ကြီးဒေါ်ကြီးတွေ၊ ဒိတ်တင်းအက်ပ်တွေ မကယ်နိုင်တဲ့ အဆုံး ဆိုင်းဘုဒ်ထူပြီ

အက်ဖ်အေဖြစ်ကြောင်း ကြော်ငြာဆန်း

ဓာတ်ပုံ ရင်းမြစ်, MUHAMMAD MALIK

ဓာတ်ပုံ ပုံစာ, အက်ဖ်အေဖြစ်ကြောင်း ကြော်ငြာဆန်း
ရေးသားခဲ့သည်။

လန်ဒန်နဲ့ ဘာမင်ဂမ်မြို့ကြီးတွေမှာ မြင်ရသူတွေ အတွက် ပြုံးစိစိ ဖြစ်စေတဲ့ ဧရာမ ဘီလ်ဘုဒ်ကြီးတွေ ရှိနေပါတယ်။ "ဒီလူ အတည်ပြောတာလား" ဆိုပြီးတော့လည်း အတွေးရောက်စေတဲ့ အဲဒီ ကြော်ငြာ ဆိုင်းဘုဒ်တွေကတော့ ပစ္စည်းရောင်းဖို့ ကြော်ငြာတာ မဟုတ်ပဲ လူကို အစွံထုတ်ဖို့ ကြော်ငြာတဲ့ ကိုလူပျိုရဲ့ ကြော်ငြာဆိုင်းဘုဒ်တွေပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ အသက် ၂၉ နှစ် အရွယ် လူပျိုကြီး အရွယ်ထဲ မျက်စောင်းထိုး ဝင်လာပြီ ဖြစ်တဲ့ မိုဟာမက် မာလစ်က ဇနီးလောင်း ရှာဖွေနေကြောင်း ဘီလ်ဘုဒ်ကြီးတွေ ထောင်ပြီး ကြော်ငြာမောင်းခတ် ထားတာ ဖြစ်ပါတယ်။

အခုခေတ် ဖေ့စ်ဘုတ်ပေါ် မြန်မာယူဇာတွေ ပြောတဲ့ စကားလုံးနဲ့ဆိုရင် သူဟာ အက်ဖ်အေ ဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကို တစ်နည်းတစ်လမ်း ကြော်ငြာတာပါ။

မိဘတွေ စပ်ဟပ်ပေးစားတာ ခံရတဲ့ အဖြစ်ကနေ ကယ်ပေးကြပါ ဆိုပြီး သူက ရေးထားပါတယ်။

အဖေ၊ အမေက ကောင်းရာမွန်ရာ ရှာဖွေ စပ်ဟပ်ပြီး ပေးစားကြတဲ့ ထုံးတမ်းစဥ်လာကို သူ့ အနေနဲ့ ဆန့်ကျင်တာမျိုး မဟုတ်ပေမဲ့၊ ကိုယ့်စွမ်းကိုယ်စနဲ့ ဇနီးလောင်းကို တွေ့ချင်လို့ ကြောငြာ ဆိုင်းဘုဒ် ထူရကြောင်း ကိုမာလစ်က ဆိုပါတယ်။

အရင်တုန်းက ကြိုးစား ရှာဖွေသမျှ မစွံခဲ့ရတော့ အခုလို ဆိုင်းဘုဒ်တွေ ထူရတာ ဖြစ်တယ်လို့ ကိုမာလစ်က ရင်ဖွင့်ပါတယ်။

အခြေအနေကောင်းလာမလား မျှော်လင့်ပြီး အခုလို ဆိုင်းဘုဒ်ထူတဲ့ နည်းနာ ပြောင်းရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူဟာ ဇနီးလောင်း တွေ့နိုင်ဖို့ သီးသန့် ဝက်ဘ်ဆိုက် တစ်ခုလည်း ထောင်ထားပါတယ်။ findmalikawife.com ပါတဲ့။ ဆိုင်းဘုဒ်ပေါ် အထင်းသား တွေ့နိုင်ပါတယ်။

