ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းကို ရုရှားကျူးကျော်မှု - ယူကရိန်းရဲ့နိုဗာခက်ခိုကာမြို့ကို ရုရှားတပ်ဖွဲ့တွေ သိမ်းလိုက်ပြီ
ယူကရိန်းနိုင်ငံတောင်ပိုင်းက နိုဗာခက်ခိုကာမြို့ဟာ ရုရှားလက်အောက်ကျရောက်သွားခဲ့ပြီဆိုပြီး ယူကရိန်းမီဒီယာတွေက သတင်းတွေဖော်ပြနေပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ အဲဒီမြို့ကို သိမ်းပိုက်ထားလိုက်ပြီလို့လည်းဆိုပါတယ်။ အဲဒီမြို့ဟာ သေးပေမဲ့ ရေလမ်းကြောင်းကနေ ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ရိုက်ထွက်နိုင်တဲ့ ယူကရိန်းအခေါ် ညီပရိုစကာမြစ်ပေါ်မှာ ဗျူဟာကျကျရှိနေတဲ့မြို့ဖြစ်ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ အဲဒီမြို့တော်အုပ်ချုပ်ရေးကော်မတီကို ထိန်းသိမ်းထားလိုက်ပြီဖြစ်ပြီး အဆောက်အအုံတွေမှာ လွှင့်ထူထားတဲ့ယူကရိန်းအလံတွေအားလုံးကိုလည်း ဖယ်ရှားလိုက်ပြီဆိုပြီး မြို့တော်ဝန်ကပြောတယ် ဆိုတဲ့သတင်းတွေလည်းဖော်ပြနေပါတယ်။
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုထဲမှာ ယူကရိန်းတောင်ပိုင်းကနေ နယ်မြေစသိမ်းမှုဟာ လက်ရှိမှာ အအောင်မြင်ဆုံးဖြစ်ပြီး ရုရှားတပ်ဖွဲ့တွေဟာ ခါဆွန်၊ မိုကိုလာယိနဲ့ မိုင်လိတိုပိုမြို့တွေကိုပါ ခြိမ်းခြောက်နေတယ်လို့ အကဲခတ်တွေက မှတ်ချက်ပြုထားပါတယ်။
ရုရှားတပ်တွေ ခါကိဗ်မြို့ထဲဝင်လာပြီလို့ ယူကရိန်းအရာရှိပြော
ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ထဲကို ဝင်လာပြီဆိုပြီး ယူကရိန်းဒေသန္တရအာဏာပိုင်တွေက ပြောလာပါတယ်။
ရုရှားရဲ့အပေါ့စားစစ်ဘက်ယာဉ်တွေဟာ မြို့တွင်းကို ချိုးဖောက်ဝင်ရောက်လာပြီဆိုပြီး ခါကိဗ်ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ပြောလိုက်တာပါ။
ဒီလိုထုတ်မပြောခင် အစောပိုင်းတုန်းကတော့ ရုရှားစစ်ယာဉ်တွေ ခါကိဗ်မြို့ကလမ်းပေါ်မှာ မောင်းနှင်သွားတာတွေကို ပြတဲ့ဗီဒီယိုတစ်ခု ထွက်ပေါ်နေပြီဖြစ်ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ မြို့လယ်မှာပဲ ရှိနိုင်မှာမို့လို့ မြို့ခံတွေအနေနဲ့ နေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့ မြို့တော်ဝန်က တိုက်တွန်းပြောဆိုပါတယ်။
ဘီဘီစီက နောက်ဆုံးသိရှိရသလောက် ရုရှားနဲ့ယူကရိန်းတပ်ဖွဲ့တွေဟာ ခါကိဗ်မြို့ထဲမှာ တိုက်ပွဲဖြစ်နေပြီး ရုရှားရဲ့ Tigr-M စစ်ကားတစ်စင်းလည်း ပျက်စီးနေတဲ့ဗီဒီယိုလည်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
မြို့တော်ကိယက်ဗ်မှာတော့ ပေါက်ကွဲသံနဲ့ အချက်ပေးသံတွေ ကြားနေရ
ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မှာတော့ မြို့လယ်ရဲ့အနောက်ပိုင်းကနေ ပေါက်ကွဲသံတစ်ခု ကြားလိုက်ရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။
