ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းပဋိပက္ခ- ကိယက်ဗ်အနီး စစ်ရေးလှုပ်ရှားမှုတွေ လျှော့ချတော့မယ်လို့ ရုရှားပြော
ကိယက်ဗ်အနီး စစ်ရေးလှုပ်ရှားမှုတွေ လျှော့ချတော့မယ်လို့ ရုရှားပြော
ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ ချာနီဟိဗ်မြို့တွေ အပြင်ဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာ လျှော့ချတော့မယ်လို့ ရုရှား ကာကွယ်ရေးဒုဝန်ကြီး အလက်ဇန်းဒါးဖိုမင်က ပြောတယ်လို့ ရုရှားမီဒီယာ တက်စ်မှာ ဖော်ပြထားပါတယ်။
ရုရှားက ကိဗက်ဗ်ကို သိမ်းဖို့ ရည်မှန်းနေတုန်းပဲလို့ စောင့်ကြည့်တွေ့ရှိရ
အမေရိကန် သုတေသနအဖွဲ့ "စစ်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့"က ဒီကနေ့မှာ ယူကရိန်းက တိုက်ပွဲတွေအကြောင်း နောက်ဆုံးလေ့လာတွေ့ရှိမှုကို ထုတ်ပြန်ခဲ့ပါတယ်။
သူတို့လေ့လာတွေ့ရှိမှုအရ ရုရှားဘက်က စစ်ပွဲပထမအဆင့်ပြီးဆုံးပြီဖြစ်ပြီး ယူကရိန်းအရှေ့ပိုင်းကိုပဲ အာရုံစိုက်တော့မယ်လို့ ထုတ်ပြောလာပေမဲ့ ရုရှားတပ်တွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို သိမ်းပိုက်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို မစွန့်လွှတ်သေးဘူးလို့ ဆိုပါတယ်။
ရုရှားစစ်ရေးရည်မှန်းချက်ပထမအဆင့် ပြည့်မီခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးပြော
ယူကရိန်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ ယေဘုယျအားဖြင့် ပထမအဆင့် အတွက် အဓိက ရည်မှန်းချက်တွေ ပြည့်မီခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှေဂူက ပြောပါတယ်။
ဒါက တိုက်ပွဲမှာ ခုခံစစ်ကြောင့် ရုရှားက ရည်မှန်းထားတဲ့ အတိုင်း ခရီး မပေါက်ဘူးဆိုတဲ့ အနောက်နိုင်ငံက လေ့လာသူအများစုရဲ့ အမြင်နဲ့ ကွဲလွဲနေပါတယ်။
ယူကရိန်း စစ်တပ်ရဲ့ စွမ်းရည်က အတော်ကို နိမ့်ကျနေပြီဖြစ်ပြီး ရုရှားရဲ့ အဓိက ရည်မှန်းချက်က ရုရှားစကားပြောတဲ့ ဒွန်းဘတ်စ်ဒေသ လွတ်မြောက်ရေး ဖြစ်တယ်လို့ သူက ပြောပါတယ်။
ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးတဲ့ အနောက်မဟာမိတ်တွေကိုလည်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ဝေဖန်လိုက်ပါတယ်။
ဒီလ အစောပိုင်းအထိ ရုရှား ကာကွယ်ရေးဝန်ကြီးက လူကြားထဲကနေ ပျောက်နေခဲ့ပြီး မကြာသေးခင်ရက်ပိုင်းကမှ သူ့ဗီဒီယိုကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြပြီး ပြန်ထွက်ပေါ်လာတာပါ။
အေဘရာမိုဗစ်ချ်အဆိပ်နဲ့ တိုက်ခိုက်ခံရတဲ့သတင်း မမှန်ဘူးလို့ ရုရှားဘက်ကပြော
ရုရှားသူဌေးကြီး ရိုမန် အေဘရာမိုဗစ်ချ် ဒီလအစောပိုင်းတုန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဆိပ်မိခဲ့တယ်ဆိုတာတွေဟာ အဖြစ်မှန်နဲ့ ဘယ်လိုမှ မနီးစပ်ဘူးလို့ ရရှား အစိုးရဘက်က ပြောပါတယ်။
