ယူကရိန်းစစ်ပွဲ-ယူကရိန်းစစ်သား ၁၀၀၀ ကျော် လက်နက်ချတယ်လို့ ရုရှားပြော

ရေးသားခဲ့သည်။

ယူကရိန်းစစ်သား ၁၀၀၀ ကျော် လက်နက်ချတယ်လို့ ရုရှားပြော

ရုရှားတပ်တွေ ဝိုင်းထားတဲ့ ယူကရိန်းတောင်ပိုင်းမြို့ မာရီယူပိုးလ်မြို့က ယူကရိန်းစစ်သား ၁၀၂၆ ဦး လက်နက်ချလာတယ်လို့ ရုရှားက ပြောပါတယ်။

အဲဒီတောင်ပိုင်းဆိပ်ကမ်းမြို့ဟာ သီတင်းပတ်တွေချီ တိုက်ခိုက်ခံနေရတာဖြစ်ပြီး ရုရှားလက်ထဲ ကျတော့မယ့် အခြေအနေရောက်နေပြီလို့ ယူဆရပါတယ်။

အမှတ် ၃၆ မရင်းတပ်ဖွဲ့ က တပ်ဖွဲ့ဝင်တချို့ လက်နက်ချခဲ့တာလို့ ဆိုပါတယ်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးရဲ့ ပြောခွင့်ရသူကတော့ ဒီသတင်း မသိရသေးဘူးလို့ ပြောပါတယ်။

အဲဒီ တပ်ဖွဲ့မှာ လက်နက်ခဲယမ်းမရှိတော့ဘူးဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုတက်လာကို သတင်းမှားလို့ ဒီသီတင်းပတ်အစောပိုင်းမှာ မာရီယူပိုးလ်ဒုမြို့တော်ဝန်က ပြောခဲ့ဖူးပါတယ်။

မာရီယူပိုးလ်မှာရှိတဲ့ ဥရောပအကြီးဆုံး သံ၊သံမဏိနဲ့ သတ္တု ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ အီလစ်ချ် သံနဲ့သံမဏိစက်ရုံမှာ မရင်းတပ်ဖွဲ့က လက်နက်တွေ ပေးအပ်နေတဲ့ ဓာတ်ပုံတွေကို ရုရှား ရုပ်သံက ထုတ်လွှင့်ပြသခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ အီဂေါကိုနပ်စ်ရှန်ကော့ဗ်က ရုရှားတပ်ဖွဲ့နဲ့ ဒွန်းဘတ်စ်က ပြည်သူ့စစ်အဖွဲ့တွေရဲ့ အောင်မြင်တဲ့ ထိုးစစ်ကြောင့် တပ်ရင်းတွေရဲ့ မာရီယူပိုးလ်မှာရှိတဲ့ အီလစ်ချ် သတ္တုစက်ရုံမှာ မရင်း တပ်ရင်း ၃၆က ယူကရိန်းစစ်သား ၁ဝ၂၆ယောက် သူတို့သဘောဆန္ဒနဲ့ လက်နက်ချ ခဲ့ကြပါတယ်လို့ ပြောသွားပါတယ်။

ဒါပေမဲ့ ယူကရိန်း သမ္မတ ဇလန်စကီးရဲ့ ထိပ်တန်းအကြံပေးက ဒီမရင်းတပ်ဖွဲ့တွေက အဲဇော့ တပ်ရင်းနဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့ ပြောပါတယ်။ ဒါက မာရီယူပိုးလ်က ရုရှားလက်အောက် မကျသေးဘူးလို့ ဆိုလိုတဲ့ သဘောလို့လည်း နားလည်ရပါတယ်။

မရင်းတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်နေတဲ့ သံမဏိလုပ်ငန်းတွေ လုပ်ကိုင်တဲ့ အဲဇော့ စတီးလ် နေရာကနေ မီးခိုးလုံးတွေ လှိမ့်တက်လာနေတာကို ရိုက်တာ သတင်းထောက်တွေက မြင်ရတယ်လို့လည်း ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေ ယူကရိန်း အရှေ့ပိုင်းထဲကို ရွှေ့ပြောင်းလာပြီး ဒွန်းဘတ်စ်ဒေသမှာ ထိုးစစ်တွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဂြိုဟ်တုက ရုပ်ပုံတွေက ပြပါတယ်။

လက်နက်ခဲယမ်းမရှိတော့လို့ လက်နက်ချလိုက်ရတဲ့ ယူကရိန်း စစ်သားတွေ

ယူကရိန်းစစ်တပ်က ဗြိတိန်တစ်ဦးက သူတို့တွေ ရုရှား စစ်တပ်ဆီမှာ လက်နက်ချလိုက်ရတယ်လို့ သူ့မိသားစုကို ပြောတဲ့အကြောင်း သိရပါတယ်။

သူက ယူကေ နော်တင်ဟမ်ရှဲက အိုင်ဒန်အက်စလင်း ဖြစ်ပြီး ၂၀၁၈ မှာ အဲဒီကို ရောက်သွားပြီးနောက် မရင်းတပ်သား ဖြစ်လာတာပါ။

သူ့တပ်ဖွဲ့က ရုရှားတပ်တွေဝိုင်းထားတဲ့ ယူကရိန်းတောင်ပိုင်း မာရီယူပိုးလ်မြို့ကို ခုခံနေတာဖြစ်ပြီး အဲဒီမြို့ဟာ ရုရှားတပ်တွေရဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲမှုကို ခံခဲ့ရပါတယ်။

