ယူကရိန်းစစ်ဆင်ရေး ရုရှား စစ်ဦးစီးမှူး ဗိုလ်ချုပ်ကြီး အသစ်ပြောင်း

ရေးသားခဲ့သည်။

ယူကရိန်းစစ်ဆင်ရေး ရုရှား စစ်ဦးစီးမှူး ဗိုလ်ချုပ်ကြီး အသစ်ပြောင်းလိုက်ပြီလို့ ဆို

ရုရှားက ယူကရိန်းမှာ တိုက်နေတဲ့ စစ်ဆင်ရေးတွေကို စုဖွဲ့ပြင်ဆင်ခဲ့ပြီး ဆီးရီးယားစစ်ပွဲက တိုက်ပွဲတွေမှာ အတွေ့အကြုံများပြားတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးကို အစားထိုးခဲ့တယ်လို့ အနောက်နိုင်ငံတွေက တာဝန်ရှိသူတွေက ပြောပါတယ်။

အခုဆိုရင် နယ်မြေသိမ်းယူမှုတွေကို ရုရှားတောင်ပိုင်းစစ်တိုင်းက ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး ဒဗော့နီကော့ဗ်က ဦးဆောင်နေပြီလို့ ဆိုပါတယ်။

ဒီဗိုလ်ချုပ်ကြီးရဲ့ အတွေ့အကြုံ များပြားမှုကြောင့် တိုက်ပွဲ ကွပ်ကဲအမိန့်ပေးတာတွေ တိုးတက်လာဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်တွေက ခန့်မှန်းထားကြပါတယ်။

ရုရှားရဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲ အထိမ်းအမှတ် မေလ ၉ ရက်နေ့ မတိုင်ခင် အောင်ပွဲတချို့ရဖို့ တွန်းတွန်းတိုက်တိုက် လုပ်နေတယ်လို့ ယူဆရပါတယ်။

လေကြောင်းရန်ကာစနစ်တစ်စုံလုံး ယူကရိန်းကို ဆလိုဗက်ကီးယားပို့

ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေး မြှင့်တင်ရေး အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ပြောထားတဲ့ S-300 မြေပြင်ကဝေဟင်ပစ် ဒုံးစနစ် အပြည့်အစုံ တစ်ခုလုံးကို ဆလိုဗက်ကီးယားက ယူကရိန်းကို ပေးပို့ခဲ့ပါတယ်။

ဒါဟာ ဒီစစ်ပွဲ စတင်တဲ့ ဖေဖော်ဝါရီလ ကတည်းက နိုင်ငံတစ်ခုကနေ လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်စုံလုံး ပေးပို့တာ ပထမဆုံး ဖြစ်ပါတယ်။

ဒီစနစ်က အပြစ်မဲ့သူပေါင်းများစွာရဲ့ အသက်ကို ကယ်နိုင်လိမ့်လို့ ဆလိုဗက်ကီးယား ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီလိုပို့ပေးပေမဲ့ သူ့နိုင်ငံက စစ်ပွဲထဲဝင်ပါတာတော့မဟုတ်ဘူးလို့ ဝန်ကြီးချုပ် အက်ဒဝပ် ဟယ်ဂျာက ပြောပါတယ်။

ဆလိုဗက်ကီးယားဟာ အမေရိကန် မြေပြင်က ဝေဟင်ပစ် ပက်ထရီရော့ ဒုံးစနစ်ကို နေတိုးအဖွဲ့ဝင် ဂျာမနီနဲ့ နယ်သာလန်တို့ဆီကနေ လတ်တလော ရထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ လူဟန့်စ်ခ်ဒေသကို စွန့်ခွာဖို့ပြော

ရုရှားတပ်တွေက အဓိကထားတိုက်ခိုက်ကြတော့မယ့် ယူကရိန်းရှေ့ပိုင်း လူဟန့်စ်ခ်ဒေသမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးလာပြီး ရုရှားတပ်တွေလည်း ထပ်ရောက်လာချိန်မှာ ဒေသခံတွေ နေရပ်စွန့်ခွာကြဖို့ ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီဒေသမှာ ဒေသခံ ၃၀ ရာခိုင်နှုန်းလောက် မြို့တွေနဲ့ ရွာတွေထဲမှာ ကျန်နေသေးတယ်လို့ သူက ပြောပါတယ်။

အရင်ကတည်းက ရုရှားသိမ်းထားတဲ့ ကရိုင်းမီးယားနဲ့ ကုန်းလမ်းဆက်သွယ်ချိတ်ဆက်နိုင်ဖို့ ဒီဒေသတွေကို ရရှားက တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သတိပေးချက်တွေ ထွက်ပေါ်နေပါတယ်။

ယူကရိန်း အရှေ့နဲ့ တောင်ပိုင်းမှာ ရုရှားလေကြောင်း တိုက်ခိုက်မှုတွေ တိုးလာဖွယ်ရှိတယ်လို့ ယူကေပြော

ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာ ရုရှားရဲ့ လေကြောင်းစစ်ဆင်ရေးတွေ တိုးလာဖွယ်ရှိတယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရုရှားတပ်တွေက စစ်ရေးနေရာမဟုတ်တဲ့ ကြာသပတေးနေ့က ခရမ်မာတော့စ်ခ် ဘူတာရုံကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုမျိုးလို တိုက်ခိုက်မှုတွေ ဆက်လုပ်နေဦးမယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားရဲ့ စစ်ဆင်ရေးတွေက အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အဓိကထားနေသလို့ တောင်ပိုင်းက မာရီယူပိုးလ်နဲ့ မိုင်ကိုလာယိဗ်မြို့တွေကိုလည်း ဦးတည်နေပါတယ်။ ဒါပေမဲ့ ယူကရိန်း ခုခံမှုတွေက အခုထက်ထိ ရုရှားရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒွန်ဘတ်စ်နဲ့ ကရိုင်းမီးယားကြား ကုန်းလမ်းဆက်သွယ်ရေး မပေါက်သွားအောင် ပိတ်ထားနိုင်တုန်းပဲ ဖြစ်ပါတယ်။

