ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းကို ရုရှားကျူးကျော်မှု - ရုရှားသံတွေ လျှို့ဝှက်ထောက်လှမ်းရေးလုပ်နေကြတယ်လို့ ပိုလန်စွပ်စွဲ
ရုရှားသံတွေ လျှို့ဝှက်ထောက်လှမ်းရေးလုပ်နေကြတယ်လို့ ပိုလန်စွပ်စွဲ
ရုရှား သံတမန် ၄၅ ယောက်ဟာ လျှို့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေကြတယ်လို့ ပိုလန်ပြည်တွင်းလုံခြုံရေး အေဂျင်စီက စွပ်စွဲလိုက်ပါတယ်။
အဲဒီ ရုရှားသံတမန်တွေဟာ ပိုလန်နဲ့ တခြားမဟာမိတ်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို လျှို့ဝှက် ထောက်လှမ်းဖို့ သံတမန် ဆိုတဲ့ ဂုဏ်ဒြပ်ကို အကာအကွယ်ယူ အသုံးချနေကြတယ်လို့ စွပ်စွဲပြီး သူတို့ကို နိုင်ငံကနေ နှင်ထုတ်ဖို့ ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာနကို အေဂျင်စီ ပြောခွင့်ရသူက တောင်းဆိုထားပါတယ်။
ဝါဆောမြို့က ရုရှားသံအမတ်ကြီးကိုလည်း ဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပါတယ်။
ရုရှားအစိုးရကတော့ သူတို့ သံတမန်တွေကို နိုင်ငံကနေ မောင်းထုတ်ရင် လက်တုံ့ပြန်မယ်လို့ ပြောထားပါတယ်။
ချာနိုဘိုင်းလ်အနီးကို တိုက်ခိုက်ရေးအတွက် ရုရှားသုံးနေတယ်လို့ ယူကရိန်းသမ္မတ စွပ်စွဲ
ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ရုရှားတပ်ဖွဲ့တွေဟာ အသုံးမပြုဖို့ သတ်မှတ်ထားတဲ့ ချာနိုဘိုင်းလ် နျူကလီးယားစက်ရုံ ဝန်းကျင်ကို တိုက်ခိုက်မှု အသစ်တွေလုပ်ဖို့ ပြင်ဆင်တဲ့နေရာအဖြစ် သုံးနေတယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ယူကရိန်းရဲ့ မဟာမိတ် တနိုင်ငံပြီး တနိုင်ငံမှာ လွှတ်တော် အမတ်တွေကို မိန့်ခွန်းပြောနေတဲ့ သမ္မတ ဇလန်းစကီးက အခုနောက်ဆုံး ဂျပန် ပါလီမန်မှာ မိန့်ခွန်းပြောစဉ် အခုလို စွပ်စွဲ ပြောဆိုလိုက်တာပါ။
၁၉၈၆ ခုနှစ်က ချာနိုဘိုင်း နျူကလီးယား စက်ရုံပေါက်ကွဲမှု ဖြစ်ခဲ့ပြီးကတည်းက ကီလိုမီတာ ၃၀ ဝန်းကျင်ကို အသုံးမပြုရဆိုပြီး သတ်မှတ်ထားခဲ့ပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီလက ရုရှားကျူးကျော်စစ် စတင်ခဲ့ပြီးနောက် အဲဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အဆုံးသတ်စေဖို့ နိုင်ငံတကာရဲ့ ဖိအားတွေ ဆက်ပေးပါလို့ မစ္စတာ ဇလန်းစကီးက တောင်းဆိုခဲ့ပါတယ်။
ယူကရိန်းက တချို့နေရာတွေမှာဆိုရင် သေဆုံးသွားသူတွေရဲ့ အလောင်းတွေကိုတောင် ဆွေမျိုးသားချင်းတွေက မြှုပ်နှံလို့မရအောင် အခြေအနေ ဆိုးနေတယ်လို့ မစ္စတာ ဇလန်းစကီးက ပြောပါတယ်။
ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်း တီဘီရောဂါ ဖြစ်ပွားမှု အများကြီးတိုးသွားနိုင်တယ်လို့ဆို
ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် လာမယ့်လတွေအတွင်း တီဘီ အဆုတ်နာရောဂါဖြစ်ပွားမှုတွေ အများကြီး ထိုးတက်သွားနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံက ကျန်းမာရေး တာဝန်ခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ယူကရိန်းမှာ နှစ်စဉ် တီဘီ ရောဂါဖြစ်ပွာသူ သုံးသောင်း ရှိပြီး လူနာတွေကို ကုသနည်းအသစ်တွေကိုလည်း ဦးဆောင်တီထွင် ရှာဖွေနေပါတယ်။
အထူးသဖြင့် ပဋိဇီဝဆေးမတိုးတော့တဲ့ အခြေအနေမျိုးမှာ ထိရောက်တဲ့ ကုသနည်း အတော်များများကို ယူကရိန်းက တီထွင်ခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။
အခု ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ယူကရိန်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့အတွက် ယူကရိန်းမှာ တီဘီရောဂါ စောင့်ရှောက်မှုနဲ့ ကုသရေးတွေ ဆယ်စုနှစ်တစ်ခုကြာ နောက်ပြန်ဆုတ်သွားစေနိုင်တယ်လို့ WHO တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။