ယူကရိန်းစစ်ပွဲ -ယူကရိန်း အရှေ့ပိုင်းမှာ ဓာတုအဆိပ်သင့်မှုတွေရှိတယ်လို့ဆို

ရေးသားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းမှာ ဓာတုအဆိပ်သင့်မှုတွေရှိတယ်လို့ဆို

ရုရှားက လွှတ်လိုက်တဲ့ ဒရုမ်းတွေမှာ ဓာတုအဆိပ်သင့်မှုတွေ တွေ့ရှိတယ်ဆိုတာ မြို့ကောင်စီက အတည်ပြုတယ်လို့ ယူကရိန်းအရှေ့တောင်ပိုင်း မာရီယူပိုးလ်မြို့က ဒုမြို့တော်ဝန်က ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

လူဘယ်လောက်များများ ထိခိုက်ခံစားရတယ်ဆိုတာ မသိပေမဲ့ ယူကရိန်း တပ်ဖွဲ့ဝင်တွေမှာ ဒဏ်ရာအနည်းငယ် ရတာတွေ၊ အသက်ရှုကျပ်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစွပ်စွဲပြောဆိုမှုတွေကို ဘီဘီစီက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်မှာ တားမြစ်ထားတာမဟုတ်တဲ့ ဖော့စ်ပရပ်စ် မီးစုန်းဓာတ် ပါတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ သုံးကောင်း သုံးခဲ့တယ် ဆိုတဲ့ ကနဦး အချက်အလက်တွေ ရရှိကြောင်း ဒုတိယ ကာကွယ်ရေး ဝန်ကြီး Hanna Malyar က ပြောပါတယ်။

စောစောပိုင်းကတော့ ဆိပ်ကမ်းကို ကာကွယ်နေတဲ့ ယူကရိန်းနိုင်ငံ အဇော့ဗ် တပ်ရင်းက ရုရှားရဲ့ ဒရုန်း ယာဉ် သူတို့ အပေါ်မှာ ပျံဝဲသွားပြီးနောက် မာရီယူပိုးလ် မှာ ခြေကုပ်ယူထားတဲ့ ယူကရိန်း စစ်သားတွေ မူးဝေတာ၊ အသက်ရှူရ ကျပ်တာ စတဲ့ ဝေဒနာတွေ ခံစားခဲ့ကြရတယ်လို့ ပြောပါတယ်။

အဲဒီမြို့ကို ရုရှားက ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေတော့ ရှိနေပြီး ဒီမြို့ကို သိမ်းပိုက်ဖို့ဟာ ရုရှားရဲ့ အဓိက ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

ရုရှားက အထီးကျန်နေဖို့ အစီအစဥ်မရှိဘူးလို့ ပူတင်ပြော

ရုရှားနိုင်ငံက ကမ္ဘာ့နိုင်ငံတွေနဲ့ခွဲခြားပြီး အထီးကျန်နေဖို့ အစီအစဥ်မရှိဘူးလို့ သမ္မတ ဗလာဒီမီယာပူတင်က ပြောကြောင်း ရုရှားသတင်းအေဂျင်စီ အာအိုင်အေက ပြောပါတယ်။

ဒါ့အပြင် ပူတင်က ရုရှားနဲ့ ဘယ်လာရုစ်ပူးပေါင်းပြီး အာကာသ အခြေခံအဆောက်အဦ စီမံကိန်းတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။

ဒီပြောဆိုမှုတွေဟာ ပူတင်ရဲ့ အနီးကပ် မဟာမိတ် ဘယ်လာရုစ်ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ တွေ့ဆုံစဥ်မှာ ထွက်ပေါ်လာတာပါ။ သူတို့နှစ်ဦးဟာ ရုရှားအရှေ့စွန်းပိုင်းက အာကာသဌာနတစ်ခုကို ရောက်နေတာဖြစ်ပါတယ်။

ယူကရိန်း စစ်ပွဲ ရုရှားရဲ့စစ်ရေးရည်မှန်းချက်က မွန်မြတ်တယ်လို့ ပူတင်ပြော

သမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းကို ရုရှားရဲ့ စစ်ရေးရည်မှန်းချက်က မွန်မြတ်တယ်လို့ ဖော်ပြ ပြောဆိုပြီး အဲဒီမှာ ရှိတဲ့ ရုရှား စစ်သားတွေက ရဲစွမ်း သတ္တိ ရှိသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းကို စတင် ကျူးကျော်ခဲ့ပြီးနောက် ၇ ပတ်အကြာ သူက အခုလို ပြောခဲ့တာပါ။

ဒီကျူးကျော်မှုကြောင့် အရပ်သားတွေ အများအပြားလည်း သေကြေခဲ့ရတဲ့အပြင် ရုရှားတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိပါတယ်။

အများပြည်သူရှေ့မှောက်ကို ရှားရှားပါးပါး ထွက်လာတဲ့ မစ္စတာ ပူတင်က သူ့ရည်မှန်းချက်ဟာ ဒွန်းဘတ်စ်က ပြည်သူတွေကို ကူညီဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဘယ်လာရုစ် နိုင်ငံ ခေါင်းဆောင် အလက်ဇန်းဒါးလူကာရှန်ကို နဲ့အတူ ရုရှားနိုင်ငံ အရှေ့ဖျားက အာကာသစခန်းမှာ မစ္စတာ ပူတင်က ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ဖေဖော်ဝါရီက ရုရှားတပ်ဖွဲ့တွေကို စေလွှတ်ခဲ့ရတယ်။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မစ္စတာ ပူတင်က ပြောပါတယ်။