ရုရှားကျောက်မီးသွေး ဂျပန်ပိတ်၊ သံတမန်တွေကို နှင်ထုတ်

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ရုရှားသံတမန် ၈ ဦးကို နှင်ထုတ်လိုက်ကြောင်းနဲ့ ရုရှား ကျောက်မီးသွေးတင်သွင်းမှုကို လုံးဝပိတ်ပင်လိုက်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဂျပန်က ကမ္ဘာ့ တတိယအကြီးဆုံး ကျောက်မီးသွေး တင်သွင်းတဲ့ နိုင်ငံဖြစ်ပြီး အိန္ဒိယနဲ့ တရုတ်တို့ နောက်အများဆုံး ဖြစ်ပါတယ်။ ရုရှားက တင်သွင်းတဲ့ပမာဏဟာ ဂျပန် တင်သွင်းမှုအားလုံးရဲ့ ၁၁ ရာခိုင်နှုန်း ရှိပါတယ်။

ပိုလန် သံတမန် ၄၅ ဦးကို ရုရှား နှင်ထုတ်

ပိုလန်သံရုံးနဲ့ ကောင်စစ်ရုံးက သံတမန် ၄၅ ဦးကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နှင်ထုတ်လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ လတုန်းက ရုရှားသံတမန် ၄၅ ဦးကို နှင်ထုတ်ခဲ့တဲ့အတွက် တုံ့ပြန်တာဖြစ်ပါတယ်။

ဒါ့အပြင် ဘူလ်ဂေးရီးယား သံတမန် ၂ ဦးကိုလည်း အလားတူ လုပ်ဆောင်ဦးမယ်လို့ ဆိုပါတယ်။

ဥရောပနိုင်ငံတချို့က ရုရှားသံတမန်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ နှင်ထုတ်လာကြပါတယ်။

လူ့အခွင့်အရေးအဖွဲ့ရုံး ၁၅ ခုကို ရုရှားပိတ်

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့ အပါအဝင် အနောက်နိုင်ငံတွေက အန်ဂျီအို အဖွဲ့ ၁၅ ဖွဲ့ရဲ့ ရုံးခန်းတွေကို ရုရှားက ပိတ်လိုက်ပါတယ်။

အသေးစိတ်အချက်အလက်တွေ မပြောပေမဲ့ ဒီအဖွဲ့တွေက ရုရှားနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်တဲ့အတွက် ဒီလိုဆုံးဖြတ်ခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။

ရုရှားက မီဒီယာတွေကိုလည်း တင်းကျပ်ထားပြီး ဖြစ်ပြီး ရုရှားတပ်တွေအကြောင်း မမှန်သတင်းဖြန့်သူတွေကို ထောင်ချအရေးယူနိုင်မယ့် ဥပဒေသစ်ကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။

ရှေ့တန်းစစ်မျက်နှာတွေမှာ ဘာတွေ ဖြစ်နေသလဲ

  • ယူကရိန်းတပ်တွေက မာရီယူပိုးလ်မြို့လယ်ကို ဆက်ပြီး ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ စစ်ရေးစောင့်ကြည့်လေလာရေးအဖွဲ့ ISW က ပြောပါတယ်။
  • မာရီယူပိုးလ်မြို့တစ်ဝိုက်ကို ရုရှားထိုးစစ်တွေ ဆက်ရှိနေပါတယ်။ ဒါပေမဲ့ ဒီတောင်ပိုင်းဆိပ်ကမ်းမြို့က ဗျူဟာကျတဲ့နေရာအများစုကို ယူကရိန်းက ဆက်ပြီး ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
  • ကရိုင်းမီးယားနားက ခါဆန်မြို့အနောက်ပိုင်းကို ယူကရိန်းတပ်တွေက ပြန်သိမ်းယူရာမှာ နယ်မြေတွေ ပိုရလာနေပါတယ်။ ဒါ့အပြင် ရုရှားထိန်းချုပ်ထားတဲ့ မြို့ကို ခြိမ်းခြောက်လာနိုင်နေပါပြီ။
  • မြောက်ပိုင်းဟာကိဗ်မြို့ကနေ ရုရှားတပ်တွေ ဆုတ်ခွာသွားကြပြီးနောက် ယူကရိန်းတပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုတွေရှိလာနိုင်တာကို ပြင်ဆင်တဲ့အနေနဲ့ အဲဒီမှာ မိုင်းတွေ ချထားခဲ့ပါတယ်။
  • အစ်ရှူးမ်မြို့မှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။ ဒါပေမဲ့ သောကြာနေ့မှာ ရုရှားက နောက်ထပ် နယ်မြေထပ်ရတာ မရှိပါဘူး။
  • ရှေ့တန်းက ပြန်လာတဲ့ ရုရှားတပ်တွေဟာ စိတ်ဓာတ်ကျဆင်းနေတာတွေကြောင့် နောက်ထပ် စစ်ဆင်ရေး ပြန်လွှတ်တာကို ငြင်းဆန်တာတွေ ပိုတိုးလာနေပါတယ်။
  • ဒွန်ညက်စ်ခ်နဲ့ လူဟန့်စ်ခ်ဒေသတွေမှာ မြို့သုံးခုကို ရုရှားက အဓိကထားတိုက်နေပါတယ်။