ဒီဆိုင်းဘုဒ်တွေ ထူပြီး ကတည်းက ရက်ပိုင်းမှာပဲ ဝက်ဘ်ဆိုက်ကို လှမ်းပြီး ပို့တဲ့ စာတွေ ရာနဲ့ချီ ရတယ်လို့ ကိုမာလစ်က ဝမ်းသာအားရ ပြောပါတယ်။ ဒါပေမယ့် စာအားလုံးကို တစ်စောင်ချင်း အသေအချာ ဖတ်ဖို့ အချိန်မရသေးဘူး။ သေချာ အချိန် သတ်သတ်မှတ်မှတ် ထားပြီး ဖတ်ရမယ်လို့ ဆိုပါတယ်။

ကြီးဒေါ်ကြီးတွေ၊ ဒိတ်တင်းအက်ပ်တွေက မကယ်နိုင်သူ

ဓာတ်ပုံ ရင်းမြစ်, MUHAMMAD MALIK

ဓာတ်ပုံ ပုံစာ, ကြီးဒေါ်ကြီးတွေ၊ ဒိတ်တင်းအက်ပ်တွေက မကယ်နိုင်သူ

မိုဟာမက်မာလစ်ဟာ အလုပ်အကိုင် ကောင်းသူပါ။ လန်ဒန်မှာ နေပြီး ဘဏ်တစ်ခုရဲ့ အတိုင်ပင်ခံ အကြံပေး တစ်ယောက် အဖြစ် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။

"ကျွန်တော်ဟာ ပါကစ္စတန်နွယ်ဖွားပါ။ ဒီတော့ သိကြတဲ့ အတိုင်း ဇနီးလောင်း ရှာဖွေရေးရဲ့ အခရာဟာ ကြီးဒေါ်ကြီးတွေ ဖြစ်ပါတယ်။ ဒီအာဏာကို အစဥ်အလာအရ အဖေ၊ အမေတို့ရဲ့ ညီမ၊ အစ်မတွေ ဖြစ်တဲ့ ကြီးဒေါ်ကြီးတွေက ချုပ်ကိုင်ထားကြပါတယ်။ အဲဒီနည်းဟာ ကျွန်တော့် အတွက် အစဥ်မပြေခဲ့ပါဘူး" လို့ ကိုမာလစ်က ဆိုပါတယ်။

လက်တွဲဖော်ရှာရာမှာ ခေတ်စားကြတဲ့ ဒိတ်တင်းအက်ပ် တွေကိုလည်း သူသုံးခဲ့ပါသေးတယ်တဲ့။ အဲဒါတွေကနေတဆင့် အကြိမ်ရေတချို့ ဒိတ်ထွက်ခဲ့ပေမယ့်လည်း အတည်အတံ့ အဆင့်ထိ ရောက်မလာခဲ့ပါဘူး။

နောက်ဆုံး သူငယ်ချင်းတစ်ယောက် ပြောလာတဲ့ "ဟကောင်ရ၊ မင်းကိုမင်း ကြော်ငြာဖို့တော့ လိုနေပြီ" ဆိုတဲ့ စကားကို ကိုမာလစ် လိုက်နာခဲ့တာ ဖြစ်ပါတယ်။

"အခုထက်ရော ဘာပိုပြီး ဆိုးသွားဦးမှာလဲ" ဆိုပြီး ကြော်ငြာ ဘီလ်ဘုဒ်ကြီးတွေ ထောင်တော့တာပါပဲ။ အခု ဇန်နဝါရီ လလယ် ၁၄ ရက်နေ့ အထိ ကိုမာလစ်ရဲ့ "သူ့ကိုကယ်ကြပါ" ဆိုတဲ့ ကြော်ငြာဆိုင်းဘုဒ်ကြီးတွေ လန်ဒန်နဲ့ ဘာမင်ဂမ်မြို့ကြီးတွေမှာ ရှိနေမှာ ဖြစ်ပါတယ်။

"မိဘတွေက အစကတော့ မကြိုက်ဘူး၊ အမေ့ကို ချော့မော့ပြီး ပြောခဲ့ရတယ် " လို့ ကိုမာလစ်က ဆိုပါတယ်။

ဘယ်လို ဇနီးလောင်းမျိုးနဲ့ တွေ့ချင်တာလဲ ဆိုတဲ့ မေးခွန်းကိုတော့ "မွတ်ဆလင်ထဲကပဲ၊ ကျွန်တော့် မိသားစုရဲ့ ပစိပစပ်ဒဏ် ခံနိုင်မယ့် သူမျိုးပေါ့ဗျာ" လို့ ကိုမာလစ်က တုန့်ပြန်ပါတယ်။