အရှေ့ပိုင်းက တိုက်ခိုက်မှုတွေကို ယူကရိန်းခုခံနေ

ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်း နယ်စပ်နားမှာ ပြန်စုဖွဲ့နေတယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။ ဒွန်ညက်စ်ခ်နဲ့ အနီးတစ်ဝိုက်နဲ့ တခြားနေရာတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် မကြာခင်မှာ ရုရှားတပ်တွေက ယူကရိန်းအရှေ့တောင်ပိုင်းက မာရီယူပိုးလ်မြို့ကို ထိန်းချုပ်သွားနိုင်ခြေရှိနေတယ်လို့လည်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

ဒွန်ညက်စ်ခ်နဲ့ လူဟန့်စ်ခ် ဒေသတွေဘက်မှာ ရုရှားတိုက်ခိုက်မှု ၆ ခု လောက်ကို ယူကရိန်းစစ်တပ်က ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ ရုရှားတင့်ကား ၄ စီး နဲ့ တခြား ရုရှားယာဥ်တွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေယာဥ်တစ်စင်းနဲ့ ရဟတ်ယာဥ် နှစ်စင်းကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေကတော့ ဒွန်ဘတ်စ် ဒေသမှာ ရုရှားတပ်တွေ နှစ်ဆ၊ သုံးဆ တိုးလာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဒွန်ဘတ်စ်မှာ နှစ်ဖက် စစ်အင်အားတိုးချနေကြ

ယူကရိန်း နိုင်ငံကို စတင် ကျူးကျော်တိုက်ခိုက်ခဲ့ပြီး သီတင်း ၆ ပတ်ကျော် အကြာမှာ ရုရှားရဲ့ ထိုးစစ်တွေပြောင်းလဲလိုက်တဲ့အတွက် ယူကရိန်း အရှေ့ပိုင်း ဒွန်းဘတ်စ်မှာ နှစ်ဖက် စစ်ရေး အင်အားတွေ တိုးမြှင့်နေကြပါတယ်။

ရုရှားဘက်က တပ်ရင်း သစ်တွေ စေလွှတ်နေတယ်လို့ ဒွန်းညက်စ်က ယူကရိန်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နှစ်ဖက် နယ်သတ်မျဉ်း တလျှောက်မှာ နေ့တိုင်း တနေကုန် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ယူကရိန်း ဘက်ကလည်း စစ်ကူတွေ ချထားပေမဲ့ ရုရှားဘက်ကလောက် မများဘူးလို့ အဲဒီဒေသက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ အဓမ္မမှုတွေ စုံစမ်းစစ်ဆေးမယ်လို့ ယူကရိန်းပြော

ယူကရိန်း အမျိုးသမီးတွေကို ရုရှား တပ်ဖွဲ့တွေက အဓမ္မမှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးမယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင်ပြောပြတာကို ဘီဘီစီ သတင်းထောက် ကြားခဲ့ရပြီး ရုရှားစစ်သားတွေ ကျူးကျော်လာတုန်းမှာ အမျိုးသမီးတွေ လိင်ပိုင်း အဓမ္မ ပြုကျင့်ခံခဲ့ကြရတဲ့ အထောက်အထား တွေကိုလည်း ကိုယ်တိုင် တွေ့မြင်ခဲ့ရပါတယ်။

ရုရှားအစိုးရကတော့ သူ့တပ်ဖွဲ့တွေက ဒါမျိုး ကျူးလွန်မှု မရှိဘူးလို့ ငြင်းဆိုပါတယ်။

ယူကရိန်း လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းတဲ့ ဌာနက လီယွတ်ဒ် မီလာ ဒန်နစ်ဆိုဗာ Lyudmyla Denisova က Bucha က အိမ်တစ်လုံးရဲ့ မြေအောက်ခန်းကို သိမ်းထားချိန်အတွင်း အသက် ၁၄ နှစ်ကနေ ၂၄ နှစ်ကြား မိန်းကလေး ၂၅ ယောက်လောက် လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ခံခဲ့ကြရတယ်၊ အမျိုးသမီး ၉ ယောက်က ကိုယ်ဝန်သည်တွေ ဖြစ်တယ်၊ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက သူ့ရဲ့ ၁၆ နှစ် အရွယ် ညီမ လေးကို လမ်းမပေါ်မှာ သူ့မျက်စိရှေ့မှာပဲ မတရားပြုကျင့်ခဲ့တယ်လို့ ပြန်ပြောတယ် ဆိုပြီး လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရေးအဖွဲ့က လီယွတ်ဒ် မီလာ ဒန်နစ်ဆိုဗာ Lyudmyla Denisova ပြောပြသွားတာပါ။

ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် Irnya Vereshchuk ကလည်း ယူကရိန်း အမျိုးသမီး ၅၀၀ ကျော်ကို ရုရှားတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

အတော်များများက အဝတ်အစားတွေချွတ်၊ ရိုက်နှက်ခံကြရပြီး အရှက်ခွဲခံကြရတယ်။ လိင်ပိုင်း ဆိုင်ရာ အဓမ္မပြုကျင့် ခံခဲ့ကြရတယ်လို့ သိရကြောင်း ပြောပါတယ်။