လီယိုနာဒို ဒီကက်ပရီယိုကို ဂုဏ်ပြုပြီး သစ်ပင်သစ်အမည်ပေး

    • ရေးသားသူ, ဟယ်လန် ဘရစ္စ
    • ရာထူးတာဝန်, သိပ္ပံသတင်းထောက်
  • ရေးသားခဲ့သည်။

ယူကေက Kew မှာ ရှိတဲ့ တော်ဝင် ရုက္ခဗေဒ ဥယျာဥ်က သိပ္ပံပညာရှင်တွေက သစ်ပင်သစ် တမျိုးကို လီယိုနာဒို ဒီကက်ပရီယို ကို ဂုဏ်ပြုပြီး အမည်ပေးလိုက်ကြပါတယ်။ မုတ်သုန်သစ်တောတွေ မပြုန်းတီးစေဖို့ ကူညီပံ့ပိုးပေးတဲ့ ဟောလီးဝုဒ် မင်းသားရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသစ်ပင်ရဲ့ တရားဝင် အမည်ကတော့ Uvariopsis dicaprio လို့ ခေါ်ပါတယ်။ အဲဒီ သစ်ပင်ဟာ အပင်နဲ့ တိရစ္ဆာန်မျိုးစုံ အင်မတန်ပေါများတဲ့ ကင်မရွန်း သစ်တောထဲမှာပဲ ပေါက်ရောက်တာ ဖြစ်ပါတယ်။

Kew ရဲ့ Dr Martin Cheek ကတော့ ဒီကက်ပရီယိုဟာ Ebo Forest ထဲက အပင်ကြီးတွေ ခုတ်နေကြတာကို ရပ်တန့်သွားအောင် ကြိုးပမ်းကြရာမှာ အရေးပါတဲ့ နေရာက ပါဝင်ခဲ့တယ်လို့ သူတို့ သိပ္ပံပညာရှင်တွေက ယူဆခဲ့ကြကြောင်း ပြောပါတယ်။

Ebo Forest ရဲ့ တော်တော်ကျယ်တဲ့အစိတ်အပိုင်း တချို့ကို ခုတ်ထွင်ခွင့် ပေးဖို့ စီစဥ်နေတယ်ဆိုတဲ့ သတင်းကို ကြားခဲ့ရတဲ့ အခါ သိပ္ပံပညာရှင်တွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ တော်တော် တုန်လှုပ်သွားခဲ့ကြရပါတယ်။

Ebo Forest ဟာ အာဖရိက အလယ်ပိုင်းက လူသူ အရောက်အပေါက်နည်းတဲ့ အကြီးဆုံး မုတ်သုန်တောကြီးတွေထဲက တခုလည်းဖြစ်ပါတယ်။ ဒီတောကြီးထဲမှာ Banen လို့ ခေါ်တဲ့ လူမျိုးစုတွေ နေထိုင်ကြသလို ရှားပါး တိရစ္ဆာန်တွေနဲ့ အပင်တွေလည်း ရှိပါတယ်။ မျိုးသုဥ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျောက်ဝံကြီးတွေ၊ ချင်ပန်ဇီ တွေနဲ့ ဆင်ရိုင်းတွေ အများအပြား ရှင်သန် ကျက်စား နေကြတဲ့ သစ်တောကြီး ဖြစ်ပါတယ်။

အဲဒီ အစီအစဥ်အကြောင်း ကြားပြီးနောက်မှာ နိုင်ငံတကာက ကျွမ်းကျင်သူ ပညာရှင်တွေက အဲဒီသစ်တောကြီးထဲက ပျောက်ကွယ်သွားနိုင်တဲ့ တန်ဖိုးရှိလှတဲ့ တိရစ္ဆာန်နဲ့ အပင်တွေအကြောင်း အထောက်အထားတွေနဲ့ အတူ အစိုးရဆီ စာရေး တင်ခဲ့ကြပါတယ်။ ဒီအကြောင်းကို မင်းသား ဒီကက်ပရီယိုက ကြားပြီး ပရိတ်သတ် သန်းပေါင်း များစွာရှိတဲ့ သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ပေးလိုက်တဲ့ အခါမှာတော့ ဒီ လှုပ်ရှားမှုက အရှိန်ကောင်းသည်ထက် ကောင်းသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အစိုးရဘက်ကလည်း ခုတ်ထွင်ခွင့် ပြုမယ့် အစီအစဥ်တွေကို ရုပ်သိမ်းပစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီသစ်တောကြီးကို အမျိုးသား ဥယျာဥ်အဖြစ် သတ်မှတ်တာမျိုးတော့ မလုပ်သေးပါဘူး။

