ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ကို ရိုးရာနည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားပြည်သူတွေ
မြောက်ကိုရီးယားမှာ ကာကွယ်ဆေး မထိုးရသေးတဲ့၊ အာနိသင်ရှိတဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးတွေ ကို လက်လှမ်းမမီ ကြတဲ့ လူတွေမှာ ကိုဗစ်ရောဂါ ကူးစက် ပျံ့နှံ့နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အစောပိုင်း ကိုဗစ်ကူးစက်မှုတွေ စတင်ခဲ့ချိန်က စပြီး ကပ်ရောဂါ ဝင်မလာစေဖို့ မြောက်ကိုရီးယားဟာ သူ့နယ်စပ်တွေကို ပိတ်ထားခဲ့ပါတယ်။
ခေါင်းဆောင်ပိုင်းကလည်း ခုထက်ထိတိုင် ပြည်ပက ဆေးဝါးအကူအညီတွေကို ငြင်းပယ်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံပိုင် မီဒီယာတွေကို ကြည့်ရင်လည်း သူတို့က အဖျား ရောဂါလို့ပဲ နာမည်တပ်ပြီး ရိုးရာဆေးတွေကိုပဲ ညွှန်းနေပြန်ပါတယ်။
ရေနွေး
ရောဂါ သိပ်မပြင်းထန်တဲ့ လူတွေကို ချင်းပြုတ်ရေ ဒါမှမဟုတ် ပျားရည်စုပ်ပန်းနဲ့ မိုးမခရွက်ခြောက် လက်ဖက်ရည်ကြမ်းသောက်ပါဆိုပြီး Rodong Simnun သတင်းစာက အကြံပြုပါတယ်။
ရေနွေးသောက်ရင် ကိုဗစ် လက္ခဏာတွေဖြစ်တဲ့ လည်ချောင်းနာ၊ ချောင်းဆိုးတာတွေ သက်သာနိုင်သလို ကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှု များနေတဲ့ လူနာတွေအတွက် ရေဓာတ်ကိုလည်း ရရှိစေပါတယ်။
ချင်းနဲ့ မိုးမခရွက်ကတော့ နာကျင်ကိုက်ခဲ ညောင်းညာတာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
သို့ပေမယ့် တကယ်တော့ ဒါတွေဟာ ဗိုင်းရပ်စ်ကို မတိုက်နိုင်ကြပါဘူး။
ဆားငန်ရေ
နိုင်ငံပိုင် မီဒီယာတွေမှာ မကြာသေးခင်က တင်ဆက်ပေးခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်း တခုထဲမှာတော့ စုံတွဲ တတွဲက မနက်နဲ့ ညမှာ ဆားငန်ရေနဲ့ အာလုပ်ကျင်းပါလို့ ဆိုခဲ့ပါတယ်။
အဲဒီနောက်မှာ ပိုးသတ်ရည်လုပ်ဖို့ အတွက်ဆိုပြီး ဆားတန်ချိန် ထောင်နဲ့ ချီပြီး ပြုံးယမ်းမြို့ကို ပို့ပေးခဲ့ရပါတယ်။
လေ့လာမှု တချို့မှာဆားငန် ရေနဲ့ ပလုပ်ကျင်းတာ၊ နှာခေါင်းဆေးတာမျိုးတွေက သာမန်အဖျားပိုးကို တိုက်နိုင်တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ကိုဗစ်ပိုးကို ရပ်အောင်တားနိုင်သလားဆိုတဲ့ အထောက်အထားမျိုးကတော့ တော်တော်ရှားပါတယ်။
ဓာတ်ခွဲခန်းထဲက လေ့လာမှုတခုအရတော့ ပါးစပ်ဆေးတဲ့ ဆေးရည်က ပိုးကိုသတ်နိုင်တာကို တွေ့ခဲ့ရပါတယ်။
ဒါပေမယ့် လူကို ကုသမှုပေးနိုင်တဲ့ အထိ အားရစရာ ရလဒ်မျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