ဒါဟာ ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက် ယူကရိန်းဒေသစံတော်ချိန် မနက်ခင်းမှာ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အချက်ပေးသံ ထွက်ပေါ်လာပြီး ၁ နာရီနီးပါးခန့်မှာ အခုပေါက်ကွဲသံကို ကြားခဲ့ရတာဖြစ်ပါတယ်။
ဂူဂဲလ်မှာ ရုရှားနိုင်ငံပိုင်မီဒီယာတွေ ကြော်ငြာခွင့်မရတော့
ရုပ်သံမျှဝေတဲ့ပလက်ဖောင်းဖြစ်တဲ့ ယူကျူ့ရဲ့မိခင်ကုမ္ပဏီ အယ်လ်ဖာဘတ်ကတော့ ရုရှားနိုင်ငံပိုင် မီဒီယာတွေကို ယူကျူ့ကနေ ဝင်ငွေရနိုင်တဲ့နည်းလမ်းကို ဆိုင်းငံ့လိုက်ပြီလို့ပြောပါတယ်။
ဒါ့ကြောင့် ရုရှားတူဒေး(RT)နဲ့ နိုင်ငံပိုင်တခြားမီဒီယာလိုင်းတွေဟာ ယူကျူပေါ်မှာ ကြည့်ရှုသူကြည့်လို့ရတဲ့ကြော်ငြာခမရနိုင်တော့ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။
ရုရှားရဲ့ဝါဒဖြန့်မှုတွေပိတ်ပင်ဖို့ ယူကရိန်းဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ ဝန်ကြီးက ယူကျူ့ကို တောင်းဆိုခဲ့အပြီးမှာ ယူကျူ့ဘက်က အခုလို အစီအမံထွက်ပေါ်လာတာပါ။
ရုရှားတူဒေးလို နိုင်ငံပိုင်မီဒီယာတွေဟာ ယူကျူ့ကနေရတဲ့ကြော်ငြာခနဲ့ တခြားဂူဂဲလ်ဝန်ဆောင်မှုတွေကနေ ရတဲ့ကြော်ငြာခတွေကြောင့် တနှစ်ကို ဒေါ်လာသန်းချီ ဝင်ငွေရရှိနေတာဖြစ်ပါတယ်။
ဖေ့ဘွတ်ခ်နဲ့ တွစ်တာတို့ကတော့ ရုရှားကြော်ငြာတွေကို ပိတ်ထားတာကြပြီဖြစ်လို ရုရှားကလည်း အဲဒီအပ်တွေကို ပြည်တွင်းမှာ အသုံပြုးခွင့် ကန့်သတ်ထားပါတယ်။
ယူကရိန်းက ဆွေးနွေးဖို့ငြင်းဆန်လို့ တိုက်ခိုက်မှုတွေ ထပ်လုပ်နေပြီလို့ ရုရှားပြော
သောကြာနေ့မှာ ရပ်နားခဲ့ပြီးနောက် ယူကရိန်းကို စစ်မျက်နှာပေါင်းစုံကနေ ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ပြန်စနေပြီလို့ ရုရှား အစိုးရပိုင် RIA သတင်းအေဂျင်စီက ပြောပါတယ်။
ယူကရိန်းက ဆွေးနွေးဖို့ ငြင်းဆန်လိုက်ပြီးတဲ့နောက် တိုက်ခိုက်မှုတွေ ထပ်လုပ်နေပြီလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြို့ကြီးတွေအားလုံး ထိန်းထားနိုင်ဆဲလို့ ယူကရိန်းပြော
ယူကရိန်းရဲ့ အဓိကကျတဲ့ မြို့ကြီးတွေ အားလုံးကို ထိန်းထားနိုင်ဆဲ ဖြစ်တယ်လို့ ယူကရိန်းက ပြောပါတယ်။ ကျူးကျော်လာတဲ့ ရုရှားတပ်ဖွဲ့တွေ သိသိသာသာ အထိနာနေအောင် ရုရှားတပ်တွေကို ယူကရိန်းတပ်တွေက ခုခံတွန်းလှန် တိုက်လိုက်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြားမှာ နှစ်နိုင်ငံဘက်က ထုတ်ပြန်ပြောဆိုချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။
ရုရှားစစ်သားအလောင်းတွေ ထောင်ချီနေတယ်လို့ ယူကရိန်းဘက်ကပြော
ယူကရိန်းကို ဝင်တိုက်တုန်းမှာ သေဆုံးခဲ့တဲ့ ရုရှားစစ်သားတွေရဲ့ အလောင်းတွေကို ရုရှားကို ပြန်ပို့ဖို့ ယူကရိန်း ဒုတိယဝန်ကြီးချုပ်က နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို ပြောလိုက်ပါတယ်။
မြို့တော် ကိယက်ဗ်ကနေ စကားပြောနေတဲ့ ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ကျူးကျော်သူ တွေရဲ့ အလောင်းထောင်ချီပြီး ရှိနေပြီး ဒီအလောင်းတွေကို ဟိုဘက်ကို ပြန်ပို့ဖို့ ကူဖို့ သူက အိုင်စီအာစီကို ပြောခဲ့တာပါ။
