ယူကရိန်း သမ္မတ နဲ့ဆွေးနွေးဖို့ ပိုလန်၊ချက်၊ဆလိုဗေးနီးယား ခေါင်းဆောင်တွေ ကိဗက်ဗ်ကိုသွား

ကိဗက်ဗ်က ဒုံးကျည်ထိမှန်ထားတဲ့ လူနေအဆောက်အအုံတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Orla Guerin/BBC

ဓာတ်ပုံ ပုံစာ, ကိဗက်ဗ်က ဒုံးကျည်ထိမှန်ထားတဲ့ လူနေအဆောက်အအုံတစ်ခု
ရေးသားခဲ့သည်။

ယူကရိန်း သမ္မတ နဲ့ဆွေးနွေးဖို့ ပိုလန်၊ချက်၊ဆလိုဗေးနီးယား ခေါင်းဆောင်တွေ ကိဗက်ဗ်ကိုသွား

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးနဲ့ ဆွေးနွေးပြောဆိုဖို့အတွက် ပိုလန်၊ ချက်ခ်သမ္မတနဲ့ ဆလိုဗီးနီးယားနိုင်ငံတွေက ဝန်ကြီးချုပ်တွေ ကိယက်ဗ်နိုင်ငံဆီ သွားနေကြပါပြီ။

ခုချိန်ထိ ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံနေရဆဲ ဖြစ်တဲ့ ကိယက်ဗ်မြို့တော်ဆီ သွားတဲ့ ခရီးလမ်းမှာ သူတို့စီးလာတဲ့ ရထားဟာ အခုအခါ ပိုလန် ယူကရိန်း နယ်စပ်ကို ဖြတ်သွားခဲ့ပြီး ဖြစ်ပါတယ်။

ဒီခေါင်းဆောင် ၃ ဦးဟာ ယူကရိန်းကို ထောက်ခံအားပေးကြောင်း ပြတဲ့ ကျယ်ပြန့်တဲ့ စီမံကိန်းတစ်ခုကို တင်ပြဖို့ ရှိပါတယ်။

ပိုလန် ဝန်ကြီးချုပ် မက်တီယူဇ် မိုရာဝေကီ က "ကမ္ဘာအတွက် အရေးပါတဲ့ ဒီလိုအချိန်မျိုးမှာ သမိုင်းတွင် ကျန်ရစ်မယ့်နေရာကို သွားရောက်ဖို့က သူတို့ရဲ့ တာဝန်ဝတ္တရား ဖြစ်တယ် " လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပို့စ်တင်ထားပါတယ်။

ယူကရိန်းကို ထောက်ခံအားပေးကြောင်း ပြဖို့ လိုတယ်ဆိုတာကို ဥရောပကောင်စီ ဥက္ကဋ္ဌ ရှားလ် မီရှဲလ် က အသိအမှတ်ပြု ထုတ်ဖော်ပြောခဲ့ကြောင်း၊ ဒါပေမဲ့လည်း ဒီလို ခရီးမျိုးက လုံခြုံရေးအန္တရာယ် ရှိနိုင်တယ်လို့ ထောက်ပြခဲ့ကြောင်း အီးယူ ဥရောပသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

ကိယက်ဗ်မှာ ကာဖျူးထုတ်မယ်လို့ မြို့တော်ဝန်ကြေညာ

ကိယက်ဗ်မြို့တော်မှာ ဒီကနေ့ညနေကစလို့ ကြာသပတေးနေ့ မနက်အထိ ၃၅ နာရီကြာ ကာဖျူးအမိန့် ထုတ်ပြန်မယ်လို့ မြို့တော်ဝန် ဗီတာလီယာ ကလစ်ချ်ကို က ထုတ်ဖော်ကြေညာလိုက်ပြီး အခုအချိန်မှာ ခက်ခဲပြီး အန္တရာယ်များတဲ့ အချိန်ကာလနဲ့ ရင်ဆိုင်နေရတယ်လို့ သတိပေးလိုက်ပါတယ်။

