ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းပဋိပက္ခ- ရုရှားသံတမန်တွေကို အနောက်နိုင်ငံတချို့ နှင်ထုတ်
ရုရှားသံတမန်တွေကို အနောက်နိုင်ငံတချို့ စတင်နှင်ထုတ်
ကိယက်ဗ်အနီးက ရက်ရက်စက်စက်သတ်ဖြတ်မှု သတင်းတွေနဲ့ ပတ်သက်ပြီး အီတလီ၊ ဒိန်းမတ်နဲ့ ဆွီဒင်တို့က ရုရှား သံတမန်တွေကို နှင်ထုတ်လိုက်ကြပြီး ပြင်သစ်နဲ့ ဂျာမနီတို့က အဲဒီလို လုပ်ဆောင်မယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရုရှား သမ္မတဟောင်းနဲ့ လုံခြုံရေးကောင်စီ ဒုတိယ အကြီးအကဲ ဒီမီထရီ မက်ဗီဒက်ဗ်က ရုရှားဘက်ကလည်း အနောက်နိုင်ငံသံရုံးတွေကို တံခါးပိတ်ပစ်ပြီး တုံ့ပြန်မယ်လို့ ဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက မြောက်ပိုင်းမှာ နယ်မြေတွေ ပြန်သိမ်းပိုက်
ရုရှားတပ်တွေကို ချာနီဟိဗ်နဲ့ မြောက်ပိုင်းကိယက်ဗ်က ဆုတ်ခွာသွားအောင်လုပ်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ မြောက်ပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေက အဓိကကျတဲ့ နယ်မြေတွေကို ပြန်သိမ်းပိုက်ထားတယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြန်သိမ်းပိုက်ထားတဲ့ ဒေသတွေထဲက နေရာတချို့မှာ တိုက်ပွဲငယ်တွေ ဆက်ရှိနိုင်ပေမဲ့ ကျန်နေတဲ့ ရုရှားတပ်တွေ ဆုတ်သွားတာကြောင့် ဒီသီတင်းပတ်ထဲမှာ တိုက်ပွဲသိသိသာသာ လျော့သွားပါတယ်။
ယူကရိန်းမြောက်ပိုင်းက ဆုတ်သွားတဲ့ ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်းမှာ ပြန်တပ်ဖြန့်ဖို့အတွက် လက်နက်ပြန်လည် တပ်ဆင်တာနဲ့ ပြုပြင်တာတွေ အများအပြား လုပ်ဖို့ လိုအပ်နိုင်ပါတယ်။
ရုရှားတပ်ဖွဲ့ဝင် ၁၈,၅၀၀ တိုက်ပွဲတွေမှာ သေဆုံးခဲ့တယ်လို့ ယူကရိန်းပြော
ယူကရိန်းကို ကျူးကျော်မှု စတင်ခဲ့ကတည်းက ရုရှားတပ်ဖွဲ့ဝင် ၁၈,၅၀၀ တိုက်ပွဲတွေမှာ သေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားဘက်က ဆုံးရှုံးမှုတွေထဲမှာ ဖေဖော်ဝါရီ ၂၄ တိုက်ခိုက်မှု စတင်ချိန်ကဆိုရင် တင့်ကား ၆၇၆ စီး၊ သံချပ်ကာကား ၁၈၅၈ စီး၊ စစ်လေယာဥ် ၁၅၀ စင်းနဲ့ ရဟတ်ယာဥ် ၁၃၄ စင်း ရှိတယ်လို့ ယူကရိန်း စစ်ရုံးက ထုတ်ပြန်ပါတယ်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၂၅ ရက်မှာ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေမှာတော့ တပ်ဖွဲ့ဝင် ၁၃၅၁ ဦး သေဆုံးခဲ့ပြီး ၃၈၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေကို ဘီဘီစီက သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
ရုရှားတပ်တွေ ယူကရိန်း အရှေ့ပိုင်းကို စစ်ရေး ပြန်ဦးလှည့်လာ
ရုရှားတပ်တွေဟာ ယူကရိန်း မြို့တော် ကိယက်ဗ်က ဆုတ်ခွာနေကြပြီး ယူကရိန်းအရှေ့ခြမ်းက ခွဲထွက်ရေးဒေသ ဒွန်ဘတ်စ်ဘက်မှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတယ်လို့ အမေရိကန် စစ်တပ်ဘက်က ပြောပါတယ်။
ကိယက်ဗ်ကို ဝိုင်းထားတဲ့ ရုရှားရဲ့ တပ်တွေရဲ့ သုံးပုံနှစ်ပုံက မြောက်ပိုင်းက ဘယ်လာရုစ်နိုင်ငံဘက်ကို ပြန်ထွက်သွားကြပြီလို့ အမည်မဖော်လိုတဲ့ ရုရှား မဟာမိတ် တစ်ဦးက ပြောပါတယ်။
ကိယက်ဗ်ကို ဦးတည်ချီတက်တာတွေ ရှေ့မတိုးနိုင်ဖြစ်နေတာ သီတင်းပတ်တွေချီကြာမြင့်ခဲ့ပြီးတဲ့နောက် ရုရှားတပ်တွေ မြို့တော် ကိယက်ဗ်ဘက်ကနေ ပြန်ထွက်သွားကြတာ ဖြစ်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာ အက်ဆစ်ကွန်တိန်နာကို ရုရှားတိုက်ခိုက်တယ်လို့ ယူကရိန်းဘက်ကပြော