သူက ဒီစစ်သားတွေ အလောင်းသယ်အိတ်နဲ့ ပြန်မလာချင်ရင် စစ်သားတွေကို ယူကရိန်းဆီ မပို့ဖို့လည်း ရုရှားကို သတိပေးခဲ့ပါတယ်။
တွစ်တာကို ရုရှားက ပိတ်ပင်
အင်တာနက် ချိတ်ဆက်မှု စောင့်ကြည့်ရေး အဖွဲ့ Netblocks ရဲ့ အဆိုအရ ရုရှားဟာ လူမှုကွန်ရက်စာမျက်နှာတခု ဖြစ်တဲ့ တွစ်တာကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီလောက်မှာ လုံးဝ ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။
ရုရှားပြည်တွင်း တွစ်တာ အသုံးပြုမှုကတော့ အဲဒီနေ့ မနက်ပိုင်းကတည်းက ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့ပြီးသား ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရုရှားအစိုးရဟာ ပြည်တွင်းမှာ ဖေ့စ်ဘွတ် အသုံးပြုမှုကိုလည်း ကန့်သတ် ပိတ်ပင်မှုတွေ လတ်တလော လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။
ပိုလန်ရောက် ယူကရိန်းဒုက္ခသည် ၁၁၅၀ဝ၀ ရှိပြီ
ရုရှားရဲ့ ယူကရိန်းထိုးစစ်ကြောင့် ပိုလန်နိုင်ငံကို ထွက်ပြေးလာတဲ့ ယူကရိန်းဒုက္ခသည် ၁၁၅၀ဝ၀ ရှိသွားပြီလို့ ပိုလန်ဝန်ကြီးတဦးက ပြောဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီ အတွင်းမှာတင်ပဲ ပိုလန်ပြည်တွင်းကို ဝင်လာတဲ့ ယူကရိန်းဒုက္ခသည် ၁၅၀ဝ၀ ရှိခဲ့တယ်လို့ ပိုလန်ပြည်ထဲရေးဝန်ကြီး ပါဗယ် ဇဗာနီကာ က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရုရှားလေကြောင်းလိုင်းတွေကို အက်စတိုးနီးယာပိတ်
ရုရှားနိုင်ငံနဲ့ နယ်စပ်နိုင်ငံတခုဖြစ်တဲ့ အက်စ်တိုးနီးယားနိုင်ငံကလည်း ရုရှား လေကြောင်းလိုင်းတွေကို ပိတ်ဆို့လိုက်ပြီ ဖြစ်ပါတယ်။
အလားတူ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လစ်သူရေးနီးယားနဲ့ လတ်ဗီးယား နိုင်ငံတွေကလည်း အခုလို ပိတ်ပင်ဖို့ ပြင်ဆင်နေတယ်လို့ လစ်သူရေးနီးယား ပို့ဆောင်ရေး ဝန်ကြီး မားရီးယပ်စ် စကူအိုဒစ်စ်က ပြောဆိုထားပါတယ်။
ပိုလန်၊ ဘူလ်ဂေးရီးယားနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတို့ကတော့ ရုရှားလေကြောင်းလိုင်းတွေကို ပိတ်ပင်ထားပြီး ဖြစ်ပြီး ယူကေနိုင်ငံကတော့ ရုရှားလေကြောင်းလိုင်း အဲရိုဖလုတ်ရဲ့ လေယာဉ်တွေကို ယူကေ ပြည်တွင်းမှာ ဆင်းသက်ခွင့် တားမြစ်ထားပါတယ်။
ရုရှား-ယူကရိန်း နောက်ဆုံးရ စစ်ရေး အခြေအနေ
(ဖေဖော်ဝါရီ ၂၆ ဒေသ စံတော်ချိန် နေ့လယ် ၂ နာရီ သတင်း)
•မြို့တော် ကိယက်ဗ်မှာ မနေ့ ညက (ဖေဖော်ဝါရီလ ၂၅) ဒုံးကျည် တိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ပွဲ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ယူကရိန်းတပ်ဖွဲ့တွေက မြို့တော်ကို ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
•ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ တပ်တွေဟာ မြို့တော် ကိယက်ဗ်ကနေ ကီလိုမီတာ ၃၀ (၁၉ မိုင်) အကွာမှာပဲ ဆက်ရှိနေသေးတယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
