ရုရှားစစ်သင်္ဘော မော့စ်ဗာ အကြီးအကျယ်ထိခိုက်ပျက်ဆီးသွား

Image shows Moskva

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပဲ့ထိန်း မစ်ဇိုင်းဒုံးကျည်တွေ ပစ်နိုင်တဲ့ အဲဒီ စစ်သင်္ဘောကြီးကို ၂၀၂၁ ဇွန်လအတွင်းက အီစတန်ဘူလ်မြို့နားက ပင်လယ်ဘက်မှာ တွေ့ရစဉ်
ရေးသားခဲ့သည်။

ရုရှားရဲ့ စစ်ရေယာဉ်အုပ်စု ဦးစီးစစ်သင်္ဘောကြီး တစီး "အကြီးအကျယ် ထိခိုက် ပျက်စီး"သွားပြီး သင်္ဘောပေါ်ပါ စစ်သည် အားလုံးကို ကယ်ထုတ်ပေးခဲ့တယ်လို့ ရုရှား နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။

ပင်လယ်နက်ထဲမှာ လှုပ်ရှားနေတဲ့ အဲဒီ မော့စ်ဗာ (Moskva) စစ်သင်္ဘောကြီးပေါ်မှာ မီးလောင်ပြီး လက်နက်ခဲယမ်းတွေ ပေါက်ကွဲ ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ သိရပါတယ်။ ဘာကြောင့် မီးလောင်သလဲဆိုတာ မသိရသေးဘူးလို့ သူတို့က ဆိုပါတယ်။

ယူကရိန်းဘက်ကတော့ သူတို့ပစ်လိုက်တဲ့ မစ်ဇိုင်း ၂ လုံးထိမှန်သွားလို့ ဒီစစ်သင်္ဘောကြီး ပျက်စီးသွားတာလို့ ပြောပါတယ်။

တပ်ဖွဲ့ဝင်အင်အား ၅၀၀ ပါတဲ့ ဒီစစ်သင်္ဘောကြီးဟာ ယူကရိန်းကို ကျူးကျော်စစ်ဆင်တဲ့ ရေတပ်သင်္ဘောအုပ်စုကို ဦးဆောင်တဲ့ သင်္ဘော ဖြစ်တဲ့ အတွက် အရေးကြီးတဲ့ အထိမ်းအမှတ်သင်္ကေတကို ဖော်ဆောင်ထားသလို၊ ထိပ်တန်း စစ်ရေးပစ်မှတ်တခုလည်း ဖြစ်ပါတယ်။

ဒီစစ်ပွဲရဲ့အစပိုင်းမှာ မြွေကျွန်းကို ခုခံနေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့အမိန့်ပေးခဲ့တဲ့ မော့စ်ဗာ ရုရှားစစ်သင်္ဘောဟာ ယူကရိန်းတို့ အကြားမှာ နာမည်ဆိုးနဲ့ ကျော်နေခဲ့တာပါ။ အဲဒီကျွန်းက ယူကရိန်း စစ်သားတွေကို လက်နက်ချခိုင်းရာမှာ ယူကရိန်း စစ်သားတွေက "ငရဲပြည်သာ သွားလိုက်"လို့ အဲဒီ စစ်သင်္ဘောကို သမိုင်းတွင်ရစ်မယ့်စကားနဲ့ ငြင်းဆန်တုံ့ပြန်ခဲ့ပါတယ်။

နှစ်က်က ဘာတွေပြောနေကြလဲ

ညတွင်းချင်းမှာပဲ ရုရှား ကာကွယ်ရေးဌာနက ထုတ်ပြန်ကြေညာချက်တခုထုတ်ပြီး "စစ်ရေယာဉ်ဟာ ကြီးကြီးမားမားပျက်စီးသွားတယ်၊ သင်္ဘောပေါ်ပါလာတဲ့ တပ်ဖွဲ့ဝင်အားလုံးကို ကယ်ထုတ်ပေးထားတယ်"လို့ ဆိုထားပါတယ်။

ဒါပေမယ့် ပေါက်ကွဲပျက်စီးမှုဟာ မီးလောင်လို့ ဖြစ်တယ်လို့သာရေးထားပြီး ဘာ့ကြောင့်မီးလောင်သလဲဆိုတာနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးနေတုန်းလို့သာ ရေးထားပါတယ်။ အတိုက်ခိုက်ခံရလို့ ဆိုတဲ့သဘောမျိုး ရေးမထားပါဘူး။

ဒါပေမဲ့ ပေ ၆၁၀ အရှည်ရှိတဲ့ စစ်သင်္ဘောကြီးပျက်စီးသွားတာဟာ သူတို့ပစ်လိုက်တဲ့ နက်ပ်ကျွန်း (Neptune) မစ်ဇိုင်း ၂ လုံး ထိသွားတာကြောင့် လို့ ယူကရိန်းက ပြောပါတယ်။