သူ့ရဲ့မိခင်က ပြောပြရာမှာ သူ့သားမှာ ရွေးချယ်စရာမရှိခဲ့ဘူးလို့ ပြောပါတယ်။ သူက သူ့မိခင်ဆီ ဖုန်းခေါ်ခဲ့ပြီး သူတို့ ပြန်ခုခံဖို့ လက်နက်ခဲယမ်းမရှိတော့ဘူးလို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ ရုရှားနဲ့ကုန်သွယ်မှု ပြီးခဲ့တဲ့လမှာ ထိုးတက်

အနောက်နိုင်ငံတွေက ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို တရုတ်က ဆက်ဝေဖန်ခဲ့သလို တရုတ်ရဲ့ ရုရှားနဲ့ ကုန်သွယ်ရေးဟာလည်း ပြီးခဲ့တဲ့လမှာ ထိုးတက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ ရုရှားနဲ့ကုန်သွယ်မှု ၁၂.၇၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုး ဒေါ်လာ ၁၁.၆၇ ဘီလျံ ရှိခဲ့တယ်လို့ တရုတ် အကောက်ခွန်အချက်အလက်တွေအရ သိရပါတယ်။

အဲဒါဟာ ပြီးခဲ့တဲ့နှစ် အလားတူ ပထမပတ် သုံးလပတ်ကာလထက် ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ ရုရှားဆီက လောင်စာဆီ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေးနဲ့ စိုက်ပျိုးထွက်ကုန်တွေ အဓိက တင်သွင်းတဲ့နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ စောင့်ကြည့်လေ့လာသူတွေကတော့ အခုထိ တရုတ်ဟာ အနောက်နိုင်ငံတွေက ရုရှားကို ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တဲ့ ကြီးကြီးမားမား အချက်အလက်တွေ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ပိုလန်နဲ့ဘောလ်တစ်နိုင်ငံသမ္မတတွေလာရောက်တာ ယူကရိန်းကြိုဆို

ယူကရိန်း သမ္မတ ဇယ်လန်းဇကီးက ပိုလန်နဲ့ ဘောလ်တစ် နိုင်ငံတွေက သမ္မတတွေ သူ့နိုင်ငံကိုလာရောက်ပြီး ထောက်ခံတဲ့အပေါ် ကြိုဆိုလိုက် ပါတယ်။

ပိုလန်သမ္မတ အပါအဝင် ဘောလ်တစ် နိုင်ငံတွေ ဖြစ်တဲ့ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စ်တိုးနီးယားက သမ္မတတွေနဲ့ ကိယက်ဗ်မှာ မစ္စတာ ဇလန် စကီးက တွေ့ဆုံခဲ့ပြီး ယူကရိန်း ပြည်သူတွေနဲ့ စစ်တပ်ကို အကူအညီပေးရေး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်မှာ အတူလိုက်ပါဖို့ စီစဉ်ထားတဲ့ ဂျာမနီ သမ္မတကို ယူကရိန်းက မဖိတ်ခေါ်ဘူးလို့ ပြောခဲ့ပြီးတဲ့နောက် သမ္မတက ခရီးစဥ်ကို ဖျက်ခဲ့ပါတယ်။ နောက်တရက်မှာပဲ ပိုလန်နဲ့ ဘောလ်တစ် သမ္မတတွေ ယူကရိန်းကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂျာမနီ သမ္မတ ဖရန့် ဝေါ်လ်တာ စတိန်းမားဟာ နိုင်ငံခြားရေး ဝန်ကြီး အဖြစ်တာဝန်ယူစဉ်မှာ ရုရှားနဲ့ အထူးနီးစပ်တယ်ဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

မစ္စတာ စတိန်းမားကို မကြိုဆိုတဲ့အပေါ် ဂျာမနီအနေနဲ့ တစုံတရာ စိတ်ခုမနေဘဲ ဝန်ကြီးချုပ် အိုလက်ဖ် ရှို့ဇ်ကိုယ်တိုင်လာရောက်ပြီး လက်နက်တွေပေးပို့နိုင်ရေး ဆွေးနွေးဖို့ မျှော်လင့်တယ်လို့ ယူကရိန်း သမ္မတ ဇလန်စကီးရဲ့ လက်ထောက်တဦးက ပြောပါတယ်။

သတင်းတိုများ

  • ဖင်လန်နိုင်ငံက သီတင်းပတ်တွေအတွင်း နေတိုးအဖွဲ့ထဲ ဝင်ဖို့လျှောက်ထားမှု ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ဒီနေ့ဆွေးနွေးမှုတွေ စတင်ပါတယ်။
  • အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကြောင့် ဒီနေ့မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ယူကရိန်းက ပြောပါတယ်။
  • ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စတိုးနီးယား သမ္မတတွေဟာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနဲ့တွေ့ဖို့ မြို့တော် ကိယက်ဗ်ကို သွားရောက်နေပါတယ်။
  • ရုရှားဘက်က ဓာတုလက်နက်တွေသုံးမယ့် အန္တရာယ်မြင့်မားနေတယ်လို့ ယူကရိန်း ဒုကာကွယ်ရေးဝန်ကြီး ဟန်နာ မာလီယာက ပြောပါတယ်။