် ရူဘီဇနီမြို့က စက်ရုံဟောင်းတစ်ခုကို သုံးပတ်ကြာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲ့ဒီနေရာက ရုရှားတပ် တွေရဲ့ လက်ထဲပြန်ကျသွားပါတယ်။
" ငရဲခံနေရသလိုပါပဲ။ ပြန်ခုခံတိုက်လို့ ကောင်းတဲ့ နေရာ အကာအကွယ် ကောင်းကောင်းလဲမရှိဘူး၊ ကတုတ်ကျင်းတွေ တူးထားတာရှိပေမယ့် တစ်ခါတလေ ဆိုဗီယက်ခေတ်က အမိုးအကာတွေနဲ့ မီးသတ်ဌာနကို အကာအကွယ်ယူပြီး တိုက်ရတယ်။ "
သူ့တပ်ဖွဲ့ဟာ ရုရှားဘက်က တင့်ကားတွေနဲ့ လာပစ်တာကို တစ်နေ့ကို ၂၅ ကြိမ်လောက်ခံရတယ်လို့လည်း သူကပြောပါတယ်။
"အဲ့ဒီမှာ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကျသွားပြီး ၁၀ ယောက်၊ ၁၅ ယောက်လောက် ဒဏ်ရာအပြင်းအထန် ရသွားတယ်"
ကျောင်းသားတွေ စစ်ထဲဝင်ဖို့စာရင်းပေး
အခုအချိန်ဟာ နွေရာသီရောက်လုနီးနေတဲ့အချိန်ဖြစ်သလို ယူကရိန်းရဲ့ မြေသြဇာကောင်းတဲ့ အနက်ရောင်မြေပေါ်မှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပြီး အသေအပျောက်အများဆုံး နေရာကတော့ ဒွန်ဘာ့စ်မြို့မှာ ဖြစ်ပါတယ်။
ရုရှားဗိုလ်ချုပ်ကြီးတွေဟာ မြို့တော် ကိယက်ဗ်နှင့် ဒုတိယမြို့တော် ကာကိဗ်မြို့တစ်ဝိုက်မှာ ရန်သူတပ်တွေရဲ့ ပြန်လည်ခုခံတိုက်ခိုက်မှု သင်ခန်းစာကို ကောင်းကောင်းရထားပါတယ်။
မတ်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အရေးနိမ့်ခဲ့တာကြောင့် ဧပြီလနဲ့ မေလအတွင်းမှာ ရုရှားတပ်တွေ နောက်ပြန်ဆုတ်နေ ရပါတယ်။အဲ့ဒီကနေ သူတို့တပ်ဖွဲ့တွေထဲက အားကောင်းတဲ့ တပ်တွေကို စုပြီး ယူကရိန်းအရှေ့ဘက်ကို အာရုံစိုက် ထိုးစစ်ဆင်နေပါတယ်။
အဲ့ဒါကြောင့် ဒွန်ဘာ့စ်နဲ့ တွဲလျက်ဒေသနှစ်ခုထဲက တစ်ခုဖြစ်တဲ့ လူဟန်စ်ခ်မြို့ မှာတပ်စွဲထားတဲ့ ယူကရိန်းတပ်တွေ အဲ့ဒီကနေ ထွက်ရဖို့ နီးစပ်နေပါပြီ။ နောက်တစ်ခုအနေနဲ့ ယူကရိန်းတပ်တွေ ပိုခြေချထားတဲ့ ဒွန်ညခ်စ်မြို့ဟာလည်း ရုရှားတွေရဲ့ အမြောက်နဲ့ ပစ်တာခံနေရပါတယ်။
ဇီဝဗေဒကျောင်းသား မက်စ်ဇင်နဲ့ ပထဆုံးတွေ့ခဲ့တဲ့အချိန်က မတ်လ အစောပိုင်းကဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ တက္ကသိုလ်အတူတက်တဲ့ သူငယ်ချင်း စီးပွားရေးပညာဘာသာရပ်ကို လေ့လာနေတဲ့ အသက်၁၈နှစ် ဒီမီထရိုကီ ဆီလန်ကိုတို့ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကနေ အမိမြေကိုကာကွယ်ဖို့ စာရင်းပေးခဲ့ကြပါတယ်။