အိုဒက်စာမြို့အုပ်ချုပ်ရေးမှူး မက်ဆင် မာချန်ကိုက "မြွေကျွန်းက ကျွန်တော်တို့ရဲ့ နယ်စပ်အစောင့်တပ်ကနေ ပစ်လိုက်တဲ့နေရာဆီကို ခရူဇာ စစ်သင်္ဘော မော့စ်ဗာက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်"လို့ ဆိုပါတယ်။

ယူကရိန်း သမ္မတရဲ့ အကြံပေး အိုလက်ဆီ အာယက်စတိုဗစ်ကလည်း "ရုရှားရဲ့ ပင်လယ်နက် စစ်ရေယာဉ်အုပ်စု ဦးဆောင်စစ်သင်္ဘောကြီး မှာ အံ့အားသင့်စရာ တခုဖြစ်ခဲ့တယ်"လို့ ဆိုပါတယ်။

မစ္စတာ အာယက်စတိုဗစ်က ယူကျုကနေ အသံလွှင့်ပြောရာမှာ "အဲဒီသင်္ဘောကြီးမှာ မီးအကြီးအကျယ်လောင်နေတယ်။ အခုကို လောင်နေ တာပါ၊ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်မှာ ဒီသင်္ဘောအနေနဲ့ အကူအညီရပါ့မလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး" လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ သမ္မတအကြံပေးက တွစ်တာကတဆင့် အဲဒီစစ်သင်္ဘောကြီးကို ယူကရိန်းက ပစ်မြှုပ်လိုက်ပြီလို့ ဆိုပါတယ်။ ဒါပေမယ့် အထောက်အထား တစုံတရာတော့ မပေးပါဘူး။ ဘီဘီစီ အနေနဲ့ အဲဒီပြောဆိုချက်အတိုင်း တကယ်ဖြစ်ခဲ့တယ်၊ မဖြစ်ခဲ့ဘူးဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

2px presentational grey line

ယူကရိန်းတွေ စိတ်ဓာတ်တက်စေမယ့် အဖြစ်

Analysis box by Frank Gardner, security correspondent

ရုရှားတွေရဲ့ စစ်ရေးအားထုတ်မှုမှာ ဒီအဖြစ်က စစ်ရေးအရရော၊ စိတ်ဓာတ်ရေးရာအရပါ အကြီးအကျယ် ထိခိုက်စေပါတယ်။ ဆိုဗီယက်ခေတ် ခရူဇာ စစ်သင်္ဘောကြီး မော့စ်ဗာဟာ ဟောင်းအိုနေပြီဆိုပေမဲ့ ၂၀၀၀ ခုနှစ်ကတည်းက ရုရှားတို့ရဲ့ ပင်လယ်နက် စစ်သင်္ဘောအုပ်စုမှာ ဦးဆောင်သင်္ဘောပါ။ တန်ချိန် ၁၂,၅၀၀ ရှိတဲ့ စစ်ရေယာဉ်ဟာ ယူကရိန်း ဆိပ်ကမ်းမြို့ အိုဒက်စာနဲ့ အနီးက ကမ်းလွန်ပင်လယ်ကို ခြိမ်းခြောက်နေတဲ့ ရုရှားစစ်သင်္ဘောအုပ်စုထဲကပါ။

သင်္ဘောပေါ်မှာ မီးအကြီးအကျယ်လောင်ခဲ့တာက ဘာကြောင့်ပဲဖြစ်ဖြစ် (ယူကရိန်းကတော့ သူတို့မစ်ဇိုင်းနဲ့ ပစ်လိုက်လို့ ဖြစ်သွားတာလို့ ဆိုပါတယ်)မော့စ်ဗာရဲ့ ကျဆုံးခန်းဟာ ယူကရိန်းမှာတော့ ကဗျာဆန်တဲ့ တရားမျှတမှုလို့ မြင်ကြမှာပါ။

ရှေ့မှာဖြစ်လာမှာကို လက်တွေ့ကျကျကြည့်မယ်ဆိုရင်တော့ ဒီအဖြစ်ကြောင့် ရုရှားစစ်သင်္ဘောတွေ သူတို့ ဘေးကင်းလုံခြုံအောင် ကမ်းခြေနဲ့ ဝေးတဲ့နေရာတွေကို ရွှေ့သွားနိုင်ပါတယ်။ အဲသလိုသာရွှေ့သွားကြရင် ယူကရိန်းကပြောနေတဲ့ သူတို့ စစ်သင်္ဘောကြီးကိုမစ်ဇိုင်းနဲ့ ပစ်လိုက် တာ ဆိုတဲ့ အဆိုကသာ အမှန်လို့ ပြောရမှာပါ။