ရုရှားတို့ရဲ့ တိုက်ခိုက်မှုတွေအတွင်း လူနေ အဆောက်အဦ အတော်များများ ထိမှန်ပျက်စီးခဲ့အပြီးမှာ အခုလို ထုတ်ဖော်ကြေညာလိုက်တာပါ။

ကာဖျူးကာလအတွင်း အိမ်ထဲမှာ ဒါမှမဟုတ် ဗုံးခိုရာ နေရာတွေမှာ နေဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ထားကြဖို့ ကိယက်ဗ် မြို့နေလူထုကို သူက ပန်ကြားထားပါတယ်။

ကိယက်ဗ်မြို့ကို ရုရှားတပ်ဖွဲ့တွေရဲ့ အမြောက်ဒဏ် မခံရအောင် ယူကရိန်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတယ်လို့ ကိယက်ဗ်မြို့ ကာကွယ်ရေးကို ကြီးကြပ်ဆောင်ရွက်နေတဲ့ ယူကရိန်းစစ်ဗိုလ်ချုပ်တွေက ပြောပါတယ်။

ကိယက်ဗ်မြို့ဟာ ဒနီပါမြစ်နဲ့ မြစ်လက်တက်တွေလိုမျိုး မြို့အင်္ဂါရပ် အတော်များများကြောင့် မြို့ထဲ ကျူးကျော်ဝင်မလာနိုင်အောင် တားဆီးနိုင်မှာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

ယူကရိန်းက ထွက်ပြေးသူ သုံးသန်းကျော်ပြီလို့ ကုလပြော

ယူကရိန်းနိုင်ငံကနေ ထွက်ပြေးခဲ့ကြတဲ့ ယူကရိန်းဒုက္ခသည် အရေအတွက်ဟာ ၃ သန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

ယူကရိန်းနိုင်ငံသား ၁ ဒဿမ ၈ သန်းဟာ ပိုလန်နိုင်ငံမှာ ရောက်နေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ပြောပါတယ်။

ဒုက္ခသည်တွေထဲက တစ်ဝက်နီးပါးလောက်ဟာ ကလေးငယ်တွေ ဖြစ်ပြီး စက္ကန့်တိုင်းလိုလို ယူကရိန်းကလေးငယ်တစ်ဦးဟာ ဒုက္ခသည်ဘဝ ရောက်လာနေရတယ်လို့ ယူနီဆက် ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေအဖွဲ့က ပြောပါတယ်။

ယူကရိန်းနိုင်ငံကနေ ထွက်ပြေးလာကြသူတွေ ပိုများလာနေရာမှာ ဥရောပမှာ မိသားစုဆွေမျိုး မရှိ၊ သွားစရာ နေရာမရှိ ဖြစ်နေကြပြီး သူတို့ကြုံတွေ့ရင်ဆိုင်ခဲ့ရတာတွေကြောင့် စိတ်ဒဏ်ရာတွေ ရနေကြတယ်လို့ သိရပါတယ်။

ကိယက်ဗ်မှာ မီးငြှိမ်းသတ်နေတဲ့ မီးသတ်တွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကိယက်ဗ်မှာ မီးငြှိမ်းသတ်နေတဲ့ မီးသတ်တွေ

စစ်ပွဲအခြေအနေက လမ်းဆုံတစ်ခုရောက်နေပြီလို့ ယူကရိန်းသမ္မတ အကြံပေးပြော

ယူကရိန်းသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် အိုလက်ဆီယာ အရက်စ်တိုဗစ်ချ် က အခုစစ်ပွဲဟာ လမ်းဆုံလမ်းခွတစ်ခုကို ရောက်နေပြီလို့ ပြောပါတယ်။

ဗီဒီယိုလင့်ခ်နဲ့ ပြောဆိုနေကြတဲ့ လက်ရှိဆွေးနွေးပွဲကနေ ရုရှားနဲ့ သဘောတူချက် ရရင်ရ ဒါမှမဟုတ် နောက်ထပ် ဆွေးနွေးပြောဆိုမှုတွေ လုပ်အပြီးမှာ ရုရှားရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုသစ်တွေ ခံလာရနိုင်တယ်လို့ သူက ပြောပါတယ်။

