မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ အဖြစ် ရာ့ဖ် ရန်းညစ်ခ်ကို ခန့်ဖို့ နီးစပ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယာယီနည်းပြအဖြစ် ရာ့ဖ် ရန်းညစ်ခ်ကို ၆ လ စာချုပ်နဲ့ ခန့်အပ်ဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။
၆၃ နှစ် ရှိပြီ ဖြစ်တဲ့ ဂျာမန် နည်းပြဟာ အလုပ်လုပ်ခွင့် ပါမစ် ရဖို့ စောင့်ရဦးမှာဖြစ်တာကြောင့် လာမယ့် သီတင်းပတ်ကုန်ပိုင်း ချဲလ်ဆီးနဲ့ပွဲတော့ ကိုင်နိုင်မှာ မဟုတ်ပါဘူး။
ယူနိုက်တက်နဲ့ ရန်းညစ်ခ် တို့အကြားသဘောတူညီမှု ရထားပြီး ဖြစ်ပေမယ့် သူလက်ရှိ အားကစားနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဌာန အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ လိုကိုမိုးတစ်ဗ် မော်စကိုနဲ့တော့ သဘောတူညီမှု မရသေးဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၃ နှစ်နီးပါး ကိုင်ခဲ့ပေမယ့် ဆုဖလားရဖို့ ကပ်ပြီး လွဲလွဲ သွားခဲ့ရသူ အိုလေး ဂွန်နား ဆိုးလ်ရှားနဲ့ ယူနိုက်တက် လမ်းခွဲခဲ့ကြပါတယ်။
အခု ခန့်အပ်ဖို့ နီးစပ်နေပြီ ဖြစ်တဲ့ ရန်းညစ်ခ်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ - ၁၁ ဘောလုံးရာသီမှာ ရှော်လ်ကာ အသင်းကို ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ဟာ ယူနိုက်တက်ကို ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ရပါတယ်။ ယူနိုက်တက်ကတော့ ဖိုင်နယ်လ်မှာ ဘာာစီလိုနာကို ရှုံးခဲ့ရပါတယ်။
ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ နံပါတ် ၈ နေရာကို ရောက်နေပြီး ဆိုးလ်ရှားနေရာမှာ လက်ထောက်နည်းပြ မိုက်ကယ်လ် ကဲရစ်က တာဝန်ယူနေပါတယ်။
ရန်းညစ်ခ်ဟာ ဂျာမန်ဘောလုံးလောကကို သြဇာလွှမ်းမိုးသူလည်း ဖြစ်ပါတယ်။ သူဟာ စတူးဂတ်၊ ဟန်နိုဗာ၊ ဟော့ဖ်ဖန်းဟိုင်းမ်၊ ရှော်လ်ကာနဲ့ အာရ်ဘီ လိုက်ပ်ဇစ်ခ် တို့မှာ ပြောင်မြောက်စွာ နည်းပြပေးခဲ့သူလည်း ဖြစ်ပါတယ်။
ခေတ်သစ် ဂျာမန် ဘောလုံး လောကရဲ့ ကစားကွက်တွေအပေါ်မှာ ရန်းညစ်ခ်ရဲ့ သြဇာ မကင်းဘူးလို့ ဆိုကြပါတယ်။
ရန်းညစ်ခ်ရဲ့ လွှမ်းမိုးမှု ခံရတယ်ဆိုတဲ့ နည်းပြတွေထဲမှာ လစ်ဗာပူးလ် နည်းပြ ယာဂဲန် ကလော့ပ်နဲ့ ချဲလ်ဆီး နည်းပြ တောမတ်စ် တူခဲလ်၊ ဘိုင်ယန်မြူးနစ် နည်းပြ ဂျူလီယန် နဂဲလ်စ်မန်း၊ ဆောက်သမ်တန် နည်းပြ ရာ့ဖ် ဟာဆန်ဟူတယ်လ် တို့လည်း ပါတယ်လို့တောင် ဆိုကြပါတယ်။
တူခဲလ်ဟာဆိုရင် တချိန်က ရန်းညစ်ခ် ကိုင်တဲ့ အသင်းမှာ ကစားခဲ့ဖူးသလို ကစားသမားဘဝက အနားယူပြီးနောက်မှာလည်း ရန်းညစ်ခ် ကိုင်နေတဲ့ စတူးဂတ်အသင်းမှာပဲ လူငယ်အသင်း နည်းပြအဖြစ် နည်းပြဘဝ စခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Red Bull အုပ်စု ပိုင် အသင်းတွေကို တာဝန်ယူနေပြီး လိုကိုမိုတစ်ဗ် မော်စကို အသင်းကို ကိုင်တွယ်နေပါတယ်။
ရန်းညစ်ခ်နဲ့ ယူနိုက်တက် အကြား အခုသီတင်းပတ် အစောပိုင်းက ကနဦး ဆွေးနွေးခဲ့ရာမှာ ခရီးရောက်သင့် သလောက် ရောက်ခဲ့ပေမယ့် သူ့ရဲ့ ယာယီနည်းပြ ကာလ အလွန်နဲ့ ပတ်သက်လို့ ဆက်လက်ဆွေးနွေး နေခဲ့ကြပါတယ်။
ယူနိုက်တက်ရဲ့ အကြီးအကဲတွေကတော့ ရန်းညစ်ခ်ရဲ့ နည်းစနစ်နဲ့ အသင်းတည်ဆောက်မှုပိုင်းမှာ ကျွမ်းကျင်မှုတွေဟာ တန်ဖိုးမဖြတ်နိုင်ဘူးလို့ ယူဆထားကြပါတယ်။
လက်ရှိအချိန်ကနေ ရာသီကုန်အထိ ရန်းညစ်ခ်ကို တာဝန်ယူခိုင်းနိုင်ရင် အမြဲတမ်း နည်းပြ ခန့်ဖို့ ရွေးချယ်ရာမှာ အချိန်ရပြီး စနစ်တကျ လေ့လာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိ ပါရီဆန်ယာမန်း အသင်း နည်းပြ မော်ရစ်စီယို ပေါ်ချက်တီးနိုး က ယူနိုက်တက် နည်းပြနေရာကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပေမယ့် ပီအက်စ်ဂျီနဲ့ ဆွေးနွေးရာမှာ ကိုယ်မှန်းထားတာထက်ပိုပြီး အချိန်ကြာသွားနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
လာမယ့် တနင်္ဂနွေနေ့ ချဲလ်ဆီးနဲ့ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကစားရမယ့်ပွဲကိုတော့ မိုက်ကယ်လ် ကဲရစ်ကပဲ နည်းပြအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။