2px presentational grey line
Image shows satellite view of Moskva

ဓာတ်ပုံ ရင်းမြစ်, Maxar Technologies

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်နေ့တုန်းက ခရိုင်းမီးယားက ဆိပ်ကမ်းမှာ မော့စ်ဗာ စစ်သင်္ဘော ဆိုက်ကပ်ထားတာကို ဂြိုဟ်တု ပုံရိပ်အနေနဲ့ မြင်ရစဉ်

ဒီစစ်သင်္ဘောဟာ "ပင်လယ်နက်မှာရှိတဲ့ ရုရှားရေတပ် စွမ်းအားရဲ့ အထိမ်းအမှတ်သင်္ကေတပဲ" လို့ ရုရှား ရေကြောင်းဆိုင်ရာ လေ့လာရေး အင်စတီကျု (Russia Maritime Studies Institute) က မိုက်ကယ် ပီတာဆန်က ပြောပါတယ်။

"ဒီ ပဋိပက္ခစကတည်းက မော့စ်ဗာဟာ ယူကရိန်းအတွက် ပြဿနာ တခုလိုဖြစ်နေခဲ့တာပါ။ အဲဒီသင်္ဘော ဆိုးဆိုးရွားရွားပျက်စီးသွားတာ ကို တွေ့ရတာဟာ ယူကရိန်းတွေအဖို့ စိတ်ဓာတ်တွေ တက်ကြွလာမှာလို့ ကျွန်တော်ထင်ပါတယ်။"

၂၀၁၄ ခုနှစ် အတွင်း ခရိုင်းမီးယားကို စကျူးကျော်ကတည်းက ပင်လယ်နက်အတွင်းမှာ ရုရှားစစ်တပ်က ဒီစစ်သင်္ဘောကြီးကို နေရာချ ထားပြီး လွှမ်းမိုးထားစေတာပါ။

ယူကရိန်းနိုင်ငံက နေရာအနှံ့ကို ခရုဇ်မစ်ဇိုင်းဒုံးကျည်တွေ ပစ်နိုင်တဲ့ ပင်လယ်နက် စစ်သင်္ဘောအုပ်စုဟာ ရုရှားအတွက် အများကြီး အထောက်အကူဖြစ်စေခဲ့သလို ရုရှားတပ်တွေ မာရီယူပိုးလ်မြို့ကိုသိမ်းဖို့ ကြိုးစားမှုတွေကိုလည်း အကူအညီအများကြီး ဖြစ်စေခဲ့ပါတယ်။

မော့စ်ဗာဟာ ဘယ်လောက်အရေးပါလဲ

ရုရှား မီဒီယာတွေအဆိုအရ ဆိုဗီယက်ခေတ်ကာလက ယူကရိန်းမှာ ဒီစစ်သင်္ဘောကြီးကို တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၁၉၈၀ နှစ်တွေ တဝိုက် ကစလို့ ဒီသင်္ဘောကြီး စတင် တာဝန်ထမ်းခဲ့တာလို့ သိရပါတယ်။

Image shows the Moskva

ဓာတ်ပုံ ရင်းမြစ်, MAX DELANY/AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ဒီဇင်ဘာလတွင်း ဆီးရီးယား ကမ်းလွန် မြေထဲပင်လယ်ထဲမှာ မော့စ်ဗာ စစ်သင်္ဘောကြီး ကင်းလှည့်နေစဉ်

မစ်ဇိုင်းတင် ခရုဇာစစ်သင်္ဘောကြီးကို ဆီးရီးယား ပဋိပက္ခအချိန်က ရုရှားတပ်တွေ ပို့ပေးရေးနဲ့ ရေကြောင်းလုံခြုံရေးတို့အတွက် မော်စကိုက တာဝန်ချခဲ့ပါတယ်။

ဒီသင်္ဘောဟာ သင်္ဘောဖျက် ဒုံးကျည် ၁၂ လုံးနဲ့ ရေငုပ်သင်္ဘောပစ် လက်နက်တွေ၊ ရေမြှုပ်မိုင်းရှင်း လက်နက်တွေကိုလည်း သယ်ဆောင် ထားတယ် ဆိုတာကို သိရပါတယ်။

ယူကရိန်းကျူးကျော်မှု စတင်ကတည်းက မော့စ်ဗာဟာ အကြီးအကျယ်ပျက်စီးသွားတဲ့ ဒုတိယမြောက် ရုရှားစစ်ရေယာဉ်ဖြစ်တယ်လို့ ဆိုကြ ပါတယ်။