အဲဒီသတင်းတွေဟာ ဝါဒဖြန့် စစ်ပွဲထဲက တစ်ခုပဲလို့ ပြောပါတယ်။
ဒါ့အပြင် အေဘရာမိုဗစ်ချ်ဟာ တူရကီကို ရုရှားအစိုးရစေလွှတ်တဲ့ တရားဝင် ကိုယ်စားလှယ်လည်း မဟုတ်ဘူးလို့ ကရင်မလင်ဘက်က ပြောပေမဲ့ ယူကရိန်းနဲ့ ဆွေးနွေးမှုတွေမှာ သူ့ကို မြင်တွေ့နေရပါတယ်။
စစ်ပွဲအဆုံးသတ်ဖို့ တူရကီသမ္မတတိုက်တွန်း
ရုရှားနဲ့ယူကရိန်းတို့ ဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ တူရကီသမ္မတ အာဒိုဝမ်က တိုက်တွန်းလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး တစ်လအကြာ ယူကရိန်းနဲ့ ရုရှားက ကိုယ်စားလှယ်တွေ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ တွေ့ဆုံဆွေးနွေးနေပြီး ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွင့်မှာ တူရကီသမ္မတက အခုလို ပြောသွားတာ ဖြစ်ပါတယ်။
"မျှတတဲ့ ငြိမ်းချမ်းရေးက တစုံတယောက်မှ အရှုံးမရှိဘူးလို့ ကျွန်တော်တို့ တူရကီတွေ ယုံကြည်ပါတယ်၊ ပဋိပက္ခတွေ ကြာနေမယ်ဆိုရင် တစ်ဦးတယောက် အတွက်မှ အကျိုးရှိမှာ မဟုတ်ပါဘူး၊ လူတိုင်းသေနိုင်တယ်၊ အဆောက်အအုံတွေ ပျက်စီးမယ်၊ အရင်းအမြစ်တွေ လေထဲပစ်လိုက် မြေမြှုပ်လိုက်သလိုပါပဲ၊ တိုးတက်ကြွယ်ဝဖို့ တန်ဖိုးအနေနဲ့ အသုံးပြုနေရတာထက် အားလုံးရဲ့ တူညီတဲ့ အနာဂတ်ကနေ ယူဆောင်သွားသလို ဖြစ်နေပါတယ်။ ဒီနှစ်ဖက်ခံစားရတဲ့ ဖြစ်ရပ်ဆိုးကို ရပ်တန့်ဖို့က သက်ဆိုင်တဲ့သူတွေရဲ့ သဘောပါ" လို့ပြောသွားတာပါ။
ဒါ့အပြင် အပစ်ရပ်ဖို့ တောင်းဆိုလိုက်ပြီး စစ်မှန်တဲ့ ရလဒ်တခုကို ရရှိဖို့လည်း အချိန်ကျပြီလို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ ဆွေးနွေးပွဲကနေ ပြဿနာကို ကျော်လွှားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေက နည်းပါးနေပါတယ်။
မော်စကိုက ယူကရိန်းကို ကြားနေဖို့ တောင်းဆိုထားတာကို စဉ်းစားမယ်လို့ ယူကရိန်းဖက်က ပြောဆိုထားပေမဲ့ ပိုင်နက်နဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ရင် အလျှော့ပေးမှာ မဟုတ်ဘူးလို့ပြောပါတယ်။
မိုင်ကိုလာယိဗ်တိုက်ခိုက်ခံရမှု သုံးဦးသေဆုံး
ယူကရိန်းတောင်ပိုင်းက မိုင်ကိုလာယိဗ်မြို့က အုပ်ချုပ်ရေး အဆောက်အအုံတစ်ခု ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုမှာ လူ သုံးဦးသေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၂၂ ဦးလည်း ဒဏ်ရာရခဲ့ပြီး အဆောက်အအုံရဲ့ အလယ်တည်တည့်လည်း ထိမှန် ပြိုကျခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက အဲဒီနေရာမှာ ကူညီကယ်ဆယ်မှုတွေ ဆက်လုပ်နေပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လူဟန့်စ်ခ်အပါအဝင် နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ် နေပါတယ်။ ချာနီဟဗ်နဲ့ ဟာကိဗ်မြို့တွေမှာလည်း ရုရှားတပ်တွေက ဆက်လက်ဗုံးကြဲတိုက်ခိုက်နေပါတယ်။