ယူကရိန်း ဘူတာရုံတိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံး

ရေးသားခဲ့သည်။

ယူကရိန်း ဘူတာရုံတိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံး

ယူကရိန်းနိုင်ငံက မီးရထား ဘူတာတစ်ခု ရုရှားဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရပြီးနောက် လူ ၃၀ ကျော် သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

အဲဒီတိုက်ခိုက်ခံရတဲ့ ခရမ်မာစတော့စ်ခ် ဘူတာဟာ ယူကရိန်း အရှေ့ဘက် အကျဆုံး ဘူတာတွေထဲကတစ်ခု ဖြစ်ပါတယ်။ တိုက်ခိုက်ခံရချိန်မှာ အဲဒီဒေသကနေ ထွက်ခွာသွားကြဖို့အတွက် စောင့်နေတဲ့သူတွေ ထောင်ချီ ရှိနေတယ်လို့ ဒွန်ညက်စ်ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဘူတာကို ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့တယ်လို့ ယူကရိန်း မီးရထားဌာန အကြီးအကဲက ပြောပါတယ်။

ရုရှားကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

ယူကရိန်းမှာ ဆုံးရှုံးမှုတွေ 'အများအပြား' ရှိခဲ့တယ်လို့ ရုရှားဝန်ခံ

ယူကရိန်းကို ကျူးကျော်မှု ၄၄ ရက်မြောက် ရောက်လာချိန်မှာ "ရုရှားတပ်သားတွေက ဆုံးရှုံးမှု အများအပြား" ရှိခဲ့တယ်လို့ ရုရှားဘက်က ဝန်ခံခဲ့ပါတယ်။

ရုရှားသမ္မတပြောခွင့်ရသူ ဒီမစ်ထရီ ပက်စကော့ဗ်က ဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်းပြောပေမဲ့ "လာမယ့်နေ့တွေ"မှာ စစ်ရေးရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်လိမ့်လို့ ပြောပါတယ်။

ရုရှားက တပ်တွေကို ယူကရိန်းမြို့တော် ကိယက်ဗ်ကနေ ဆုတ်ခွာစေပြီး အများစုကို ယူကရိန်းအရှေ့ပိုင်းကို အဓိက ရွှေ့ပြောင်းနေပါတယ်။ တိုက်ပွဲတွေက အဆုံးသတ်မယ့်ပုံ မရှိသေးပါဘူး။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်မှာ ညလုံးပေါက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်မှာ တစ်ညလုံး ဗုံးကြဲတာတွေနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ယူကရိန်း အရှေ့ပိုင်းက ဒုံးကျည်ထိမှန်ခဲ့တဲ့ ဘူတာရုံမှာတော့ ပြင်ဆင်မှုတွေလုပ်ပြီး ရထားတွေ ပြန်ထွက်နေပါပြီ။

မြို့တော် ကိယက်ဗ်ကို သိမ်းပိုက်မှု မအောင်မြင်ခဲ့တဲ့နောက် ရုရှားတပ်တွေဟာ ဒွန်ဘတ်စ်ဒေသကို အဓိကထား တိုက်နေပါတယ်။

ယူကရိန်းတောင်ပိုင်း ဆိပ်ကမ်းမြို့အိုဒက်ဆာက အရေးကြီးနေရာတွေကို ရုရှားတိုက်ခိုက်

ယူကရိန်းနိုင်ငံတောင်ပိုင်းက အိုဒက်ဆာ မြို့ကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေပါတယ်။

ဒီပင်လယ်ဆိပ်ကမ်းမြို့ကို ရုရှားက ပင်လယ်နက်ထဲကနေ တိုက်ခိုက်နေတာပါ။

ဒီတိုက်ခိုက်ခံရမှုကြောင့် မြို့ရဲ့ အခြေခံအအောက်အဦ တွေထိခိုက်မှုတွေ ရှိခဲ့ပြီး လူနေမှုဘဝတွေ ထိခိုက်ခဲ့တယ်လို့ မြို့တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားတပ်တွေ ယူကရိန်းမြောက်ပိုင်းက အပြီးထွက်သွားကြပြီလို့ ယူကေပြော

