ယူကရိန်းစစ်ပွဲ- ကိယက်ဗ်နားမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိ

ရေးသားခဲ့သည်။

ကိယက်ဗ်နားမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိ

ယူကရိန်းမြို့တော် ကိယက်အနီးတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေတာ ထင်ထင်ရှားရှား တွေ့မြင်နေရပါတယ်။

အနောက်မြောက်ပိုင်းက အီရာပင်းမြို့ကိုတော့ အပြည့်အဝ ပြန်ရပြီလို့ ယူကရိန်းဘက်က ပြောပါတယ်။ ဒါပေမဲ့ ဒေသခံတွေကိုတော့ အန္တရာယ်များလွန်းသေးလို့ ပြန်မသွားနဲ့လို့ ပြောထားပါတယ်။

ဒီမြို့တွေနားမှာ တိုက်ခိုက်မှုတွေရှိကြောင်းကို အနောက်နိုင်ငံ ထောက်လှမ်းရေးသတင်းတွေကလည်း အတည်ပြုထားပါတယ်။

ပူတင်ကို အကြံပေးတွေက အဖြစ်မှန်တွေ ပြောဖို့ ကြောက်လန့်နေကြတယ်လို့ အမေရိကန်ပြော

ရုရှားသမ္မတ ဗလာဒီယာပူတင်ကို သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းစစ်ပွဲက မအောင်မြင်မှုတွေကို အလုံးစုံ မတင်ပြကြဘူးလို့ အမေရိကန် ပင်တာဂွန် စစ်ဌာနချုပ်က ပြောခွင့်ရ ဂျွန်ကီယာဘီက ပြောပါတယ်။

ပူတင်ရဲ့ အကြံပေးတွေက ယူကရိန်း စစ်ပွဲမှာ အခြေအနေတွေ ဘယ်လောက်ဆိုးရွားနေတာဆိုတာနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက ရုရှားစီးပွားရေကို ရိုက်ခတ်မှု ဘယ်လောက်အထိရှိတယ်ဆိုတဲ့ အလုံးစုံ အခြေအနေတွေကို သူ့ကို ပြောပြဖို့ အရမ်းကို ကြောက်ရွံ့နေကြတယ်လို့ အမေရိကန် အိမ်ဖြူတော်က ပြောပါတယ်။

ပူတင်က သူ့ကို ရုရှား စစ်တပ်က အဖြစ်မှန်တွေ မပြောဘူးလို့ ယူဆနေကြောင်းနဲ့ အဲဒါက ပူတင်နဲ့ စစ်တပ်က ခေါင်းဆောင်တွေကြား တင်းမာမှုတွေ ဖြစ်နေတယ်လို့ လည်း အမေရိကန်ဘက်က ပြောပါတယ်။

ရုရှားနဲ့ ဆက်ဆံမှု တရုတ်ကို ယူကေ ထောက်လှမ်းရေး အကြီးအကဲ သတိပေး

စစ်ပွဲကို သုံးသပ်ချက်တွေအရ တရုတ်ကို ရုရှားနဲ့ နီးနီးကပ်ကပ် ဆက်ဆံလွန်းတာအတွက် ပြဿနာရှိနိုင်တာကို ယူကေ ထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲ့ ဆာ ဂျယ်ရမီ ဖလန်းမင်းက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ ဆက်ဆံရေး စည်းမျဥ်းတွေကို ဂရုမစိုက်တဲ့ နိုင်ငံနဲ့ ဆက်ဆံနေတာဟာ တရုတ်ရဲ့ ရေရှည် အကျိုးစီးပွား ဖြစ်မြောက်လာမှာ မဟုတ်ဘူးလို့ သြစတြေးလျမှာ ပြောတဲ့ မိန့်ခွန်းတစ်ခုမှာ သူက ပြောပါတယ်။

တရုတ်က ယူကရိန်းကို ရုရှား ကျူးကျော်မှုကို ရှုတ်ချထားတာ မရှိပါဘူး။

ကိယက်ဗ်က ရုရှားရဲ့ အဓိက ရည်မှန်းချက်မဟုတ်တော့ဘူးလို့ အကဲဖြတ်တွေပြော

ရုရှားတပ်တွေရဲ့ အဓိက တိုက်ခိုက်မှုတွေက အခုအခါမှာ ယူကရိန်းမြို့တော် ကိယက်ဗ်မဟုတ်တော့ဘဲ ကိဗက်ဗ်ဟာ ဒုတိယ အဆင့်ကို ရောက်သွားပြီလို့ Royal United Services Institute သုတေသနအဖွဲ့ က ဒေါက်တာ ဂျက်ဝေါ့တ်လင်းက ပြောပါတယ်။