ရုရှားတပ်ဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်နေတဲ့ ဟာကိဗ်၊ လူဟန့်စ်နဲ့ ဒွန်းညက်စ်ဒေသတွေ အပါအဝင် ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
လူဟန့်စ် ဒေသ အုပ်ချုပ်ရေးမှူးက လူဘစ်နေဒေသမှာ ရုရှားတပ်ဖွဲ့တွေက နိုက်ထရစ် အက်စစ်တွေ အပြည့်ပါတဲ့ ကွန်တိန်နာ တစ်လုံးကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လူဟန့်စ် ဒေသ အုပ်ချုပ်ရေးမှူး ဆာဟိဟိုင်ဒိုင် က နီညိုရောင်မီးခိုးတွေ ကောင်းကင်ကို ပျံလွင့်လာတဲ့ ဓာတ်ပုံတပုံကို လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီး ဒီအနီးနားမှာ နေတဲ့ သူတွေကို အိမ်ထဲမှာ နေဖို့နဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်ကြဖို့လည်း သတိပေးလိုက်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်ဖွဲ့တွေ ထိုးစစ်ဆင်ဖို့အတွက် ပြန်လည် စုစည်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ယူကရိန်း တပ်ဖွဲ့က ပြောပါတယ်။
အရပ်သားတွေကို ပဋိပက္ခဖြစ်နေတဲ့ ဒေသတွင်းကနေ ကယ်ထုတ်နိုင်ဖို့ ကြိုးစား လုပ်ဆောင်နေကြပါတယ်။
ရုရှားကို အီးယူက နောက်ထပ် ပိတ်ဆို့မှု အသစ်တွေ မနက်ဖြန်ချမှတ်နိုင်
ယူကရိန်းမြောက်ပိုင်းက ဘူချာမှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရုရှားကို ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့မှု နောက်တစ်ကျော့ ထပ်ချနိုင်တယ်လို့ အီးယူဆိုင်ရာ ပြင်သစ် ဝန်ကြီး ကလေးမန်းဘုန်း က ပြောပါတယ်။
ရုရှားဘက်ကကတော့ ဘူချာအပါအဝင် အရပ်သားတွေကို သတ်ဖြတ်မှုစွပ်စွဲထားတာတွေကို ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ် ဗဆီလီ နဗျန့်ဇီယာ က ရုရှားတပ်ဖွဲ့တွေက ရက်ရက်စက်စက်သတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်မှုမရှိဘူးဆိုတဲ့ "လေ့လာတွေ့ရှိထားတဲ့ သက်သေ" တွေကို ကုလလုံခြုံရေးကောင်စီမှာ အင်္ဂါနေ့မှာ တင်ပြသွားဖို့ ရှိပါတယ်။
ဘီဘီစီ အချက်အလက် စစ်ဆေးရေးနဲ့ လေ့လာစောင့်ကြည့်ရေး ဌာနတွေကတော့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ရုရှားတို့ဘက်က ပြောနေတာတွေမှာ မမှန်တာတွေပါနေတယ်ဆိုတာကို ဖော်ထုတ်ထားပါတယ်။
ကယ်ဆယ်ရေးသွားရင်း အဖမ်းခံထားရတဲ့ ကြက်ခြေနီ အဖွဲ့ ပြန်လွတ်လာ
ယူကရိန်းနိုင်ငံတောင်ပိုင်းမှာ ရုရှားတွေ ဝိုင်းထားတဲ့ မာရီယူပိုးလ်မြို့ ကို သွားဖို့ ကြိုးစားရင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC)အဖွဲ့ကို ဧပြီ ၄ ရက်နေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ ICRCက ပြောပါတယ်။
အဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတာက အခြေအနေက ဘယ်လောက်ထိ မတည်ငြိမ်ဖြစ်နေသလဲဆိုတာနဲ့ မာရီယူပိုးလ်ကို ရောက်ဖို့ ကြိုးစားတဲ့ နေရာမှာ ဘယ်လောက်ထိ ရှုပ်ထွေးသလဲဆိုတာကို ပြသနေတယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။
အကူအညီတွေ တကယ့်ကို လိုအပ်နေတဲ့သူတွေနဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်ဖို့ ကြိုးစားတဲ့ ဒီအဖွဲ့ကို မန်ဟတ်ချ်မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီမြို့ဟာ ရုရှားက ထိန်းချုပ်ထားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
မာရီယူပိုးလ်ရဲ့ မြို့တော်ဝန် ဗာဒန်ဘွိုင်ချန်ကိုက လူ ၁သိန်း ၃သောင်း နီးပါး မာရီယူပိုးလ်မြို့မှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။