ယူကရိန်းစစ်ပွဲ - ပိတ်ဆို့မှုတွေကို ရှောင်ဖို့ ရုရှားသူဌေးကြီးတွေ ဒူဘိုင်းကို ထွက်ပြေးလာကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဆမီးယား ဟက်ရှ်မီ
- ရာထူးတာဝန်, အရှေ့အလယ်ပိုင်းစီးပွားရေး သတင်းထောက်
- ရေးသားခဲ့သည်။
အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ဆီကို ရုရှား ဘီလျံနာ သူဌေးတွေနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ တော်တော်များများ ရောက်လာနေကြတဲ့ အကြောင်း အဲဒီက စီးပွားရေး လောကကို ဦးဆောင်နေကြသူတွေက ဘီဘီစီကို ပြောပါတယ်။
ရုရှားလူမျိုးတွေရဲ့ အိမ်ခြံမြေ ဝယ်ယူမှုတွေကလည်း ၂၀၂၂ ခုနှစ် ပထမ ၃ ပတ်အတွင်းမှာ ၆၇ ရာခိုင်နှုန်း ထောင်တက်သွားခဲ့ပါတယ်။
ယူအေအီးဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပြုခဲ့တာနဲ့ ပတ်သက်လို့ ဘာ ပိတ်ဆို့အရေးယူမှုမှ မလုပ်သလို ဝေဖန်ပြစ်တင်တာမျိုးလည်း မရှိပါဘူး။ နောက်ပြီး ပိတ်ဆို့အရေးယူ မခံရသေးပေမယ့် အနောက်နိုင်ငံတွေက ကန့်သတ်မှုတွေ ချမှတ်ထားတဲ့ ရုရှားနိုင်ငံသားတွေကိုလည်း ပြည်ဝင်ခွင့် ဗီဇာတွေ ထုတ်ပေးနေပါတယ်။
ပြီးခဲ့တဲ့ ၂ လကျော်အတွင်းမှာ ရုရှားက လူ ထောင်ပေါင်းများစွာ ထွက်သွားခဲ့ကြပြီး ဖြစ်တယ်လို့ ခန့်မှန်းထားကြပေမယ့် အရေအတွက် အတိအကျနဲ့တော့ မပြောနိုင်ပါဘူး။
ရုရှား စီးပွားရေး ပညာရှင် တယောက်ကတော့ စစ်စပြီး ပထမ ၁၀ ရက်အတွင်းမှာတင် ရုရှား ၂၀၀,၀၀၀ လေက် ထွက်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒူဘိုင်းမှာ စီးပွားရေးလုပ်ဖို့ ရောက်လာကြတဲ့ ကုမ္ပဏီတွေကို ကူညီပေးနေတဲ့ Virtuzone က ရုရှားက အလုပ်အပ်လာသူတွေ တော်တော်ကြီး တက်လာတယ်လို့ ပြောပါတယ်။
စစ်စပြီးနောက်ပိုင်းမှာ လာရောက် စုံစမ်းကြတဲ့ ရုရှားလုပ်ငန်းတွေ ၅ ဆလောက် တက်လာတယ်လို့ အဲဒီ ကုမ္ပဏီရဲ့ အကြီးအကဲ ဖြစ်တဲ့ George Hojeige က ပြောပါတယ်။
သူတို့က စီးပွားရေး လုပ်ငန်းတွေပြိုလဲကျလာ တော့မှာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် သူတို့ရဲ့ စည်းစိမ်တွေကို ဆက်ထိန်းထားနိုင်ဖို့ ဒီဘက်ကို ရွှေ့လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို ရုရှားလူမျိုးတွေ အများအပြား ရောက်လာတဲ့ နောက်မှာ မြို့တွင်းက အဆင့်မြင့် ဇိမ်ခံ အိမ်ရာတွေမှာ ဝယ်လိုအားတွေ မြင့်တက်သွားပါတယ်။ ရုရှားတွေ ဒူဘိုင်းကို ရောက်လာပြီး အိမ်တွေဝယ်ကြတာကြောင့် အိမ်ခြံမြေဈေးတွေလည်း တက်လာတယ်လို့ အိမ်ခြံမြေ လုပ်ငန်း အကျိုးဆောင်တွေက ပြောကြပါတယ်။