ရုရှားအစိုးရအဖွဲ့ ကရမ်မလင်နန်းတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ် ကတော့ ရုရှားအစိုးရအနေနဲ့ ဆွေးနွေးပြောဆိုနေမှုအကြောင်း တက်သုတ်ရိုက် ကြိုတင်ဟောကိန်းထုတ်တာမျိုး မလုပ်ချင်ဘူလို့ ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှုတွေ ဆက်ရှိနေတဲ့အတွက်တော့ အကောင်းဖက်က ရှုမြင်တယ်လို့ ဆိုပါတယ်။

ဗုံးကြဲမှုတွေ၊ အမြောက်နဲ့ ပစ်ခတ်မှုတွေ ဆက်ရှိနေပေမဲ့ ရုရှားတို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရက်အတော်ကြာ ရပ်ဆိုင်းထားပုံ ရတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တုန်းက ပြောပါတယ်။

ရုရှား စီးပွားရေး ချည့်နဲ့အောင် အီးယူနဲ့ ယူကေက ပိတ်ဆို့မှုတွေ ထပ်တိုး

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေမှုတွေမှာ ရုရှားအစိုးရကို ငွေအားမတတ်နိုင်တော့အောင် လုပ်ဖို့ ရည်ရွယ်တဲ့အနေနဲ့ အီးယူ ဥရောပသမဂ္ဂနဲ့ ဗြိတိန်အစိုးရတို့က ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ တန်ဖိုးကြီး ကားတွေ၊ လက်ဝတ်ရတနာတွေ လိုမျိုး ဇိမ်ခံပစ္စည်းတွေကို ရုရှားနိုင်ငံထဲ တင်ပို့ခွင့် ပိတ်ပင်မှု ပါဝင်ပါတယ်။

ဒါ့အပြင် ရုရှား သံမဏိ ထုတ်ကုန်ပစ္စည်းတွေ မှာယူတင်သွင်းခွင့် နဲ့ ရုရှားရဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုသစ်တွေ လုပ်ခွင့်ကိုလည်း အီးယူက ကန့်သတ်ပိတ်ပင်မှုတွေ လုပ်မှာ ဖြစ်ပါတယ်။

အီးယူက ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေ ထုတ်ယူခွင့် ပိတ်ပင်ထားပြီး ဖြစ်တဲ့ ရုရှားသူဌေး ရာပေါင်းများစွာ စာရင်းထဲမှာ ဗြိတိန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရပြီးသား ဖြစ်တဲ့ ချယ်လ်ဆီး ဘောလုံးအသင်းပိုင်ရှင် ဘီလျံနာသူဌေး ရိုမန် အေဘရမ်မိုဗစ်ချ် လည်း ပါလာမယ်လို့ မျှော်လင့်ရပါတယ်။

ဗော့ဒ်ကာ အရက်၊ သံထည်နဲ့ မြေသြဇာတွေ အပါအဝင် ဒေါ်လာ တစ်ဘီလျံကျော်ဖိုး ရုရှားပို့ကုန်တွေအပေါ် အခွန် ၃၅ ရာခိုင်နှုန်း ထပ်ကောက်မယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

ချမ်းသာကြွယ်ဝတဲ့ ရုရှားသူဌေးတွေအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဗြိတိန်အစိုးရက ဒီကနေ့ ထုတ်ဖော်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

ရုရှားတပ်တွေဝိုင်းထားတဲ့ ယူကရိန်းတောင်ပိုင်းမြို့က မြို့ခံတွေ ကယ်ဆယ်ရေးအစီအစဥ်နဲ့ထွက်ခွာ