ကိုဗစ် ကူးစက်ခံရတာက လေထဲမှာ ရှိနေတဲ့ ဗိုင်းရပ်စ်ပါနေတဲ့ ရေမှုန် ရေမွှားလေးတွေကို နှာခေါင်းနဲ့ ပါးစပ်ကတဆင့် ရှူသွင်းမိလို့ ဖြစ်ပြီး အာလုပ်ကျင်းတာက ဝင်ပေါက် တခုတည်းကိုသာ ကာကွယ်ပေးသလို ဖြစ်နေပါတယ်။
ဗိုင်းရပ်စ်ကလည်း ခန္ဓာကိုယ်ထဲရောက်ပြီ ဆိုတာနဲ့ မျိုးပွားပြီး တခြား ကိုယ်တွင်း အင်္ဂါတွေကို ပျံ့နှံ့ရောက်ရှိသွားတာ ဖြစ်ပါတယ်။ အဲဒီအခါကျရင်တော့ ဘယ်လောက် အာလုပ်ကျင်းကျင်း ပိုးတွေကို သတ်ဖို့ မဖြစ်နိုင်တော့ ပါဘူး။
အကိုက်အခဲ ပျောက်ဆေးနဲ့ ပဋိဇီဝဆေး
နိုင်ငံပိုင် ရုပ်မြင်သံကြားပေါ်မှာ လူနာတွေကို ibuprofen နဲ့ amoxicillin တို့လို အကိုက်အခဲပျောက်ဆေးတွေနဲ့ တခြား ပဋိဇီဝ ဆေးဝါးတွေ သောက်ကြပါဆိုပြီး အကြံပြုနေပါတယ်။
Ibuprofen နဲ့ paracetamol တို့လို ဆေးတွေကြောင့် ကိုယ်ပူကျနိုင်သလို ခေါင်းကိုက်တာနဲ့ လည်ချောင်းနာတာတွေ သက်သာနိုင်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကို မရှင်းပစ်နိုင်သလို နောက်ထပ် မပွားအောင်လည်း မတားနိုင်ပါဘူး။
ပဋိဇီဝဆေးတွေကလည်း ဘက်တီးရီးယားပိုးကိုသာ တိုက်နိုင်တာ ဖြစ်ပြီး ဗိုင်းရပ်စ်ကို မသတ်နိုင်ပါဘူး။ ဒါကြောင့် ပဋိဇီဝ ဆေးတွေကို မလိုအပ်ဘဲ သောက်သုံးရင် ဆေးမတိုးတဲ့ ပိုးမျိုးတွေဖြစ်လာဖို့တောင် အားပေးလိုက်သလို ဖြစ်သွားတတ်ပါတယ်။
ဓာတ်ခွဲခန်းထဲက လေ့လာမှုတွေအရ တချို့ဆေးဝါးတွေက ကိုဗစ် အပါအဝင် ဗိုင်းရပ်စ် ကူးစက်မှုတွေကို နှေးသွားအောင် လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
တကယ်လက်တွေ့မှာတော့ မလုပ်နိုင်သေးပါဘူး။
Azithromycin လို့ခေါ်တဲ့ ပဋိဇီဝဆေးဝါး တမျိုးအတွက် လုပ်ခဲ့တဲ့ လေ့လာမှုမှာ ကိုဗစ် လက္ခဏာတွေနဲ့ ပတ်သက်လို့ ဆေးရုံတက်ရရုံလား၊ အသက်အန္တရာယ် ရှိနိုင်သလား ဆိုတဲ့ အပေါ်မှာ သိသိသာသာ ကွာခြားမှု မရှိတာ တွေ့ခဲ့ရပါတယ်။
တဖက်မှာတော့ ဆေးရုံတက်ရတဲ့ ကိုဗစ်လူနာတွေအတွက် သောက်သုံးသင့်တယ်လို့ အကြံပြုထားတဲ့ ဆေးတွေ နဲ့ ကုထုံးတွေ ရှိပါတယ်။
Paxlovid ၊ molnupiravir နဲ့ remdesivir တို့လို ပိုးသတ်ဆေးတွေနဲ့ ကိုယ်ခံအား စနစ်အတိုင်း အသွင်တူ ပဋိပစ္စည်း ကုထုံးတွေ ဖြစ်ပါတယ်။ အာနိသင် ရှိပုံမှာတော့ ကွာခြားမှုတွေ ရှိပါတယ်။
ကျန်းမာရေးစနစ်
မြောက်ကိုရီးယားမှာ ကျေးလက်ဒေသတွေက ဆေးပေးခန်းတွေကနေ အစိုးရ ဆေးရုံကြီးတွေမှာ တက်ရောက်ကုသဖို့ လိုတဲ့ ရောဂါတွေအထိ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ စနစ် ရှိပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းက စပြီး ပိတ်ဆို့ အရေးယူခံရမှုတွေနဲ့ မိုးခေါင်တာလို ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေကြောင့် နိုင်ငံ့ စီးပွားရေးက ကျဆင်းလာခဲ့ပါတယ်။