ဒူဘိုင်း အခြေစိုက် Betterhomes အိမ်ခြံမြေ လုပ်ငန်းက ၂၀၂၂ ရဲ့ ပထမ ၃ လအတွင်း ရုရှားတွေ ဝယ်တဲ့ အိမ်ရာတွေက ၃ ပုံ ၂ ပုံလောက်ကို တက်လာတယ်လို့ ပြောပါတယ်။
နောက် အိမ်ခြံမြေ လုပ်ငန်း တခုဖြစ်တဲ့ ကလည်း သူတို့ဆို ရုရှား စကားပြောတတ်တဲ့ အကျိုးဆောင်တွေတောင် ငှားထားရပြီလို့ ဘီဘီစီကို ပြောပါတယ်။ လုပ်ငန်းရဲ့ အကြီးအကဲ Thiago Caldas က သူတို့ဆီကို ရုရှားလူမျိုးတွေက သူတို့ကို ဒူဘိုင်းမှာ ချက်ခြင်း နေရာထိုင်ခင်း စီစဥ်ပေးဖို့ အတွက် ဆက်သွယ်လာကြတာ တော်တော်ကို များတယ်လို့ ဆိုပါတယ်။
ဒီကို လာတဲ့ ရုရှားတွေက ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ အတွက်သာ မဟုတ်ဘဲ သူတို့ရဲ့ ဒုတိယ အိမ်အဖြစ်ပါ သတ်မှတ်နေထိုင်ကြဖို့ အတွက် အိမ်ရာတွေ ဝယ်ယူနေကြတာလို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
'Brain drain' ဦးနှောက် ယိုစိမ့်မှု
နိုင်ငံတကာ ကုမ္ပဏီအများအပြားနဲ့ ရုရှား လုပ်ငန်းငယ်တွေ တော်တော်များများလည်း သူတို့ ဝန်ထမ်းတွေကို ယူအေအီးမှာ နေထိုင်ဖို့ အတွက် စီစဥ်ပေးနေကြပါတယ်။
ရုရှားနဲ့ ယူကရိန်းမှာပါ ကုမ္ပဏီ ရုံးခန်းတွေ ဖွင့်ထားတဲ့ WeWay လို့ခေါ်တဲ့ နည်းပညာ ကုမ္ပဏီ ရဲ့ ပူးတွဲ တည်ထောင်သူ Fuad Fatullev နဲ့ စစ်စပြီးနောက်မှာ သူနဲ့ စီးပွားဖက်တွေ ဝန်ထမ်း ရာနဲ့ ချီပြီး ဒူဘိုင်းကို ရွှေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်က သူတို့လုပ်ငန်းတွေ အပေါ် အများကြီး ရိုက်ခတ်ခဲ့တယ်၊ အရင်လို ဆက်လုပ်လို့ မရတော့ဘူး၊ ဒါကြောင့် ယူကရိန်းနဲ့ ရုရှားက လူတွေ ရာနဲ့ချီပြီး အပြင်ကို ခေါ်ထုတ်ခဲ့ရတယ်လို့ ရုရှားနိုင်ငံသား တယောက်ဖြစ်တဲ့ Fuad Fatullev က ပြောပါတယ်။
သူက ယူအေအီးဟာ စီးပွားရေး လုံခြုံမှုနဲ့ လုပ်ငန်း လည်ပတ်ဖို့ အခြေအနေပေးတဲ့ နိုင်ငံရေး အနေအထားလည်း ရှိတဲ့ အတွက် သူတို့ဝန်ထမ်းတွေကို ယူအေအီးကို ရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ပိတ်ဆို့ အရေးယူမှုတွေကြောင့် ရုရှား စီးပွားရေး လုပ်ငန်းတွေဟာ ဆက်လက် လည်ပတ်ဖို့ တော်တော်ကြီးကို ခက်ခဲလာနေတာကြောင့် အခုလို ရွှေ့ပြောင်းနေကြရတာလို့ ဆိုပါတယ်။ အထူးသဖြင့် အနောက်တိုင်း ကုမ္ပဏီ တွေက ရုရှားအခြေစိုက် လုပ်ငန်းတွေနဲ့ အဆက်ဖြတ်ကုန်ကြတဲ့အတွက် နိုင်ငံတကာက ဝယ်လက်တွေ၊ လုပ်ငန်းတွေနဲ့ ဆက်သွယ် လည်ပတ်နေတဲ့ ကုမ္ပဏီကြီးတွေအတွက် စိန်ခေါ်မှုတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