•ယူကရိန်းရဲ့ ဒုတိယမြို့တော် ဖြစ်တဲ့ နိုင်ငံအရှေ့ပိုင်းက ကာကိဗ်မြို့ က ယူကရိန်းတပ်ဖွဲ့ ဝင်တွေကတော့ ရုရှားတပ်ဖွဲ့တွေကို တွန်းလှန်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မြို့တွင်းမှာ လက်နက်ကြီးကျနိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် မြို့သူမြို့သားတွေ လှုပ်ရှားသွားလာမှု မလုပ်ကြဖို့လည်း အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
•ယူကရိန်းတောင်ပိုင်းက အိုဒက်ဆာမြို့မှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
•ယူကရိန်းအရှေ့တောင်ပိုင်းက မယ်လစ်တိုပိုမြို့ကို သိမ်းထားပြီလို့ ရုရှားဘက်က ပြောပေမယ့် ဒီပြောဆိုမှုကို ယူကေနိုင်ငံက သံသယရှိနေပါတယ်။
•ယူကရိန်းနိုင်ငံ လဗစ်ဗ်မြို့အပါအဝင် နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းမြို့တွေကို ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိတယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ညနေ ၅ နာရီကျော် အပြင်မထွက်ရ အမိန့်ထုတ်
ဖေဖော်ဝါရီလ ၂၆ ရက် ယူကရိန်းဒေသ စံတော်ချိန် နေ့လယ် ၁:၅၀ နောက်ဆုံးရ သတင်းအရ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ညနေ ၅ နာရီကနေ နောက်တနေ့ မနက် ၈ နာရီ အထိ ည မထွက်ရ အမိန့်ကို မြို့တော်ဝန် ဗစ်တာလီ ကလစ်ရှ်ကို က ထုတ်ပြန်လိုက်ပါတယ်။
မြို့တော် ကိယက်ဗ်မှာ ည ၁၀ နာရီ ကနေ မနက် ၇ နာရီအထိ ညမထွက်ရ ထုတ်ပြန်ထားတဲ့ အမိန့်ကို အခုလို တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။
အခုလို ကန့်သတ်ထားတဲ့ အချိန်အတွင်း လမ်းပေါ်မှာ ရှိနေသူတွေကို အဖျက်အမှောင့် လုပ်လိုသူတွေနဲ့ ရန်သူ့ ကင်းထောက်တွေ အဖြစ် ယူဆမှာ ဖြစ်တယ်လို့လည်း မြို့တော်ဝန် မစ္စတာ ကလစ်ရှ်ကိုက တွစ်တာမှာ သတိပေးထားပါတယ်။
ပိုလန်ကို ယူကရိန်းဒုက္ခသည် တသိန်းလောက် ဝင်လာတယ်လို့ ပြော
ရုရှားက ယူကရိန်းကို စတင် ထိုးစစ်ဆင်တဲ့ အချိန်ကစပြီး ပိုလန်နိုင်ငံကို ထွက်ပြေးလာတဲ ယူကရိန်း ဒုက္ခသည် တသိန်းလောက် ရှိသွားပြီလို့ ပိုလန် နယ်ခြားစောင့် တပ်ဖွဲ့က ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက် ဒေသစံတော်ချိန် မနက် ၈ နာရီ နောက်ပိုင်းက စပြီး ပိုလန်ကို ဝင်လာသူ ယူကရိန်းနိုင်ငံသား အရေအတွက်ကတော့ ၂၀ဝ၀ဝ ကျော်တယ်လို့ တပ်ဖွဲ့ ပြောခွင့်ရ အမျိုးသမီး အန်နာ မစ်ခယ်စကာ က ပြောပါတယ်။
ပိုလန် အစိုးရ အနေနဲ့ ဝင်လာတဲ့ ယူကရိန်းနိုင်ငံသားတိုင်းကို လက်ခံပြီး နေစရာမရှိသူတွေကိုလည်း ယာယီ နေထိုင်စရာ စီစဉ်ပေးမယ်လို့ ကတိပြုထားတာ ဖြစ်ပါတယ်။