ယူကရိန်းမြောက်ပိုင်းက ရုရှားတပ်တွေ အပြီးဆုတ်ခွာသွားပြီး မြောက်ဘက် ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံဘက်ကို ရွှေ့သွားကြပြီလို့ ယူကေ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ရုရှားက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။ ရုရှားတပ်တွေဟာ မဟာဗျူဟာအရေ အရေးကြီးတဲ့ အစ်ရှူးမ်မြို့ကနေ ရှေ့တိုးလာနေပါတယ်။

ရုရှားအရေး ကုလမှာ အိန္ဒိယ မဲထပ်မပေးဘဲနေပြန်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ရုရှားကို ဆိုင်းငံ့ထားဖို့ မနေ့က မဲခွဲခဲ့ရာမှာ အိန္ဒိယက ကြားနေခဲ့ပါတယ်။

ရုရှားကို ဆန့်ကျင်မဲပေးခဲ့တဲ့နိုင်ငံတွေနဲ့ ကြားနေနိုင်ငံတွေဟာ မိတ်ဆွေမဟုတ်တဲ့ လက္ခဏာ ပြခဲ့ကြသူတွေပဲလို့ ရုရှားက သတိပေးခဲ့ပြီး အိန္ဒိယကတော့ ဒါဟာ အိန္ဒိယအနေနဲ့ ဘက်ရွေးရမယ်ဆိုရင် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်စေမယ့် ငြိမ်းချမ်းရေးဘက်ကို ရွေးခဲ့တာလို့ ဆိုပါတယ်။

အခုချိန်အထိဆိုရင် အိန္ဒိယက ကုလမှာ ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ ပတ်သက်ပြီး မဲမပေးဘဲနေခဲ့တာ ရှစ်ကြိမ်ရှိပါပြီ။

ပြီးတော့ ဘူချာမြို့ အစုလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးလည်း အိန္ဒိယက ရုရှားကို ရှုတ်ချခဲ့ပါတယ်။

ဒီစစ်ပွဲမှာ ကြားနေပြီး ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒ ထားရှိတဲ့ အိန္ဒိယဟာ အနောက်နိုင်ငံတွေက ရုရှားကို စီးပွားပိတ်ဆို့မှုတွေ တိုးလုပ်လာချိန်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဓိကက ရုရှားဟာ အိန္ဒိယရဲ့ စစ်လက်နက်ပစ္စည်းတွေ အများဆုံးရောင်းချပေးနေတဲ့ နိုင်ငံဖြစ်နေတာပါ။

ဒါ့အပြင် အိန္ဒိယဟာ ရုရှားနဲ့ စီးပွားရေးဆက်ဆံရေးကို တိုးတက်အောင် လုပ်နေတာ မဟုတ်ဘဲ တည်ငြိမ်ရေးကို ဦးစားပေးလုပ်နေတာလို့ ပြောပါတယ်။

ရုရှားကျောက်မီးသွေး ပိတ်ပင်ဖို့ အီးယူ ဆုံးဖြတ်

ရုရှားဆီက ကျောက်မီးသွေးတင်သွင်းမှုကို ပိတ်ပင်ဖို့ ဥရောပသမဂ္ဂက ပိတ်ပင်ဖို့ အတည်ပြုခဲ့ပါတယ်။

စတင်အသက်ဝင်မယ့်အချိန်ကို ဂျာမနီဘက်က နောက်ဆုတ်ဖို့ ဖိအားပေးခဲ့ပြီးနောက် ဒီဆုံးဖြတ်ချက်ဟာ မူလ စီစဥ်ထားတာထက် တစ်လ နောက်ကျပြီး သြဂုတ်လလယ်မှာ စအသက်ဝင်မှာ ဖြစ်ပါတယ်။

ဒီစီးပွားရေးပိတ်ဆို့မှုက တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၄.၄ ဘီလျံ ဖိုး ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် အီးယူဟာ နောက်ထပ် စီးပွားရေး ပိတ်ဆို့မှုတွေ ထပ်ချဖို့လည်း ပြင်ဆင်နေပါတယ်။

တကယ်လို့ သဘာဝဓတ်ငွေ့မဟုတ်ဘူးဆိုရင် နောက်ထပ် ထပ်ပိတ်မှာက ရေနံတင်သွင်းမှု ပိတ်ဆို့တာ ဖြစ်ဖွယ်ရှိတယ်လို့ ဥရောပ ကော်မရှင် အကြီးအကဲက ပြောပါတယ်။