ယူကရိန်းနိုင်ငံ တောင်ပိုင်း မာရီယူပိုလ်မြို့ကနေ မြို့ခံတွေ ကယ်ထုတ်ရေး ပထမဆုံးအစီအစဉ်နဲ့ ထွက်ခွာသွားကြတဲ့ အရပ်သား ၃၀၀ လောက် ဇာပိုရစ်ဇ်ဇီယာမြို့ဆီ အခုအခါ ရောက်သွားပြီလို့ မြို့ကောင်စီက ပြောပါတယ်။

အဲဒီလူတွေဟာ ရုရှားတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့ မာရီယူပိုလ်မြို့ကနေ ကားအစီးရေ ၁၆၀ လောက်နဲ့ တနင်္လာနေ့တုန်းက ထွက်ခွာသွားခဲ့ကြတာပါ။

မာရီယူပိုလ်မြို့ထဲကို စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါးပစ္စည်းတွေ ပို့ဆောင်နိုင်ဖို့ နောက်ထပ် မော်တော်ယာဉ်တွေ သွားခွင့်ပြုဖို့နဲ့ အဲဒီကားတွေ ပြန်ထွက်လာရင် နောက်ထပ် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို မြို့ထဲကနေ ပြန်ကယ်ထုတ်လာနိုင်ဖို့ သူမျှော်လင့်ကြောင်း ယူကရိန်း ဒုဝန်ကြီးချုပ် အီရာနာ ဗီရက်ရှ်ချုခ် က ပြောပါတယ်။

နိုင်ငံအရှေ့ပိုင်းက ရုရှားတပ်ဖွဲ့တွေ ဝိုင်းထားတဲ့ ဆူမီမြို့ကနေလည်း အရပ်သားတွေကို ကယ်ထုတ်လာဖို့အတွက် ဘတ်စ်ကား ၃၀ လောက်ပါတဲ့ ကားတန်း နှစ်ခုကို သွားခွင့်ပြုဖို့ မျှော်လင့်ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

သတင်းလွှင့်နေစဥ် ကြားဖြတ်ဆန္ဒပြတဲ့ သတင်းထောက်ကို ဖမ်းဆီးစစ်ဆေးနေ

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ လိုက်ဗ်လွှင့်နေတဲ့ ရုပ်မြင်သံကြား သတင်းအစီအစဉ်တခုမှာ ကြားဖြတ်ဝင် ဆန္ဒပြခဲ့တဲ့ သတင်းထောက် အမျိုးသမီးရဲ့ ဘေးကင်းလုံခြုံမှုကို စိတ်ပူနေတယ်လို့ ရုရှား အရပ်ဘက် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီသတင်းထောက် မရီနာ အော့ဗ်ဆီယန်နီကိုဗာ အခုအခါ ဖမ်းဆီးခံထားရပြီး ရုရှားစစ်တပ်အကြောင်း မဟုတ်မမှန် သတင်း လွှင့်တာမျိုးကို ပိတ်ပင်တဲ့ ဥပဒေတစ်ခုအရ စစ်ဆေးခံနေရပါတယ်။

ရုရှားရဲ့ ထိပ်တန်း ရုပ်မြင်သံကြား ချယ်နယ်လ်တစ်ခု ဖြစ်တဲ့ Channel One အစီအစဉ်ရဲ့ အယ်ဒီတာ တစ်ဦး ဖြစ်သူ မစ်စ် အော့ဗ်ဆီယန်နီကိုဗာ ဟာ တနင်္လာနေ့ ညနေခင်းသတင်း တိုက်ရိုက်လွှင့်နေစဉ် သတင်းဖတ်သူရဲ့ နောက်ကို အတင်းပြေးဝင်လာပြီး စစ်ပွဲ ချက်ချင်းရပ်၊ ဝါဒဖြန့်တာတွေ မယုံကြနဲ့၊ သူတို့လိမ်ညာပြောနေတာ လို့ ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုကို ထောင်ပြခဲ့တာပါ။

ရုရှားအစိုးရရုံး ခရမ်မလင်နန်းတော်ရဲ့ ပြောခွင့်ရသူက ဒီအမျိုးသမီးရဲ့ လုပ်ရပ်ဟာ ဆိုးသွမ်းသူတွေ လုပ်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။