ခါးသီးတဲ့ အအေးဒဏ်ကြားထဲမှာ တခြားသူတွေနဲ့အတူ လေ့ကျင့်ရေး စင်တာကိုသွားဖို့ ဘတ်စ်ကားစောင့်နေတဲ့ သူတို့ကို အဲ့ဒီတုန်းက တွေ့ရတာ Kalashnikovs ကလာစ်နီကော့ရိုင်ဖယ် အဟောင်းတွေ ကိုင်ထားတာကလွဲလို့ ပွဲတော်တစ်ခု ဒါမှမဟုတ် စခန်းချခရီးသွားကြမယ့် လူငယ်လေးတွေနဲ့ တူပါတယ်။
အသက် ၁၈နှစ်နဲ့ ၁၉အရွယ် သူတို့လိုလူငယ်တွေ ဥရောပထဲက စစ်ပွဲ တစ်ပွဲထဲ ဝင်တိုက်နေရတာကိုတွေ့ရတာ စိတ်ပျက်စရာ ထိတ်လန့်စရာ ကောင်းတဲ့ ၂၀ရာစုရဲ့ သွေးစွန်းခဲ့တဲ့ နှစ်တွေ ဆက်ဖြစ်နေပြီး စစ်ပွဲကြီး တစ်ပွဲဖြစ်လာတော့မယ့် လက္ခဏာတစ်ခုကိုလည်း တွေ့နေရပါတယ်။
မတ်လထဲမှာတော့ မက်စ်ဇင်၊ဒီမီထရိုနဲ့ ယူကရိန်းနိုင်ငံသားတွေ အားလုံး စစ်ပွဲတွေမှာ လူတွေကြုံရတဲ့ပုံစံတွေနဲ့ ကြုံရပါတယ်။ အရင်က နေခဲ့တဲ့ဘဝပုံစံတွေကို စွန့်လွှတ်၊လုပ်ရိုးလုပ်စဥ်တွေ ဆက်လုပ်ခွင့်မရတော့ဘဲ လက်တွေ့ဘဝမှာ ရှင်သန်နေထိုင်ဖို့ အတွက်ပဲ ဘဝပုံစံသစ်ကို လက်ခံကြရပါတယ်။
မတ်လအစောပိုင်း သူတို့ရဲ့ ရက်တို လေ့ကျင့်မှုအချိန်တွင်းမှာလည်း စစ်ပွဲက အရာအားလုံးကို ပြောင်းလဲအောင်လုပ်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ မက်စ်ဇင်က သူ့ခံစားချက်ကို အခုလိုပြောပြပါတယ်။
“ကျွန်တော်တို့ ဇနီးမယားတွေ၊သမီးရည်းစားတွေ၊ သားသမီးတွေကို တွေ့လို့မရတော့ဘူး။စစ်မဖြစ်ခင်တုန်းက ပုံမှန်လုပ်ခဲ့တဲ့ ဟာတွေလည်း ဘာမှလုပ်လို့မရတော့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အဲ့ဒါတွေထက် ပိုအရေး ကြီးတဲ့ ကိစ္စတစ်ခု ရှိနေပြီဆိုတာ လူတိုင်း နားလည်ပါတယ်။ပြီးသွားရင် စီးပွားရေးတွေ ဆက်လုပ်မယ်၊သားသမီးတွေကို ကြီးပြင်းလာတဲ့ အထိစောင့်ရှောက်မယ်။ ငါတို့ဇနီးမယား ရည်းစားတွေကို အကြိမ်ပေါင်းများစွာ နမ်းကြမယ်။ဒါပေမဲ့ အဲ့ဒါတွေက စစ်ပွဲကြီးပြီးမှပဲ လုပ်လို့ရမှာဗျ “
ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက် လာတဲ့အချိန်မှာတော့ ယူကရိန်းနိုင်ငံသားအားလုံးရဲ့ အသက်အိုးအိမ် စည်းစိမ်ဘဝတွေက ကပြောင်းကပြန်တွေ ဖြစ်ကုန်ပါတယ်။ ဒါကြောင့် ယူကရိန်းမဟုတ်တဲ့ကျွန်တော်တို့အားလုံးရဲ့ ဘဝနဲ့ သူတို့ဘဝ အခြေအနေကလည်း ခြားနားသွားပါတယ်။
ရုရှားတပ်တွေ ရှေ့ကို ချီတက်တိုက်ခိုက်လာတဲ့အလားတူ မက်စ်ဇင်ကလည်း တိုက်ပွဲဝင်ဖို့ သံန္နိဌာန် အခိုင်အမာချထားပါတယ်။သူ့သူငယ်ချင်း ဒီမီထရိုကတော့ မြို့တော်ကိယက်ဗ်မှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ပြီးတော့ သူတို့အနေနဲ့ ကျောင်းသားတွေဖြစ်လို ဒွန်ဘာ့စ်မြို့မှာ မဖြစ်မနေ တာဝန်ထမ်းဆောင်ရတာတော့ မဟုတ်ပါဘူး။
“တတ်နိုင်သလောက် အဲ့ဒီနေရာမကျအောင် ထိန်းထားရင်း နားတွေကမကြားရတော့သလိုမျိုးဖြစ်ပြီး ကတုတ်ကျင်းထဲမှာလည်း အေးခဲနေပြီ။ အဲဒီမှာ အသေခံဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပေမယ့် ယဉ်ကျေးတဲ့ကမ္ဘာကြီးတစ်ခုလုံးက စစ်ရေးမဟုတ်တဲ့နည်းလမ်းတွေနဲ့ အချိန်တစ်ခုရောက်ရင် ရုရှားကို အနိုင်ယူကြမယ်လို့ယုံကြည်ပါတယ်။ “
သူ့ကိုယ်သူတို့ ယူကရိန်းရဲ့ မဟာမိတ်လို့ ပြောနေကြပြီး ဗလာဒီမာပူတင်နဲ့ ရုရှားကို နယ်မြေတစ်ချို့ပေးသင့်တယ်လို့ ပြောနေတဲ့သူတွေနဲ့ပတ်သက်ပြီး သဘောမတူဘူးလို့ သူကပြောပါတယ်။
"ပူတင်နဲ့ စာချုပ်ချုပ်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်ထင်တယ်။ ပူတင်နားလည်တဲ့ဘာသာစကားကလည်း ကျည်ဆန်တွေ၊ သွေးတွေ၊ စစ်ရာဇ၀တ်မှုတွေနဲ့ အခြားအကြောင်းတွေပဲရှိတယ်။ဒီမြေကို အသိမ်းခံရပြီးတော့ စစ်ပွဲကို အဆုံးသတ်မယ်ဆိုတဲ့ကိစ္စက မဖြစ်နိုင်ပါဘူး"
ဒီစစ်ပွဲက သူ့ကိုဘယ်လိုအပြောင်းအလဲတွေဖြစ်စေလဲလို့ မက်စ်ဇင်ကို မေးကြည့်တော့ ဒီနှစ်အစမှာ ကိယက်ဗ်မြို့မှာ လူငယ်နိုင်ငံရေးလောကမှာဝင်ပါပြီး ဖျော်ဖြေပွဲတွေလုပ်ဖို့ သူစီစဥ်ထားတယ်လို့ပြောပါတယ်။
"ခင်ဗျားသူငယ်ချင်းတချို့ ခင်ဗျားလက်ပေါ်မှာ ကျဆုံးသွားတဲ့ ခံစားချက်က နားလည်ဖို့ခက်တဲ့အတွက် ခင်ဗျားကို အခုအချိန်မှာ ကျွန်တော် အတိအကျ အဖြေမပေးနိုင်ပါဘူး။အဲဒီ့အဖြစ်အပျက်တွေကို ကြုံခဲ့ရပြီး အဲ့ဒီကရတဲ့ ခံစားချက်တွေ ဆက်ရှင်သန်ဖို့ကြိုးစားနေရတာပါ။ပြီးတော့ ရူဘစ်ဇ်နီမြို့က ကျွန်တော်တို့ထွက်ခဲ့ရတုန်းကလဲ ဒီစက်ရုံကို လက်လွတ် လိုက်ရတာဟာ လူဟန့်စ်ဒေသကို ကျွန်တော်တို့ ဆုံးရှုးခဲ့ရတယ်ဆိုတာကိုလည်း လက်ခံဖို့ အတော်ခက်ခဲခဲ့ပါတယ်"