ပိုလန်နိုင်ငံဟာ အစပိုင်းမှာ မက်ဒီကာ နယ်စပ် ဖြတ်ကျော် စခန်းကနေပဲ ဝင်ခွင့် ပေးထားခဲ့ပေမဲ့ အခုအချိန်မှာတော့ နယ်စပ် ဖြတ်ကျော်စခန်း ၈ ခု စလုံးကနေ ဝင်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ပိုလန်အနေနဲ့ ဒုက္ခသည် လက်ခံစခန်း ၉ ခု ထူထောင်ထားပြီး ရောက်လာသူတွေအတွက် အစားအသောက်၊ ဆေးဝါးနဲ့ သတင်းအချက်အလက်တွေကိုလည်း ထောက်ပံ့ဝေငှ ပေးနေပါတယ်။
ရုရှားသိမ်းထားတယ်ဆိုတဲ့ နယ်မြေတွေ
ယူကရိန်း နယ်စပ်နယ်မြေတချို့ကို ရုရှားက သိမ်းထားပြီး မြို့တော် ကိယက်ဗ်ကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။
(ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ် ဝ၂ : ဝ၃ အချိန်အထိ သတင်းပေးချက်အရ ရုရှားသိမ်းထားတဲ့ ယူကရိန်းနယ်)
ယူကရိန်းနယ်စပ်မှာ ဓာတ်အားပြတ်တောက်
တခါ ဓာတ်အားပေးစက်ရုံတွေကို ယူကရိန်းတပ်ဖွဲ့တွေက စောင့်ကြပ်ပေးနေလို့ ပုံမှန်အတိုင်း လည်ပတ်နေနိုင်ပါတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ ရုရှားနဲ့ နယ်စပ်က ရွာတွေ မြို့တွေမှာတော့ ဓာတ်အားတွေ ပြတ်တောက်နေပါတယ်။
ပင်လယ်နက်ထဲက ရေတပ်က ခရုဇ်ဒုံးပျံတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ မြို့တချို့နားကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းစစ်ဖက်အရာရှိတွေက ပြောပါတယ်။
ယူကရိန်းကို သန်း ၆၀၀ ဖိုး စစ်ရေး အထောက်အပံ့ချက်ချင်းပေးဖို့ အမေရိကန်သမ္မတညွှန်ကြား
ယူကရိန်းကို ဒေါ်လာ သန်း ၆၀၀ ဖိုးအထိ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ ချက်ချင်း ပေးဖို့ အမေရိကန် သမ္မတဘိုင်ဒန်က လက်မှတ်ထိုးပြီး နိုင်ငံခြားရေးဌာနကို ညွှန်ကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအကျိုးစီးပွားအတွက် သူ့လုပ်ပိုင်ခွင့်ကို သုံးပြီး အခုလို ညွှန်ကြားချက်ထုတ်ခဲ့တာပါ။
အခုအထိ အမေရိကန်ဘက်က ပေးနေတဲ့ စစ်ရေးအထောက်အပံ့တွေမှာ တင့်ကားဖျက်လက်နက်တွေပါပြီး ဒီလက်နက်တွေကြောင့်ပဲ ရုရှားတပ်တွေ ရှေ့တိုးချီတက်တာကို နှေးအောင်လုပ်ထားနိုင်ခဲ့ပါတယ်။
ရုရှားအစိုးရ မီဒီယာတွေ ဖေ့စ်ဘွတ်ခ်ကနေ ငွေမရှာနိုင်အောင် ဖေ့စ်ဘွတ်ခ်လုပ်
Facebook က ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို သူ့ပလက်ဖောင်းကိုသုံးပြီး ရုရှားအစိုးရပိုင်မီဒီယာတွေက ကြော်ငြာတွေကနေဖြစ်စေ တခြားနည်းနဲ့ဖြစ်စေ ငွေကြေးရယူတာတွေမလုပ်နိုင်အောင် တားမြစ်လိုက်ပါတယ်။
ရုရှားအစိုးရပိုင်မီဒီယာတွေက ထုတ်လုပ်တင်ဆက်တဲ့ အစီအစဉ်တွေကို အမည်တပ်ဖော်ပြတာမျိုး ဆက်လုပ်မယ်လို့လည်း ပြောပါတယ်။
ရုရှားက အဲဒီလိုမလုပ်ဖို့နဲ့ ရုရှားအစိုးရလိုလားတဲ့ မီဒီယာလေးခုက တင်ဆက်မှုတွေကို လွတ်လပ်တဲ့အချက်အလက်စစ်ဆေးနေတာတွေ မလုပ်ဖို့ တောင်းဆိုတာကိုလည်း ဖေ့စ်ဘွတ်ခ်က ငြင်းခဲ့ပါတယ်။
ရုရှားမီဒီယာထိန်းချုပ်ရေးဌာနက ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဖေ့စ်ဘွတ်ခ်ကို လူတွေ ရယူသုံးစွဲမှုကို တစ်စိတ်တစ်ပိုင်း ကန့်သတ်ခဲ့ပါတယ်။
ရုရှားမှာ မီဒီယာတွေကို ဆင်ဆာလုပ်