ရုရှားတပ်တွေကို ခံစစ်အနေအထားနေရာတွေကို အခုအခါ ရွှေ့သွားပြီ ဒါပေမဲ့ သူတို့စခန်းတွေကို တိုက်ခိုက်မခံရအောင် အမြောက်တွေနဲ့ ဆက်တိုက်ခိုက်နေဦးမယ်လို့ သူက ပြောပါတယ်။

ကိယက်ဗ်နားက တပ်တွေဟာ အင်မတန်စစ်ပန်းနေကြပြီဖြစ်လို့ ဒွန်ဘတ်စ်ဒေသကိုလည်း တိုက်ရိုက်တန်းစေလွှတ်တာမျိုး မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။

သြစတြေးလျနဲ့ နယ်သာလန် လွှတ်တော်တွေမှာ ယူကရိန်းသမ္မတ မိန့်ခွန်းပြော

ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လင်းစကီးဟာ သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတို့ရဲ့ လွှတ်တော်တွေမှာ ဒီကနေ့ မိန့်ခွန်းပြောခဲ့ပါတယ်။

ရုရှားကို ပိုဖိအားပေးနိုင်ဖို့ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ လုပ်ဖို့လိုတယ်လို့ သြစတြေးလျ လွှတ်တော်မှာ သူက ပြောပါတယ်။ ကမ္ဘာ့နိုင်ငံတွေက ရုရှားကို ၂၀၁၄ ကရိုင်းမီးယား ကျူးကျော်မှုကတည်းက အပြစ်ပေးခဲ့သင့်တယ်လို့ သူက ပြောပါတယ်။

ရုရှားက တင်သွင်းတဲ့ အလူမီနီယံတွေ၊ သတ္တုရိုင်းတွေကို သြစတြေးလျက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားသလို၊ လူ၄၀၀ ကျော်နဲ့ ဘဏ်လုပ်ငန်း အပါအဝင် အဖွဲ့အစည်း ၃၀ ကိုလည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။

ဒါ့အပြင် သြစတြေးလျဟာ စစ်ဘက်ကာကွယ်ရေး ပစ္စည်းတွေနဲ့ လူမှု ကယ်ဆယ်ရေးအတွက် ယူကရိန်းကို ထောက်ပံ့ကူညီထားပါတယ်။

နယ်သာလန် လွှတ်တော်မှာတော့ ရုရှား စွမ်းအင်တွေ တင်သွင်းတာကို လက်မခံဖို့ တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်းတောင်ပိုင်းမြို့မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ဖို့ ဘတ်စကားတွေ လွှတ်

ယူကရိန်းနိုင်ငံ မာရီယူပိုးလ် မြို့မှာ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ အရပ်သားတွေထဲက တချို့ကို ကယ်တင်နိုင်ဖို့အတွက် ဘတ်စ် ကား ၄၅ စီးကို ယူကရိန်း အစိုးရက စေလွှတ်လိုက်ပါတယ်။

အစောပိုင်းတုန်းကတော့ ကယ်ဆယ်ရေး အစီအစဉ်အတွက် ဗုံးကြဲ တိုက်ခိုက်မှုတွေကို ရပ်တန့်မယ်ဆိုပြီး သဘောတူညီထားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကလည်း ကယ်ဆယ်ရေးအတွက် အရေးကြီးတဲ့ ပစ္စည်းတွေပါလာတဲ့ ဘတ်စ်ကားတွေကို မာရီယူပိုးလ် မြို့ကိုစေလွှတ်ထားပါတယ်။ ဒါပေမယ့် မနက်ဖန် သောကြာနေ့ လောက်မှ ကယ်ဆယ်ရေးတွေ စတင် လုပ်နိုင်မယ့် ပုံမှာရှိနေပါတယ်။

ယူကရိန်းကို စတင်ကျူးကျော်စဥ်ကတည်းက မာရီယူပိုးလ်မြို့ကို ရုရှားက အမြောက်တွေနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေး အစီအစဥ်တွေကို စတင်ဖို့ နိုင်ငံတကာကြက်ခြေနီ အဖွဲ့က အသင့်ရှိနေပြီး စတင်မယ့်အချိန်၊ ကယ်ဆယ်ရေး လမ်းကြောင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်း ပြီးဆုံးမယ့် အချိန်တွေအတွက် နှစ်ဖက်စလုံးက သဘောတူထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

မာရီယူပိုးလ် မြို့က အရပ်သားတွေကို ကယ်ထုတ်မယ့် အစီအစဥ်ဟာ အင်မတန်မှ အရေးကြီးကြောင်းလည်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ တာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရှရှားနဲ့ ယူကရိန်း စီးပွားရေး ကျုံ့သွားမယ့် ကိန်းဂဏန်းတွေ ခန့်မှန်း