Dr Martin Cheek က လောလောဆယ်တော့ စိတ်အေးရတာပေါ့လို့ ဆိုပါတယ်။

ဒီကက်ပရီယို သစ်ပင်ဟာ Kew သိပ္ပံပညာရှင်တွေ ၂၀၂၂ အတွင်း ပထမဆုံး အမည်ပေးခဲ့တဲ့ အပင်သစ် တမျိုး ဖြစ်ပြီး သိပ္ပံစာစောင် PeerJ ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အမြဲစိမ်း အပူပိုင်း သစ်ပင်ငယ် တမျိုးဖြစ်ပြီး ပင်စည်မှာ အဝါရောင်စိုစို ပန်းပွင့်တဲ့ အပင်ဖြစ်ပါတယ်။ ylang ylang အပင်မျိုးတွေထဲက တခု ဖြစ်ပြီး အဲဒီ သစ်တောကြီးထဲမှာတောင်မှ နေရာကျဥ်းကျဥ်းလေး တခုမှာပဲ တွေ့ရတဲ့ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေရတဲ့ အပင်မျိုးစိတ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းက Kew က သိပ္ပံပညာရှင်တွေနဲ့ သူတို့နဲ့ တွဲဖက်လုပ်ကိုင်ကြသူတွေက ကမ္ဘာတဝန်းက အပင်နဲ့ မှိုမျိုးစိတ်ပေါင်း ၂၀၀ ကျော်ကို တရားဝင် ရုက္ခနာမ တွေ ပေးခဲ့ကြပါတယ်။ အဲဒီထဲမှာ သစ်တောကြီးထဲမှာပဲ တွေ့ရတဲ့ ပန်းရောင် လီလီ လည်း ပါဝင်သလို သြစတေးလျက အင်းဆက်ပိုးတွေကို ဖမ်းစားတဲ့ ဆေးရွက်ကြီးပင်နဲ့ မာဒါဂါးစကား ကျွန်းမှာ တွေ့ရတဲ့ အမှောင်ထဲမှာ ရှင်သန်တဲ့ ကြယ်သဏ္ဍာန် ပန်းတွေပွင့်တဲ့ သစ်ခွပင်လည်း ပါဝင်ပါတယ်။ အဲဒီ မျိုးစိတ်သစ်တွေထဲက တချို့ဟာ ပျောက်ကွယ်သွားပြီ ဖြစ်သလို တော်တော်များများဟာလည်း တောပြုန်းတီးမှု၊ မြေရှင်းလင်းမှုနဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် ဒီ ပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

မာဒါဂါးစကားမှာ တွေ့ခဲ့တဲ့ သစ်ခွမျိုးသစ် ၁၆ မျိုးထဲမှာ ၃ မျိုးဟာ သူတို့ ရှင်သန်ရာ နေရာတွေ ဖျက်ဆီးခဲ့ရလို့ ပျောက်ကွယ်သွားပြီလို့ ယူဆထားကြပါတယ်။ အဲဒီထဲက တမျိုးကတော့ ဆီမွှေးထုတ်ဖို့ အတွက် သူရှင်သန် ပေါက်ဖွားတဲ့ သစ်တောကို ခုတ်ထွင်ရှင်းလင်း ခဲ့တာကြောင့် ပျောက်ကွယ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဥရောပတိုက်က ဆီမွှေးနဲ့ ရနံ့ပေးကုသတဲ့ လုပ်ငန်းတွေမှာ သုံးဖို့ အဲဒီနေရာမှာ ရေမွှေးပန်းပင်လို အပင်တွေစိုက်ပြီး ဆီမွှေးထုတ်ကြတာ ဖြစ်ပါတယ်။

နောက်ပြီး ကွန်ဂိုက ကက်တန်ဂါမှာ တွေ့ရဲ့ Cape လို့ ခေါ်တဲ့ အဝါဖျော့ရောင် ပန်းပင် တမျိုးဟာလည်း ကြေးနီသတ္တုတူးဖော်မှုတွေကြောင့် ပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဘယ်မျိုးစိတ် သစ်ကိုမဆို သိပ္ပံအမည်မပေးမချင်း သူ့ရဲ့ မျိုးသုဥ်းပျောက်ကွယ်မယ့် အန္တရာယ်ကို တိုင်းတာသိရှိနိုင်ဖို့ ဟာ မဖြစ်နိုင်သလောက်ကိုခက်ခဲတာကြောင့် သူ့ကို ပျောက်ကွယ်မသွားအောင် ကာကွယ်ဖို့ဆိုတာက ပိုပြီးတောင် ခက်ခဲသွားပါတယ်။

Dr Martin Cheek ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ အတွင်း အရင်က မသိမမြင်ခဲ့ကြတဲ့ အံ့သြစရာကောင်းတဲ့ မျိုးစိတ်သစ်တွေ အများအပြား တွေ့ရှိခဲ့တာတွေကြောင့် အရင် မတွေ့ဖူးသေးတဲ့ မျိုးစိတ်တွေကို ရှာဖွေ ဖော်ထုတ်၊ အမည်ပေးပြီး မပျောက်ကွယ်သွားအောင် ကာကွယ်ဖို့ လူသားတွေအတွက် နောက်ဆုံး အခွင့်အရေးဆိုတာကို သတိပေးနေတာလို့ ဆိုပါတယ်။

အပြင်လောကကြီးထဲမှာ လူသားတွေ မသိသေးတဲ့ အပင်မျိုးစိတ် ထောင်သောင်းချီပြီး ရှိနေနိုင်သလို မှိုမျိုးစိတ်ပေါင်း သန်းပေါင်းများစွာ ကျန်နေနိုင်သေးတယ်လို့ သူက ဆိုပါတယ်။

ဒီအပင်တွေ ပေါက်ဖွား ရှင်သန်နေတဲ့ သစ်တောတွေလို စားကျက်မြေတွေဟာ ဒီနေရာတွေမှာ ဘာတွေများ ရှိနိုင်မလဲဆိုတာကို မသိကြတဲ့ လူသားတွေရဲ့ ဖျက်ဆီးမှုတွေကြောင့် အရှိန်ကောင်းကောင်းနဲ့ ပျက်စီး ပျောက်ကွယ်လာနေရပြီလို့ Dr Martin Cheek က ပြောပါတယ်။