ရုရှားမှာ မီဒီယာကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က ရုရှားက ယူကရိန်းကို ဝင်တိုက်တဲ့ သတင်းကိုရေးသားဖော်ပြရာမှာ invasion ကျူးကျော်တိုက်ခိုက်မှုတို့၊ attack ဝင်ရောက်တိုက်ခိုက်မှုတို့ declaration of war စစ်ကြေညာတဲ့လုပ်ရပ်တို့လို ရေးသားဖော်ပြခဲ့တဲ့ သတင်းတွေကို ဖြုတ်ချဖို့ မီဒီယာ ၁၀ ခုကို ညွှန်ကြားခဲ့ပါတယ်။
အဲဒီမီဒီယာတွေထဲမှာ ရုရှားက အစိုးရပိုင်မဟုတ်တဲ့ လွတ်လပ်တဲ့ ထင်ရှားတဲ့ မီဒီယာတိုက်ကြီးတွေဖြစ်တဲ့ Dozhd၊ Ekho Moskvy နဲ့ Novaya Gazeta တို့ပါပါတယ်။
Novaya Gazeta ရဲ့ အယ်ဒီတာချုပ်ဆို မနှစ်က ပူးတွဲ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရထားသူပါ။
ဒီသတင်းဌာနတွေဟာ ရုရှားက ယူကရိန်းမှာ မြို့တွေကို ဗုံးကြဲလို့ အရပ်သားတွေသေဆုံးခဲ့ရတယ်ဆိုပြီး လူမှုရေးအရ အရေးပါတဲ့ သတင်းတွေကို မခိုင်မာတဲ့ အချက်အလက်တွေနဲ့ ဖော်ပြခဲ့တယ်လို့ မီဒီယာကြီးကြပ်ရေးအဖွဲ့က စွပ်စွဲထားပါတယ်။
နယ်စပ်ထွက်ပြေးမယ့် ကားတန်းကြီး မိုင် ဆယ်ချီရှိ
ကြာသပတေးနေ့ကစလို့ အခုအထိ လူပေါင်းတစ်သိန်းလောက် ယူကရိန်းရဲ့ အနောက်ဘက်ခြမ်းက အိမ်နီးချင်းနိုင်ငံတွေထဲ ဝင်ရောက်ခဲ့ကြပါပြီ။ ပိုလန်ကို ရောက်လာကြသူက အများဆုံးဖြစ်ပြီး မနေ့က တစ်နေ့ထဲမှာ ငါးသောင်းလောက်ရှိပါတယ်။ နယ်စပ်မှာရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က နယ်စပ်ကို ဖြတ်ဖို့ စောင့်နေတဲ့ ကားတန်းကြီးက မိုင် ၂၀ ကျော်လောက်ရှိမယ်လို့ ဆိုပါတယ်။ ခြေလျင် လျှောက်လာကြသူတွေလည်း အများကြီးရှိတယ်လို့ ဆိုပါတယ်။ စစ်ပွဲကို ရှောင်ရင်း မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အတူခဏနေဖို့ ထွက်လာကြတာလို့ သိရပါတယ်။
ပိတ်မိနေတဲ့ နိုင်ငံသားတွေကို အိန္ဒိယ ကယ်ဆယ်ရေးလေယာဥ်လွှတ်
အိန္ဒိယက ယူကရိန်းမှာ ပိတ်မိနေတဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီးကို စေလွှတ်လိုက်ပါတယ်။ ဒီကနေ့မှာပဲ အဲယားအင်ဒီးယားလေယာဉ်တစ်စီးဟာ ရိုမေးနီးယားနိုင်ငံမြို့တော် ဘူခါရက်စ်ကို ရောက်လာ ပါတယ်။
ယူကရိန်းကနေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြတဲ့ အိန္ဒိယနိုင်ငံသား ရာနဲ့ချီပြီး အဲဒီကို ရောက်နေကြပါတယ်။
ယူကရိန်းက သူ့လေကြောင်းပိုင်နက်အတွင်း အရပ်ဘက်လေယာဉ်တွေ ဖြတ်သန်းခွင့်ကို ပိတ်ထားပါတယ်။ ဒါကြောင့် အိန္ဒိယက သူ့နိုင်ငံသားတွေကို ဘူခါရက်စ်ရယ် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်ရယ်ကနေ ပြန်ခေါ်ဖို့ စီစဉ်ခဲ့တာပါ။ ယူကရိန်းမှာ တက္ကသိုလ်ကျောင်းသားအများစုဖြစ်တဲ့ အိန္ဒိယနိုင်ငံသား နှစ်သောင်းလောက်ရှိပါတယ်။
သူတို့တွေက ပြန်ခေါ်ပေးဖို့ ဆိုရှယ်မီဒီယာကနေ အိန္ဒိယအစိုးရကို မေတ္တာရပ်ခံခဲ့ကြပါတယ်။ ရုရှားက ယူကရိန်းကို ဝင်တိုက်ခိုက်မှုကို ရှုတ်ချတဲ့အဆိုကို မနေ့က လုံခြုံရေးကောင်စီမှာ မဲခွဲတဲ့အခါ ရုရှားရဲ့ မိတ်ဆွေနိုင်ငံဖြစ်တဲ့ အိန္ဒိယက မဲ မပေးဘဲနေခဲ့ပါတယ်။
ရုရှားမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပိုလန် မကစားတော့ဘူးလို့ပြော
ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ရုရှားနဲ့ မတ်လ ၂၄ ရက်နေ့ မော်စကိုမှာ ကန်ကြဖို့ရှိတဲ့ပွဲကို မကစားတော့ဘူးလို့ ပိုလန်ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ ဒါဟာ ရုရှားက ယူကရိန်းကို ဝင်တိုက်တာကြောင့်ဖြစ်တယ်လို့ ပိုလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ Cezary Kulesz က ပြောပါတယ်။ စကားတွေချည်းပြောနေလို့မဖြစ်ဘူး၊ လုပ်ပြဖို့ အချိန်ရောက်ပြီလို့သူကပြောပြီး ချက်နဲ့ ဆွီဒင်ဘောလုံးအဖွဲ့ချုပ်တွေကိုလည်း အတူတူရပ်တည်ဖို့ တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။
ယူကရိန်းနေ့လယ်ပိုင်းအထိ သိရသမျှ
ဖေဖော်ဝါရီ ၂၆ ယူကရိန်းဒေသ စံတော်ချိန် နေ့လယ် ၁၂ နာရီ နောက်ဆုံးရ အခြေအနေ အကျဉ်းချုပ် အခြေအနေကို ဖော်ပြလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဟာ ရုရှားက သူ့ရဲ့ တောင်ပိုင်းက ယူကရိန်းနိုင်ငံကို စစ်ရေးအရ ထိုးစစ်ဆင်တဲ့ သုံးရက်မြောက်နေ့ ဖြစ်ပါတယ်။
အခုလို သုံးရက်မြောက်နေ့ ဖြစ်ပျက်ခဲ့မှု အကျဉ်းချုပ်ကတော့
• ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညပိုင်းမှာ ယူကရိန်းမြို့တော် ကိယက်ဗ် အတွင်းနဲ့ အနီးအနားမှာ တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိခဲ့ပြီး မြို့တွင်း အဓိက လမ်းမတခုမှာအခြေစိုက်ထားက ယူကရိန်းတပ်စခန်းက လာရောက်တိုက်ခိုက်တဲ့ ရုရှားတပ်တွေကို တွန်းလှန်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
• မြို့တော် ကိယက်ဗ်အတွင်းက လူနေအိမ် တိုက်ခန်းတွဲကြီးတခုကို လက်နက်ကြီး ထိမှန်ခဲ့ပြီး အပျက်အစီး များခဲ့တာကို တွေ့ ရပါတယ်။
• ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ ယူကရိန်း သမ္မတ ဇလန်းစကီးက မြို့တော်အတွင်းက အထင်ကရ နေရာတွေကို ရုပ်သံ ရိုက်ထားတဲ့ ဗီဒီယိုကို အင်တာနက်ပေါ်တင်ခဲ့ပါတယ်။ သူက ယူကရိန်းတပ်ဖွဲ့တွေကို လက်နက်ချဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကိုလည်း ငြင်းဆိုခဲ့ပြီး ယူကရိန်းနိုင်ငံဟာ ကိုယ့်အရေးကို ကိုယ်တိုင်ကာကွယ်သွားမယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။
• ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက မယ်လစ်တိုပိုးမြို့ကို ထိန်းချုပ်နိုင်ပြီလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပေမဲ့ ဒီကြေညာချက်ကို သံသယရှိတယ်လို့ ယူကေနိုင်ငံက အစိုးရဝန်ကြီးတဦးက ဘီဘီစီကို ပြောပါတယ်။
• ယူကေနိုင်ငံ စစ်တပ်ဖွဲ့ ဆိုင်ရာ ဝန်ကြီးတဦးဖြစ်တဲ့ ဂျိမ်းစ် ဟီပေက ယူကေနဲ့တကွ နောက်ထပ် ၂၅ နိုင်ငံက ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ သဘောတူထားတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