Goldman Sachs၊ JP Morgan နဲ့ Google တို့လို ကမ္ဘာနဲ့ ချီပြီး လည်ပတ်နေကြတဲ့ ကုမ္ပဏီကြီးတွေဆို ရုရှားမှာ ရှိတဲ့ ရုံးတွေကို ပိတ်ခဲ့ကြပါတယ်။ သူတို့ကလည်း ကုမ္ပဏီဝန်ထမ်းတွေကို ဒူဘိုင်းကိုပဲ ရွှေ့နေကြပါတယ်။ ဦးနှောက် ယိုစီးမှုကြီးကတော့ ဖြစ်နေပြီ၊ စီးပွားရေး လုပ်ဖို့ ကန့်သတ်မှုတွေ တော်တော်များလာတော့ လူတွေအများကြီး ထွက်ကုန်ကြပြီလို့ Fuad Fatullev က ပြောပါတယ်။
အိမ်ခြံမြေ ဈေးတွေ ထိုးတက်
ရုရှား ဗဟိုဘဏ်ဟာလည်း ပြည်ပဘဏ်တွေမှာ အပ်နှံထားတဲ့ အရံ နိုင်ငံခြားငွေ ဘီလျံများစွာကို မထိမကိုင်နိုင်ဖို့ ပိတ်ပင်ခံထားရပါတယ်။ တချို့ ရုရှား ဘဏ်တွေ ဆိုရင်လည်း Swift ငွေဖလှယ်စနစ်ကို သုံးစွဲနိုင်တဲ့ စာရင်းကနေ ထုတ်ပယ်ခံထားပြီး ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ရုရှားရဲ့ အရံငွေတွေကို ကာကွယ်ဖို့ အတွက် ရုရှားအစိုးရက သူတို့ နိုင်ငံသားတွေ ပြည်ပကို ထွက်မယ်ဆိုရင် ဒေါ်လာ ၁၀,၀၀၀ ထက်ပိုမယူရဆိုပြီး ကန့်သတ်လိုက်ပါတယ်။
ငွေကြေးတွေ ရွှေ့ပြောင်းပေးဖို့ တော်တော် အခက်ကြုံနေရတဲ့ အတွက် ရုရှားက ဝယ်လက် အတော်များများဟာ ခရစ်ပ်တို ငွေကြေးကို သုံးပြီး ပေးချေနေကြပါတယ်။ တချို့ ဝယ်သူတွေကတော့ ခရစ်ပ်တိုငွေယူပြီး တကယ့်ငွေကို ရောင်းသူဆီကို ဝယ်သူ့ကိုယ်စား ပေးချေပေးတဲ့ ကြားလူ ခံပြီး ဝယ်ယူကြပါတယ်။
ပင်လယ်ကွေ့ နိုင်ငံတွေ ဖြစ်ကြတဲ့ ယူအေအီးနဲ့ ဆော်ဒီအာရေဗျ တို့ဟာ အနောက်နိုင်ငံတွေက ရုရှားကို ပိတ်ဆို့အရေးယူဖို့ အတွက် တောင်းဆိုမှုတွေကိုလည်း ငြင်းဆိုခဲ့ကြပါတယ်။
ယူအေအီးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကို ရှုတ်ချမယ့် အဆိုအတွက် မဲခွဲရာမှာ တရုတ်၊ အိန္ဒိယ တို့နဲ့ အတူ ကြားနေခဲ့တဲ့ နိုင်ငံ ၃ နိုင်ငံထဲက တနိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက် နေ့မှာ ရုရှားကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ရေးအတွက် မဲခွဲရာမှာလည်း ကြားနေခဲ့ပါတယ်။
ကမ္ဘာ့ ဘဏ္ဍာရေး အရှုပ်တော်ပုံတွေကို စောင့်ကြည့်တဲ့ Financial Action Task Force (FAFT) အဖွဲ့က ယူအေအီးကို မီးခိုးရောင် စာရင်းမှာ သွင်းပြီး လပိုင်း အတွင်းမှာတင် ယူအေအီးမှာ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တက်လာတာကို တွေ့ရပါတယ်။
အဲဒါကြောင့်လည်း ယူအေးအီးကို ငွေခဝါချမှုနဲ့ အကြမ်းဖက်မှု ထောက်ပံ့ရေးတွေနဲ့ ပတ်သက်လို့ စောင့်ကြည့်ခံရမှုတွေ ပိုကြုံလာရပါတယ်။ ယူအေအီး အစိုးရကတော့ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ စည်းမျဥ်း စည်းကမ်းတွေ သိသိသာသာ ချမှတ်ထားတဲ့ အကြောင်းနဲ့ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့ အတွက်လည်း FAFT နဲ့လည်း နီးနီးကပ်ကပ် ပူးတွဲ ဆောင်ရွက်နေတဲ့ အကြောင်း ပြောပါတယ်။








