လုယက်သူတွေကို မဖမ်းဘဲ ပိုကီမွန်ဖမ်းခဲ့တဲ့ ရဲတွေ အလုပ်ထုတ်ခံရ

ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ္စမြို့က ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကို လုယက်ပြီးထွက်ပြေးတဲ့ သူတွေကို လိုက်မဖမ်းဘဲ ပိုကီမွန်ပဲ လိုက်ဖမ်းနေလို့ဆိုပြီး တာဝန်ကနေ ရပ်စဲခဲ့တာကို တရားရုံးရဲ့ စာရွက်စာတမ်းတွေထဲမှာ တွေ့ရပါတယ်။

အဲဒီ ရဲတွေဆီကို လုယက်မှု ဖြစ်ပွားကြောင်း ရေဒီယိုက သတင်းဝင်လာချိန်မှာ သူတို့ ရဲကားဟာလည်း အခင်းဖြစ်တဲ့ နေရာအနီးမှာ ရပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ ကားကင်မရာ ထဲက ရိုက်ထားတဲ့ မှတ်တမ်းတွေအရ အဲဒီတုန်းက ရဲတွေဟာ ပိုကီမွန် ဂိုးကို ကစားနေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ သူတို့ဟာ လုယက်သူတွေကို လိုက်မဖမ်းခဲ့ဘဲ အဲဒီအနားမှာ အင်မတန် ဖမ်းရခက်တဲ့ Snorlax အကောင်ကို ဖမ်းမိဖို့ပဲ ကြိုးစားခဲ့ကြပါတယ်။

ရဲ နှစ်ယောက်စလုံးက ဒါနဲ့ ပတ်သက်လို့ ငြင်းဆိုခဲ့ကြပေမယ့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က အထုတ်ခံခဲ့ရပါတယ်။

ပုံရိပ်ကမ္ဘာထဲက အကောင်လေးများ

ဒီအတွက်သူတို့ရဲ့ အယူခံတင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဒီကိစ္စနဲ့ ပတ်သက်တဲ့ မကြာသေးခင်က စာရွက်စာတမ်း တွေကို Axios က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရဲ နှစ်ယောက်ဟာ ရေဒီယိုက အကူပေးဖို့ ခေါ်တာကို မတုံ့ပြန်ဘဲ နေခဲ့ကြပြီး နောက်ထပ် မိနစ် ၂၀ လောက်အတွင်းမှာလည်း ပိုကီမွန်အကောင်ဖမ်းဖို့ပဲ ပြောနေခဲ့ကြပြီး သူတို့ မိုဘိုင်းလ်ဖုန်းထဲမှာ အဲဒီ ပုံရိပ်ယောင် အကောင်လေး ပေါ်နေတယ်ဆိုတဲ့ နေရာတွေကိုပဲ မောင်းသွားခဲ့ကြတယ်လို့ စာရွက်စာတမ်းတွေထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က Macy's ကုန်တိုက်ကြီးမှာ လုယက်မှု ဖြစ်ပွားခဲ့စဥ်မှာ ရဲ အရာရှိတွေ ဖြစ်ကြတဲ့ Louis Lozano နဲ့ Eric Mitchell တို့ ကားနဲ့ ပတ္တရောင် လှည့်နေချိန် ဖြစ်ပါတယ်။

နောက် ရဲအရာရှိ တယောက်ဖြစ်တဲ့ Capt Davenport ကတော့ အကူအညီခေါ်မှုကို တုံ့ပြန်ပြီး ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ အခင်းဖြစ်တဲ့ နေရာအနီးက လမ်းကြားမှာ ရဲကားတစင်းရပ်ထားတာကို တွေ့ခဲ့ရတယ်လို့ စာရွက်စာတမ်းတွေထဲမှာ ဖော်ပြထားပါတယ်။

ဒီ အနီးမှာ ရှိနေတဲ့ ရဲတွေက ဘာမှ မလုပ်ဘဲ နေခဲ့ကြပါတယ်။ Capt Davenport ကူညီဖို့ ရောက်သွားချိန်မှာ အဲဒီ ရဲကားဟာ ရပ်ထားတဲ့ နေရာကနေ နောက်ဆုတ်ပြီး မောင်းထွက်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

အဲဒီ ရဲ အရာရှိ နှစ်ယောက်က သူတို့ကို အကူအညီခေါ်ခဲ့တဲ့ ရဲတပ်ကြပ်ကြီးကိုလည်း အဲဒီ အကူအညီတောင်းသံကို သူတို့ မကြားခဲ့ဘူးလို့ ပြောခဲ့ကြပါတယ်။

Snorlax ဟာ ပရိတ်သတ်တွေရဲ့ အချစ်တော် အကောင်လေးဖြစ်ပြီး ဂိမ်းတိုင်းလိုလိုမှာ ပါတတ်

ဒါပေမဲ့ ကားကင်မရာထဲက ရိုက်ထားတဲ့ မှတ်တမ်းဗီဒီယိုအရတော့ သူတို့ နှစ်ယောက်ဟာ ဒီအကူအညီတောင်းတဲ့ ကိစ္စအပေါ် ဆွေးနွေးခဲ့ကြပြီး မတုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