• လက်ရှိ ယူကရိန်းကို ရုရှားက ထိုးစစ်ဆင်မှု ကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ယူကရိန်းနိုင်ငံသား ၁၉၈ ဦး သေဆုံးထားပြီး လူ တထောင်ကျော် ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။
• ပိုလန်နိုင်ငံက လာမယ့် မတ်လမှာ ရုရှားဘောလုံးအသင်းနဲ့ မော်စကိုမှာ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပိုလန်ဘောလုံးအသင်းကို စေလွှတ်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။
· ကုလသမဂ္ဂက ယူကရိန်းနိုင်ငံကနေ ပြည်ပကို ထွက်ပြေးသူ ဒုက္ခသည် ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ တသိန်းလောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ယူကရိန်းနိုင်ငံသားတွေ နယ်စပ်ဒေသတွေကို ထွက်ပြေးနေရ
ဖေဖော်ဝါရီ ၂၆ ရက်နေ့ ယူကရိန်းဒေသ စံတော်ချိန် မနက် ၁၁ နာရီ ဘီဘီစီ သတင်းပေးပို့ချက်တွေအရ ယူကရိန်းနိုင်ငံသားတွေဟာ နိုင်ငံနယ်နမိတ်ပတ်လည်က နယ်စပ်ဒေသ အသီးသီးကို စွန့် ခွာ ထွက်ပြေးနေရပါတယ်။
နယ်စပ်ဒေသက မြို့ ရွာတွေ ဖြစ်တဲ့ ပလန်ကာ၊ စီရက်၊ ဘိုတိုစာနီ၊ ဘရက်ဆူရာညီနဲ့ မက်ဒီကာ ဒေသတွေကို အခုလို ထွက်ပြေးနေရတာ ဖြစ်ပြီး ဒီလို ဒေသတွေဟာ ယခင်က ခရီးဝေး ကုန်တင်ကားမောင်းသူတွေ အကြားမှာပဲ လူသိများတဲ့ ဒေသတွေလို့ ဆိုပါတယ်။
အခုအချိန်မှာတော့ အဲဒီဒေသတွေဟာ ဥရောပ ကြုံရမယ့် ယူကရိန်းစစ်ပြေးဒုက္ခသည် ပြဿနာသစ်ကို ဖြေရှင်းရာမှာ မှတ်သားထားရမယ့် နယ်မြေ နေရာတွေ ဖြစ်လာပြီ ဖြစ်ပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေက အဲဒီ ဒုက္ခသည်တွေကို ကူညီရာမှာ ဘယ်လောက် အရေအတွက်အထိ လူတွေ ထွက်ပြေးကြသလဲ ဆိုတာ အပါအဝင် ခြေကျင်၊ ကား၊ ရထား အစရှိသဖြင့် ဘယ်လို သယ်ယူပို့ဆောင်ရေး လမ်းကြောင်းက ထွက်ပြေးလာသလဲ ဆိုတာတွေကို အတိအကျ မသိနိုင်သေးလို့ အခက်တွေ့ နေရပါတယ်။
ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ အနေနဲ့ အမှိုက်ထည့်တဲ့ ပလစ်စတစ် အိတ်တွေထဲကိုပဲ အဝတ်အစား၊ စာရွက်စာတမ်း၊ ငွေကြေး အစရှိတာတွေ အလျင်အမြန်ထည့်လာ ကြရတယ်လို့ အဲဒီဒုက္ခသည်တချို့က ဘီဘီစီကို ပြောပါတယ်။
အခုလို ပစ္စည်းတွေ ထည့်နေတဲ့ အချိန်မှာပဲ လက်နက်ကြောင့်ဖြစ်နိုင်တဲ့ ပေါက်ကွဲသံတွေနဲ့ တကွ ထွက်လာတဲ့ မီးတောက်တွေကိုပါ မြင်ရတယ်လို့ ဒီဒုက္ခသည်တချို့က ဘီဘီစီကို ပြောကြပါတယ်။
ကုလသမဂ္ဂကတော့ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ယူကရိန်းနိုင်ငံကနေ ပြည်ပကို ထွက်ပြေးသူ ဒုက္ခသည် တသိန်းလောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြည်တွင်းမှာလည်း ဘေးလွတ်ရာ ထွက်ပြေးရသူ သိန်းဂဏန်းရှိနိုင်ပြီး အဲဒီ ယူကရိန်းပြည်သူတွေ အနေနဲ့လည်း စစ်ရေးနဲ့ သံတမန်ရေးရာ အခြေအနေတွေကြည့်ပြီး ပြည်တွင်းမှာ ဆက်နေသင့် မနေသင့် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။