ယူကရိန်းစစ်ပွဲ- ရုရှားနိုင်ငံထဲက ဆီသိုလှောင်ကန်ကြီးကို ယူကရိန်း ရဟတ်ယာဥ်တွေလာတိုက်တယ်လို့ ရုရှားပြော

ရေးသားခဲ့သည်။

ရုရှားနိုင်ငံထဲက ဆီသိုလှောင်ကန်ကြီးကို ယူကရိန်း ရဟတ်ယာဥ်တွေလာတိုက်တယ်လို့ ရုရှားပြော

ယူကရိန်းနဲ့ ကပ်လျက် ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ်မြို့က ရေနံသိုလှောင်ရာ နေရာတစ်ခုကို ဒီကနေ့ မနက်လင်းအားကြီးအချိန်မှာ ယူကရိန်း ရဟတ်ယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဘယ်လ်ဂိုရော့ဒ်ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ခပ်နိမ့်နိမ့် ပျံသန်းလာတဲ့ ရဟတ်ယာဉ် နှစ်စင်းက စက်မှုအဆောက်အအုံဝင်းတစ်ခုပေါ်ကို မစ်ဆိုင်းဒုံးတွေ ကြဲချခဲ့အပြီး ပေါက်ကွဲမှုကြီးတွေ ဖြစ်ခဲ့ပုံ ဗီဒီယိုတွေကို အွန်လိုင်းတွေပေါ်မှာ တွေ့ရပါတယ်။

နာရီပေါင်း အတော်ကြာ အပြီးမှာ နောက်ထပ်ပေါက်ကွဲမှုကြီး တစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ အဲဒီနေရာနဲ့ ဆက်နေတဲ့ လောင်စာဆီ တိုင်ကီကြီး ထပေါက်တာလို့ ယူဆရဖွယ်ရှိပါတယ်။

ဒီတိုက်ခိုက်မှုဟာ လောလောဆယ် လုပ်နေတဲ့ ဆွေးနွေးပြောဆိုမှုတွေအတွက် အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူးလို့ ရုရှားအစိုးရ ပြောခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

ဘယ်လ်ဂိုရော့ဒ်မြို့က လက်နက်သိုလှောင်တဲ့ နေရာတစ်ခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီး နှစ်ရက်အကြာမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းတို့ဘက်ကတော့ အဲဒီ ပေါက်ကွဲမှုတွေက သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိပါဘူး။

ရုရှားကို လက်နက် မထောက်ပံ့ဖို့ တရုတ်ကို အီးယူတွေ့ဆုံဆွေးနွေး

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်တွေ မထောက်ပံ့ဖို့ တရုတ်အစိုးရကို သိမ်းသွင်း ပြောဆိုနိုင်ရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုအနေနဲ့ အီးယူ ဥရောပသမဂ္ဂ အဆင့်မြင့်တာဝန်ရှိသူတွေဟာ တရုတ် ဝန်ကြီးချုပ် လီခချန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဖွန်ဒါလိုင်ယန် အပါအဝင် ဥရောပသမဂ္ဂ ခေါင်းဆောင်တွေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့အကြား အွန်လိုင်းပေါ်ကနေ ထိပ်သီးဆွေးနွေးပွဲကြီးတစ်ခု မတိုင်ခင် အခုလို တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တင်းကျပ်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ကာနိုင်အောင် ရုရှားအစိုးရက တရုတ်အစိုးရဆီကနေ စစ်ရေးနဲ့ တခြား အကူအညီတွေ ပေးဖို့ ပန်ကြားထားတယ်လို့ အနောက်အုပ်စုနိုင်ငံ တာ၀န်ရှိပုဂ္ဂိုလ်တွေက ယူဆနေကြပါတယ်။

ရုရှားရဲ့ ပန်ကြားမှုကို လက်မခံဖို့နဲ့ တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးပြုပြီး စစ်ပွဲတွေ ပြီးဆုံးသွားအောင် ကူညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ကို မစ်စ် ဖွန်ဒါလိုင်ယန်က တိုက်တွန်းပြောဆိုမယ်လို့ ဥရောပသမဂ္ဂ သတင်းရပ်ကွက်က ပြောပါတယ်။

ယူကရိန်းမြောက်ပိုင်း ချာနီဟိဗ်က ရုရှားတပ်တွေ ဆုတ်သွားပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးပြော

ယူကရိန်းနိုင်ငံ မြောက်ပိုင်း ချာနီဟိဗ် ပြည်နယ်မှာ တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာနေကြပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဗီယာချက်စ်လက်ဗ် ချောင်းစ် က ပြောပါတယ်။

ဘာ့ကြောင့် ဆုတ်ခွာနေကြသလဲ ဆိုတာ အတိအကျ မသိပေမဲ့ အပြီးအပိုင် ဆုတ်ခွာသွားမယ်လို့တော့ သူမျှော်လင့်ကြောင်း ပြောပါတယ်။

တကယ်လို့များ ရုရှားတပ်ဖွဲ့တွေ လူပြန်စုဖို့ ဆုတ်ခွာသွားတာမျိုးဆိုရင်တောင် ဒီလို ဆုတ်ခွာသွားမှုအတွက် ယူကရိန်းပြည်သူတွေက သူတို့ကို နှစ်ထပ်ကွမ်း ကြိုဆိုကြမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီမှာ ပြန်လည်တည်ဆောက်ရေးနဲ့ မိုင်းရှင်းလင်းရေးတွေ စလုပ်နေပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အပြောအရ သိရပါတယ်။