Image shows Putin onboard boat

ဓာတ်ပုံ ရင်းမြစ်, Sputnik

ဓာတ်ပုံ ပုံစာ, ၂၀၁၄ ခုနှစ်က ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကို ဆိုချီမှာ ဆိုက်ကပ်ထားတဲ့ မော့စ်ဗာ သင်္ဘောကုန်းပတ်ပေါ်မှာ အခမ်းအနားနဲ့ ကြိုဆိုကြစဉ်က

နက်ပ်ကျွန်း (Neptune) မစ်ဇိုင်းတွေ

ယူကရိန်း ကာကွယ်ရေးဌာနက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ထုတ်ဖော်ပြောတာမရှိသေးပေမဲ့ ဒေသတွင်းက အိုဒက်စာမြို့ရဲ့ အုပ်ချုပ်ရေးမှူး က ဒီတိုက်ခိုက်မှုကို နက်ပ်ကျွန်း မစ်ဇိုင်းတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောထားပါတယ်။

၂၀၁၄ ခုနှစ် ခရိုင်းမီးယားကို ရုရှားတို့ ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ပင်လယ်နက်အတွင်း ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ အတွက် ကိယက်ဗ်က စစ်အင်ဂျင်နီယာတွေက ဒီမစ်ဇိုင်းကာကွယ်ရေး စနစ်ကို စီစဉ်ထုတ်လုပ်ထားတာပါ။

ကိယက်ဗ် ပို့စ် သတင်းဌာနရဲ့ အဆိုအရ ဒီနှစ် မတ်လအတွင်းက ကီလိုမီတာ ၃၀၀ အဝေးထိပစ်နိုင်တဲ့ နက်ပ်ကျွန်း မစ်ဇိုင်း ပထမအသုတ် ပို့လာတာကို ယူကရိန်းရေတပ်က လက်ခံ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းဟာ လက်နက်တွေကို ကိုယ်တိုင် ထုတ်လုပ်နေသလို မဟာမိတ်အနောက်နိုင်ငံတွေဆီက စစ်ရေးဆိုင်ရာ အကူအညီတွေကိုလည်း ရရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ဗြိတိန်က လေယာဉ်ပစ် မစ်ဇိုင်းတွေ၊ တင့်ကားပစ်မစ်ဇိုင်းတွေ အပါအဝင် ပေါင် သန်း ၁၀၀ ဖိုးရှိတဲ့ လက်နက်တွေကို ယူကရိန်းကို ပို့မယ်လို့ ကြေညာခဲ့ပါတယ်။

မြွေကျွန်း(Snake Island)

ယူကရိန်းကျူးကျော်စစ် အစပိုင်းရက်တွေမှာ ဒီစစ်သင်္ဘောကြီးကနေ ပင်လယ်နက်ထဲက ကျွန်းတခုမှာ အခြေစိုက်နေတဲ့ ယူကရိန်းတပ်ဖွဲ့ တခုကို လက်နက်ချဖို့ အမိန့်ပေးခဲ့တဲ့နောက် ဒီစစ်သင်္ဘောကြီးဟာ နိုင်ငံတကာ ထိပ်စည်း သတင်းခေါင်းစဉ်တွေထဲ ပါခဲ့ပါတယ်။

အဲဒီတပ်ဖွဲ့တွေက ရေဒီယို ကြေးနန်းကနေတဆင့် လက်နက်ချဖို့ ငြင်းဆန်ခဲ့တဲ့အခါ သူတို့အားလုံး သတ်ဖြတ်တာခံခဲ့ရတယ်လို့ အစပိုင်းမှာ ကြားခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အဲဒီ တပ်ဖွဲ့ဝင်တွေကို ရုရှားတွေက ဖမ်းဆီးဆောင်သွားခဲ့တာလို့ သိခဲ့ကြရပါတယ်။

မတ်လနှောင်းပိုင်မှာတော့ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်တခုနဲ့ ဒီစစ်သားတွေ ပြန်လွတ်မြောက်လာပါတယ်။ အဲဒီတပ်ဖွဲ့ရဲ့ တပ်မှူးကို ဂုဏ်ပြုဆု တံဆိပ်တခုနဲ့ ယူကရိန်းစစ်တပ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

မြွေကျွန်းပေါ်ကနေ မော့စ်ဗာ စစ်သင်္ဘောကြီးကို ရင်ဆိုင်ခဲ့တဲ့ သူတို့ရဲ့ သတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ ယူကရိန်းအစိုးရက တံဆိပ်ခေါင်းတခု ပုံနှိပ်ထုတ်ဝေခဲ့ပြီး သူတို့ရဲ့ ဇာတ်လမ်းက ယူကရိန်းပြည်သူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပါတယ်။

Image shows postal stamp

ဓာတ်ပုံ ရင်းမြစ်, Ukraine Postal Service