ရုရှား နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ ဒီနှစ်ထဲမှာ ၁၀ ရာခိုင်နှုန်း ကျုံ့သွားနိုင်ပြီး၊ ယူကရိန်းဟာလည်း ၂၀ ရာခိုင်နှုန်း ကျုံ့မယ်လို့ လန်ဒန် အခြေစိုက် ဥရောပ ဘဏ်လုပ်ငန်း ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံဖြို့းမှု အင်စတီကျုက ခန့်မှန်းပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်မှု မလုပ်ခင်မှာ ၂ နိုင်ငံ စလုံးရဲ့ စီးပွားရေးဟာ ၃ ရာခိုင်နှုန်းနဲ့ အထက် တိုးတက်မယ်ဆိုပြီးတော့ EBRD အဖွဲ့က ခန့်မှန်းထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ပွဲကြောင့် ဥရောပမှာ နှစ်၅၀ အတွင်း ကုန်သွယ်ရေး ထောက်ပံ့မှု အဆိုးရွားဆုံးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဥရောပ ဘဏ်လုပ်ငန်း ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးမှု အင်စတီကျုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လာမယ့် လတွေအတွင်းမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ရင်တော့ ယူကရိန်းရဲ့ စီးပွားရေးဟာ နောက်နှစ်မှာ ၂၀ ရာခိုင်နှုန်း တိုးတက်မှုရှိမယ်လို့လည်း EBRD က ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ရုရှား စီးပွားရေးကတော့ တိုးတက်လာမယ့် အရိပ်အယောင် ရှိမနေဘူးလို့ ဆိုပါတယ်။

ရုရှားသတင်းဌာနက အကြီးအကဲတွေကို ယူကေ ပိတ်ဆို့အရေးယူ

ရုရှားသတင်းဌာနက အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေကို ဗြိတိန် နိုင်ငံက ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

အဲဒီသတင်းဌာနတွေဟာ သမ္မတပူတင်ရဲ့ အရှက်သိက္ခာမဲ့တဲ့ ဝါဒ ဖြန့်မှုတွေ၊ သတင်းအမှားတွေနဲ့ မစ္စတာပူတင်ရဲ့ အပြောအဆိုတွေကို ဆက်လက်ဖြန့်ဖြူးနေသူတွေ ဆိုပြီးတော့လည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး လဇ် ထရက်စ် က ပြောပါတယ်။

RT မန်နေဂျင်း ဒါရိုက်တာ အလက်ဆီ နီကိုလော့ဗ်၊ Sputnik အယ်ဒီတာချုပ် အန်တွန် အနီရှီမော့ဗ် နဲ့ ရုရှားရဲ့ နာမည်ကျော် သတင်းတင်ဆက်သူ ဆားဂေး ဘရေးရော့ဗ်တို့ကို ဗြိတိန်က ပိတ်ဆို့အရေးယူမှုတွေချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မာရီယိုပူးလ် က သားသတ်သမားလို့ နာမည်ကျော်တဲ့ ရုရှား ဗိုလ်ချုပ်ကြီး မီဇင့်ဆက်ဗ် ကိုလည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

သတင်းအကျဥ်းချုပ်

  • ဖိအားတွေများနေတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေ ဖျက်ဆီးပစ်တာနဲ့ သူတို့ လေယာဥ်ကို မတော်တဆ ပြန်ပစ်မိတာတွေ အထိ ဖြစ်လာနေပြီလို့ ယူကေ ဆိုင်ဘာထောက်လှမ်းရေးဌာန အကြီးအကဲက ပြောပါတယ်။
  • ယူကရိန်းအနေနဲ့ နိုင်ငံအရှေ့ခြမ်းက ခွဲထွက်လိုတဲ့ ဒွန်ဘတ်စ်ဒေသမှာ တိုက်ခိုက်မှု အသစ်တွေအတွက် အသင့်ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လင်းစကီးက ပြောပါတယ်။
  • ရုရှားက ကိယက်ဗ်နဲ့ ချာနီဟိဗ်တို့နားမှာ စစ်ရေးလှုပ်ရှားမှုတွေက လျှော့မယ်လို့ ပြောပြီးကတည်းက အဲဒီမြို့တွေကို ဒုံးကျည်တိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် ရုရှားရဲ့ ကြေညာချက်ကို အယုံအကြည်မရှိဘူးလို့ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လင်းစကီးက ပြောပါတယ်။
  • ယူကေ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ချာနီဟိဗ်မှာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ အများအပြား ရှိနေတယ်ဆိုတာ အတည်ပြုပါတယ်။