ဖိုင်ဇာ ကိုဗစ်သောက်ဆေး ရောဂါပြင်းထန်နိုင်ခြေရှိသူတွေမှာ ၈၉ ရာခိုင်နှုန်း ထိရောက်တယ်လို့ ပြော

ရေးသားခဲ့သည်။

အမေရိကန် ကုမ္ပဏီ ဖိုင်ဇာက ထုတ်လုပ်စမ်းသပ်နေတဲ့ ကိုဗစ် ကုသဆေး သောက်ဆေးဟာ ထိခိုက်လွယ်တဲ့ လူကြီးတွေမှာ ဆေးရုံတက်ကုသရနှုန်းနဲ့ သေဆုံးနှုန်း အန္တရာယ်ကို ၈၉ ရာခိုင်နှုန်း လျှော့ချပေးတယ်လို့ လူနာတွေနဲ့ စမ်းသပ်မှု ရလဒ်တွေအရ သိရပါတယ်။

ဒီဆေးကို Paxlovid ပက်ဆ်လိုဗစ်လို့ ခေါ်ပြီး အသက်ကြီးသူတွေနဲ့ ရောဂါဒဏ်ပြင်းပြင်းထန်ခံရနိုင်ခြေရှိသူတွေ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

အဲဒီရလဒ်သတင်းဟာ မနေ့က အလားတူ ကုသဆေးတစ်မျိုးဖြစ်တဲ့ မာ့ခ် ရှာ့ပ်နဲ့ ဒုံးမ် Merck Sharp and Dohme (MSD) ကုမ္ပဏီထုတ်ဆေးကို ယူကေ ဆေးဝါးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ခွင့်ပြုလိုက်အပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကနဦး ရလဒ် အတော်ကောင်းမွန်တာကြောင့် စမ်းသပ်မှုတွေကို စောစောစီးစီး ရပ်နားလိုက်တယ်လို့ ဖိုင်ဇာက ပြောပါတယ်။

ယူကေက ဖိုင်ဇာဆေးသစ် ဆေးပတ်အကြိမ် နှစ်သိန်းခွဲကို မှာယူထားပြီး ဖြစ်ပြီး MSD ဆေးပတ်အကြိမ် လေးသိန်းရှစ်သောင်းကိုလည်း မှာယူထားပါတယ်။

ဖိုင်ဇာဆေးက ဗိုင်းရပ်စ် ကိုယ်တွင်းမှာ ပွားဖို့ လိုအပ်တဲ့ အင်ဇိုင်းကို တားဆီးတာ ဖြစ်ပါတယ်။ အဲဒါက မာ့ခ်ရဲ့ ဆေးနဲ့ နည်းနည်းတော့ ကွာပါတယ်။ မာ့ခ်ရဲ့ဆေးက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို လွဲချော်သွားအောင် လုပ်တာပါ။

ဆေးကို အရေးပေါ် အသုံးပြုခွင့်ရဖို့အတွက် ကနဦး တွေ့ရှိမှု ရလဒ်တွေကို အမေရိကန် ဆေးဝါးထိန်းချုပ်ရေးဆီကို တင်ပြဖို့ရှိတယ်လို့ ဖိုင်ဇာက ပြောပါတယ်။