အဲဒီလို ကူညီရမယ့် အစား နောက် ၅ မိနစ်လောက် အကြာမှာ သူတို့ နှစ်ယောက်ဟာ ပိုကီမွန် ဖမ်းဖို့ ကိစ္စကို ပြောနေခဲ့ကြတာကို ကြားရပါတယ်။

ရဲအရာရှိ Mitchell က ကျန်အရဲအရာရှိ Lozano ကို Snorlax အကောင်လေး ၄၆ လမ်းနဲ့ Leimert လမ်းဆုံမှာ ပေါ်လာတဲ့ အကြောင်း ပြောခဲ့တယ်လို့ စာရွက်စာတမ်းတွေထဲမှာ တွေ့ရပါတယ်။

အဲဒီနောက် သူတို့ နှစ်ယောက်ဦး မိနစ် ၂၀ ကြာ ဂိမ်း ကစားဖို့ တိုင်ပင်ရင်းနဲ့ အဲဒီ အကောင်လေး ပေါ်တဲ့ နေရာဘက်ကို ထွက်သွားခဲ့ကြပါတယ်။ သူတို့ အချင်းချင်း ဒီ Snorlax ကို ဘယ်လို ရအောင်ဖမ်းကြမလဲ တိုင်ပင်နေကြတာနဲ့ တခြား ပိုကီမွန် အကောင်လေး ဖြစ်တဲ့ Togetic က ဘယ်လောက် ဖမ်းရခက်တယ် စသည်ဖြင့် ပြောနေခဲ့ကြပါတယ်။

ရဲအရာရှိ Mitchell က တခြားလူတွေသိရင်တော့ တော်တော် မနာလို ဖြစ်ကြမှာပဲလို့တောင် ပြောခဲ့ပါသေးတယ်။

အပို ပတ္တရောင် တာဝန်

အရာရှိနှစ်ယောက်စလုံးက သူတို့ တာဝန်ချိန်မှာ ဂိမ်းကစားနေခဲ့ကြတယ်ဆိုတာကို ငြင်းဆိုခဲ့ကြပါတယ်။ စုံစမ်းစစ်ဆေးခဲ့တဲ့ အရာရှိကို ရဲအရာရှိ Mitchell က သူတို့ တွေက အဲဒီအကောင်ဖမ်းတဲ့ အဖွဲ့က လူတွေ သူတို့ ရတဲ့ အမှတ်တွေကို ကြွားထားတာကို အသံထွက် ဖတ်နေခဲ့ကြတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်ဆေးရေး အရာရှိ Det McClanahan ကတော့ သူတို့ အဖြေတွေဟာ မှန်ကန်မှု မရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း တရားရုံး စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

ဘုတ်အဖွဲ့ရဲ ကြားနာမှုအရ နှစ်ယောက်စလုံးမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

- လုယက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရေးမှာ ကူညီဖို့ ပျက်ကွက်ခြင်း

- မဟုတ်မမှန် ထွက်ဆို ပြောကြားခြင်း

- ရေဒီယိုက အကူအညီတောင်းလာတာကို ပြန်လည် မတုံ့ပြန်ခဲ့ခြင်း

- တာဝန်ချိန်မှာ ပိုကီမွန် ဂိုး ကစားနေခဲ့ခြင်း

- စုံစမ်းစစ်ဆေးမှုအတွင်း မမှန်မကန် ထွက်ဆိုခြင်း

တို့ကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

ရဲ နှစ်ယောက်စလုံးက သူတို့ဟာ Snorlax ကို ရှာဖို့ တာဝန်ချထားတဲ့ ခြေလျင် ပတ္တရောင်လှည့် ဧရိယာကနေ ထွက်သွားခဲ့တာကို ဝန်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက်စလုံးဟာ ဒီအကောင်ရှာရင်းနဲ့ အချိန်ပို ပတ္တရောင်လှည့်ခဲ့တာပါလို့ ပြောခဲ့ကြောင်း တရားရုံးက ဆိုပါတယ်။

သူတို့ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒီလို ကားထဲမှာ ထားတဲ့ ကင်မရာတွေဟာ ကိုယ်ရေးကိုယ်တာ ပြောစကားမျိုးတွေကို မှတ်တမ်းယူဖို့ မဟုတ်ကြောင်းနဲ့ အဲဒီ ရရှိထားတဲ့ မှတ်တမ်း ဗီဒီယိုတွေကိုလည်း သက်သေခံ အထောက်အထားအဖြစ် အသုံးပြုဖို့ မသင့်ကြောင်း တင်ပြ ခဲ့ကြပေမယ့် ပယ်ချခံခဲ့ရပါတယ်။

အဲဒီကိစ္စအတွက် တရားရုံးအထိ တက်ခဲ့ကြပေမယ့် သူတို့ အမှုကို လက်မခံဘဲ ပယ်ချခံခဲ့ရပါတယ်။

အယူခံ ခုံရုံးကို တင်တဲ့ အခါမှာလည်း အရင် ရဲနှစ်ယောက်ရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရတာမျိုး မရှိခဲ့ပါဘူးဆိုပြီး ဒီအမှုကို ပယ်ချခဲ့ပြန်ပါတယ်။