ဒါပေမဲ့လည်း လေကြောင်းနဲ့ မစ်ဆိုင်းဒုံးတိုက်ခိုက်မှု အန္တရာယ်တွေကတော့ ခုထိ ရှိနေဆဲပဲလို့ ဆိုပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်း စစ်မျက်နှာပြင်တွေမှာ ပိုအာရုံစိုက် တိုက်ခိုက်ဖို့အတွက် ရုရှားအစိုးရက စစ်ဗျူဟာ ပြောင်းလဲမယ့် အရိပ်အမြွက်မျိုး ပြခဲ့ပါတယ်။

ယူကရိန်းတောင်ပိုင်း မာရီယူပိုးလ်ကလူတွေကို ကယ်ဆယ်ရေး ခက်ခဲနေ

ယူကရိန်းနိုင်ငံတောင်ပိုင်းက ရုရှားတပ်ဖွဲ့တွေ ဝိုင်းထားတဲ့ မာရီယူပိုးလ်မြို့အတွက် လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေ ဒီကနေ့မှာ ရှေ့တိုးလုပ်နိုင်ပါ့မလားဆိုတာ ပိုမသေမချာ ဖြစ်လာနေပါတယ်။

နိုင်ငံတကာကြက်ခြေနီ အဖွဲ့ ပြောခွင့်ရသူက သူတို့ရဲ့ ဝန်ထမ်း ၉ ဦး ကား ၃ စင်းနဲ့ မာရီယူပိုးလ်မြို့ဆီကို ဦးတည်သွားနေတယ်လို့ ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်မယ်လို့ သူတို့ ဆက်မျှော်လင့်နေပေမဲ့ ဒီကနေ့ လုပ်ဖြစ်မလားဆိုတာကတော့ မသေချာဘူးလို့ သူက ပြောပါတယ်။

ကယ်ဆယ်ရေးအထောက်အပံ့တွေ ပို့ဆောင်ရေးနဲ့ မြို့ခံတွေ ကယ်ထုတ်လာရေး ဆောင်ရွက်ခွင့်ကိုတော့ မနေ့က ရထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားတို့ဆီက လုံလောက်တဲ့ လုံခြုံရေး အာမခံချက်ကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ခုထိမရသေးပါဘူး။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က သူတို့ရဲ့ ကားတွေကို ယူကရိန်း ဘတ်စ်ကားတန်းကြီးနဲ့ ချိတ်ဆက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ မာရီယူပိုးလ်မြို့ထဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘဲ ပိတ်ထားဆဲ ဖြစ်ပြီး မြို့ထဲကနေ ထွက်ဖို့ ကြိုးစားသူတွေအတွက်လည်း အရမ်း အန္တရာယ် များနေဆဲ ဖြစ်တယ်လို့ မြို့တော်ဝန် ပက်ထရို အန်ဒရီယူရှန်ကို က ပြောပါတယ်။

မြို့ထဲမှာ ပိတ်မိနေတဲ့ မြို့ခံတွေဆီ ကယ်ဆယ်ရေးအထောက်အပံ့ ပမာဏ အနည်းဆုံးလေးတောင် မရောက်အောင် ရုရှားတပ်ဖွဲ့တွေက ပိတ်ပင်တားမြစ်ထားတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၅ ပတ်တာ ကာလအတွင်း အချိန်အတော်များများမှာ ရုရှားတပ်ဖွဲ့တွေရဲ့ အဆက်မပြတ် တိုက်ခိုက်မှုကို ခံနေရတဲ့ မာရီယူပိုးလ်မြို့ထဲမှာ လူတစ်သိန်းခွဲကျော်လောက် ပိတ်မိနေကြဆဲ ဖြစ်ပါတယ်။

မာရီယူပိုးလ်က ဒုက္ခသည်တွေ ကယ်လာတဲ့ ကားတန်းကြီးမြို့ထဲက ထွက်လာ

မာရီယူပိုးလ်မြို့ကနေ ဒုက္ခသည် နှစ်ထောင်လောက်ကို တင်ဆောင်လာတဲ့ ဘတ်စ်ကား ၄၂ စင်းပါ ကားတန်းကြီးတစ်ခုဟာ အခုတော့ ဘာဒီယန်စ်ခ် ဆိပ်ကမ်းမြို့ကနေ ထွက်ခွာလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်း ဇာပိုရစ်ဇ်ဇာရီယာမြို့ဆီ ဦးတည်သွားနေတဲ့ အဲဒီ ကားတန်းကြီးထဲမှာ ကိုယ်ပိုင်ကားတွေလည်း အတူလိုက်ပါလာခဲ့ကြပါတယ်။

မာရီယူပိုးလ်မြို့ရဲ့ အနောက်ပိုင်း အဇော့ဗ် ပင်လယ်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဘာဒီယန်စ်ခ်မြို့ဟာ ရုရှားတပ်ဖွဲ့တွေရဲ့ သိမ်းပိုက်မှုအောက်မှာ ရှိနေပေမဲ့ မာရီယူပိုးလ်မြို့က လူထောင်ပေါင်းများစွာဟာ အဆက်မပြတ် ကြဲချနေတဲ့ ဗုံးဒဏ်တွေကြောင့် အဲဒီမြို့ဆီ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။