စပိုင်ဒါမန်းကားသစ် ကပ်ရောဂါကာလအတွင်း ၀င်ငွေအများဆုံးရ ဇာတ်ကားဖြစ်လာ

စပိုင်ဒါမန်း No Way Home ရုပ်ရှင်မှ ဇာတ်၀င်ခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Sony Pictures

ရေးသားခဲ့သည်။

စပိုင်ဒါမန်းဇာတ်လမ်းတွဲထဲက နောက်ဆုံးရုပ်ရှင်ကားဖြစ်တဲ့ No Way Home ဇာတ်ကားဟာ ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်း ရုံတင်တဲ့ ဇာတ်ကားတွေထဲမှာ ဒေါ်လာသန်းတစ်ထောင်ကျော်၀င်ငွေရတဲ့ ပထမဆုံး ဇာတ်ကားဖြစ်လာပါတယ်။

ဒီကားဟာ ၂၀၂၁ ခုနှစ်အတွင်း၀င်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

သူ့မတိုင်ခင်ကတော့ တရုတ်က ရိုက်ကူးထုတ်လုပ်တဲ့ ကိုရီးယားစစ်ပွဲဇာတ်ကား The Battle of Lake Changjin က ကမ္ဘာတ၀န်းရုံတင်ပြသမှုတွေကနေ ဒေါ်လာသန်း ၉၀၀ ကျော်နဲ့ အများဆုံးရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဒီဘက်နှစ်တွေမှာ ဒေါ်လာသန်းတစ်ထောင်ကျော်၀င်ငွေရထားတဲ့ နောက်ဆုံးကားကတော့ ၂၀၁၉ ခုနှစ်က ရုံတင်ခဲ့တဲ့ Star Wars: The Rise of Skywalker ဖြစ်ကြောင်း မီဒီယာသတင်းအချက်အလက်တွေစုစည်းတင်ပြတဲ့ Comscore က ထုတ်ပြန်ထားပါတယ်။

ဟောလီးဝုဒ်ကထုတ်တဲ့ တခြားဘယ်ရုပ်ရှင်ကားကမှ ကိုဗစ်ကပ်ရောဂါစတင်ခဲ့တဲ့ နှစ်နှစ်အတွင်း ဒီလောက်၀င်ငွေရခဲ့တာမျိုးမရှိပါဘူး။

ဆိုနီနဲ့ ဒစ္စနီကုမ္ပဏီတွေပူးပေါင်းထုတ်လုပ်တဲ့ ဒီဇာတ်ကားဟာ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲအသစ် အိုမီခရွန်က ကမ္ဘာကို စတင်ပျံ့လာနေပြီး ရုပ်ရှင်ရုံလို့ အခန်းတွင်းပြသရတဲ့ ပွဲတွေအတွက် စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ စပြီး ရုံတင်လို့ နှစ်ပတ်အတွင်း ၀င်ငွေစံချိန်ချိုးခဲ့တာဖြစ်ပါတယ်။

ဒါတောင် ဒီဇာတ်ကားကို ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်စျေးကွက်ကြီးရှိတဲ့ တရုတ်မှာ ရုံမတင်ရသေးပါဘူး။

အခုနောက်ဆုံး စပိုင်ဒါမန်းကားမှာ Tom Holland က Peter Parker အဖြစ် တတိယမြောက်စပိုင်ဒါမန်းအဖြစ်သရုပ်ဆောင်ထားပြီး မင်းသမီး Zendaya က MJ၊ Benedict Cumberbatch က မှော်ဆရာ Doctor Strange အဖြစ် သရုပ်ဆောင်ထားကြပါတယ်။

စပိုင်ဒါမန်းအဖြစ် သရုပ်ဆောင်တဲ့ Tom Holland နဲ့ MJ အဖြစ် သရုပ်ဆောင်တဲ့ Zendaya

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စပိုင်ဒါမန်းအဖြစ် သရုပ်ဆောင်တဲ့ Tom Holland နဲ့ MJ အဖြစ် သရုပ်ဆောင်တဲ့ Zendaya

စပိုင်ဒါမန်းဇာတ်လမ်းတွဲတွေထဲမှာ ၂၀၁၉ ခုနှစ်က ရုံတင်တဲ့ Far From Home က ပထမဆုံး ဒေါ်လာသန်းတစ်ထောင်ကျော်၀င်ငွေရခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး အခုအထိလည်း စပိုင်ဒါမန်းကားတွေထဲမှာ ဒေါ်လာ ၁.၁၃၂ ဘီလျံနဲ့ ၀င်ငွေအများဆုံးရထားတဲ့ ရုပ်ရှင်ဖြစ်နေပါသေးတယ်။

အခုနောက်ဆုံးဇာတ်ကားကလည်း Far From Home ရဲ့ အဆက်အဖြစ် ဇာတ်လမ်းတည်ထားပါတယ်။ Far From Home ထဲမှာ ဗီလိန်ဇာတ်ကောင် Mysterio က သူမသေခင် စပိုင်ဒါမန်း Parker ဘယ်သူလဲဆိုတာကို မျက်နှာဖုံးချွတ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

စပိုင်ဒါမန်းစီးရီးကို ဒစ္စနီရဲ့ Marvel Studios နဲ့ ဆိုနီကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်တင်ဆက်နေကြတာပါ။

၂၀၂၁ ခုနှစ်ထဲမှာ ရုံတင်ခဲ့တဲ့ ကားတွေထဲက စပိုင်ဒါမန်းမတိုင်ခင် ၀င်ငွေအကောင်းဆုးအဖြစ် ရပ်တည်နေခဲ့တဲ့ ဇာတ်ကားကတော့ MGM ကုမ္ပဏီက ထုတ်လုပ်တဲ့ ဂျိမ်းစ်ဘွန်းနောက်ဆုံးကား No Time to Die ဖြစ်ပြီး ၀င်ငွေဒေါ်လာ ၇၇၄ သန်းရထားပါတယ်။

2px presentational grey line