အလင်းနဲ့အမှောင်ကြားက စစ်ပွဲ
မတ်လမှာ သူနဲ့တွေ့ခဲ့တုန်းကဆို သူစစ်ထဲဝင်မယ့်အကြောင်း အတိအကျ ကို သူ့မိဘတွေကိုတောင် မပြောခဲ့ဘူးလို့ မက်စ်ဇင်က ဟာသလုပ်ပြောပါသေးတယ်။
"အခုတော့ ကျွန်တော်ဘာလုပ်နေတယ်ဆိုတာ မိဘတွေ ကောင်းကောင်း သိသွားကြပါပြီ။ ကျွန်တော်လဲ တတ်နိုင်သမျှ သူတို့ဆီကို ကြိုးစား ဖုန်း ဆက်ပါတယ်။အမေကလည်း ကျွန်တော်နဲ့ ကျွန်တော့်ညီတွေ ဝတ်ဖို့ စစ်ဝတ် စုံတွေပို့ပေးတယ်"
သူ့အဖေကိုယ်တိုင်ကလည်း မက်စ်ဇင်ရဲ့ ဇာတိမြို့ ဆူမီမှာ နယ် မြေကာကွယ်ရေးတပ်ထဲဝင်ဖို့ ကြိုးစားခဲ့ပါတယ်။
"ဒါပေမဲ့ သူအသက်က အသက်၆၅နှစ်ရှိပြီဆိုတော့ စစ်တိုက်ဖို့ အရမ်း အသက်ကြီးသွားပြီ။သူ့ကို လက်မခံဘူးလို့ ငြင်းခံလိုက်ရတဲ့အချိန်မှာတောင် ကျွန်တော့်ဆီဖုန်းဆက်ပြီး မင်းတပ်ဖွဲ့မှာ ပါလို့ရမလားလို့ လှမ်းမေးသေးတယ် လို့ပြောပါတယ်။
ကျွန်တော့်ကို သူတို့ နားလည်မှုရှိကြတယ်။ပြီးတော့ စိတ်ဓာတ်ပိုင်းတင်မက လိုအပ်တဲ့ငွေကိုလဲ ပံ့ပိုးပေးတယ်။
ဒွန်ဘာ့စ်မြို့ရဲ့အခြေအနေက ရုရှားထိုးစစ်ကြောင့် ယူကရိန်းတပ်တွေ နယ်မြေဆုံးရှုံးမှုတွေ ပိုဖြစ်လာမယ်လို့ ယူဆရပါတယ်။ မြို့ အနောက်ဘက်မှာတော့ ကတုတ်ကျင်းအသစ်တွေ တူးထားပါတယ်။
ဈေးကြီးတဲ့ လယ်ထွန်စက်ကြီးတွေပါတဲ့ ယာဉ်တန်းကလည်း မြို့က ထွက်ပြီး အနောက်ဘက်ကို ဦးတည်သွားနေတာ တွေ့ရပါတယ်။ ယူကရိန်းတပ်တွေလိုအပ်နေတဲ့ ခေတ်မီဆန်းသစ်တဲ့ လက်နက်ကြီးတွေ ရောက်လာပေမယ့် ရုရှားတပ်တွေကို ပြန်မတိုက်ထုတ်နိုင်သေးပါဘူး။
ကျောင်းသားဘဝကနေ ရှေ့တန်း စစ်သည်တစ်ဦးအဖြစ်ပြောင်းလဲ လာခဲ့တဲ့ မက်စ်ဇင်ကတော့ သူတို့ တိုက်နေတဲ့ စစ်ပွဲနိုင်ကိုနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။
"ကမ္ဘာတစ်ခုလုံးရဲ့ လွတ်လပ်မှု၊ ယဉ်ကျေးတဲ့ ကမ္ဘာကြီး တစ်ခုလုံးကိုကာကွယ်ဖို့ ကျွန်တော်တို့တိုက်ပွဲဝင်နေတာပါ။အခုစစ်ပွဲက ယူကရိန်းနဲ့ ရုရှားတိုက်နေတဲ့ စစ်ပွဲသက်သက်မဟုတ်ပါဘူး။ ရုရှားနဲ့ ကမ္ဘာကြီးတစ်ခုလုံးနဲ့ဖြစ်နေတဲ့ အလင်းနဲ့ အမှောင်ကြားကစစ်ပွဲပါ"