နယ်စပ်ပိတ်ထားတာနဲ့ တင်းကြပ်တဲ့ လော့ခ်ဒေါင်း စည်းကမ်းတွေကြောင့်လည်း အခြေအနေတွေက ပိုဆိုးရွားလာစေခဲ့ပါတယ်။
မြောက်ကိုးရီးယားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ ပြုံယမ်း အပြင်ထွက်လာတာနဲ့ ကျန်းမာရေး ဝန်ထမ်း မလုံလောက်တာ၊ ဆေးဝါးနဲ့ ဆေးပစ္စည်း မလုံလောက်တာတွေကြောင့် တော်တော်လေး အားနည်းတယ်လို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့ နှစ်က ကုလသမဂ္ဂမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာတခုထဲမှာ သူတို့ဆီက ဆေးဝါးထုတ်လုပ်မှု၊ ကာကွယ်ဆေး ထိုးနှံမှုနဲ့ ဆေးပစ္စည်း ထုတ်လုပ်မှုတွေဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ စံချိန်စံညွှန်းတွေကို မမီသလို ဒေသတွင်း လိုအပ်ချက်ကိုလည်း မဖြည့်ဆည်းပေးနိုင်ဘူးလို့ ဆိုထားပါတယ်။
မြောက်ကိုရီးယားကနေ တောင်ကိုရီးယားဘက်ကို ထွက်ပြေးလာကြသူတွေကလည်း သူတို့ဆီမှာ ဆေးဝယ်သောက်ရတာ၊ ကုသမှုခံယူဖို့ အတွက် ငွေပေးရတာတွေ ရှိပြီး၊ တချို့ ဆေးဝါးတွေ ဆိုရင် အာဏာရ ပါတီက အခွင့်ထူးခံတွေအတွက်ပဲ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် နိုင်ငံပိုင် မီဒီယာတွေမှာတော့ ဆေးဝါးတွေ တိုးမြှင့်ထုတ်လုပ်နေပြီဆို ဖော်ပြနေပါတယ်။
နိုင်ငံတကာ အကူအညီ
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်က တရုတ်ထုတ် ကာကွယ်ဆေး လုံးရေ ၃ သန်းကို ငြင်းပယ်ခဲ့ပါတယ်။ နောက်ပြီး Covax လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး မျှဝေရေး စီမံချက်အရ တခြားက အကူအညီတွေကိုလည်း ငြင်းခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားကလည်း သူတို့ဘက်က ကာကွယ်ဆေးတွေ၊ ဆေးပစ္စည်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေပါ ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အကြောင်းပြန်ချက် မရခဲ့ဘူးလို့ ပြောပါတယ်။
တခါ မကြာသေးခင်ကပဲ မြောက်ကိုရီးယားက တရုတ်ပြည် Shenyang ကနေ ဆေးပစ္စည်းတွေ သယ်ယူဖို့ အတွက် လေယာဥ် ၃ စင်း လွှတ်လိုက်တယ်လို့ သတင်းတွေ ထွက်လာပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အဲဒီထဲမှာ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အတွက် ဆေးဝါးတွေ မပါဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အတွက်ဆိုရင် မြောက်ကိုရီးယားနဲ့ လက်တွဲ ဆောင်ရွက်သွားဖို့ သူတို့ဘက်က အသင့်ပါပဲလို့ ဆိုပါတယ်။