အိန္ဒိယ- မိန်းမကို မြွေဟောက်နဲ့တိုက်သတ်သူကို ပြစ်ဒဏ်ချ

ဆိုရာ့ဂျ် (အလယ်) ကို ဇနီးကို မြွေနဲ့သတ်မှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့
ဓာတ်ပုံ ပုံစာ, ဆိုရာ့ဂျ် (အလယ်) ကို ဇနီးကို မြွေနဲ့သတ်မှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့
ရေးသားခဲ့သည်။

ဇနီးသည်ကို မြွေနဲ့ကိုက်သတ်ခိုင်းခဲ့တဲ့ အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးကို ရှားရှားပါးပါး ထောင်ဒဏ် နှစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ စွဲချက်မှာပါဝင်တဲ့ အဆိပ်သင့်စေမှု၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှုစတဲ့ ပြစ်မှုတွေ တစ်ခုချင်းအလိုက်ပါ ပြစ်ဒဏ်ချမှတ်ခံရတဲ့အတွက် သူဟာ ထောင်ဒဏ် ၁၇ နှစ် အရင် ကျခံရပြီးမှ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နှစ်ခု စပြီးကျခံရမယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ ဇနီးသည် ဥဿရ မြွေကိုက်ခံရပြီးသေဆုံးခဲ့ပြီးနောက် ဆိုရာ့ဂျ် ကူးမား မနှစ်က ဖမ်းဆီးခံခဲ့ရတာပါ။

မိန်ကလေးဘက်ပေးရတဲ့ မင်္ဂလာကြေးအတွက်နဲ့ ဆိုရာ့ဂျ်က သူတို့ကို ပြဿနာရှာနေခဲ့တယ်လို့ ဥဿရရဲ့ မိသားစုက ပြောပြီး အဲဒီအမှုကို လူသတ်မှုလို့ ဥဿရရဲ့ မိသားစုက စွပ်စွဲခဲ့ပြီးနောက် ရဲတွေက စတင်စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ဥဿရ အိပ်ပျော်နေတုန်းမှာ အိပ်ရာထဲကို မြွေဟောက်တစ်ကောင် လွှတ်ပေးခဲ့မှုအတွက် အပြစ်ရှိကြောင်း တနင်္လာနေ့မှာ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အသက် ၂၅ နှစ် အရွယ် အိမ်ရှင်မ ဥဿရဟာ ပြီးခဲ့တဲ့နှစ် မေလမှာ သူရဲ့ အိမ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဥဿရဟာ သီတင်းပတ်တွေ မကြာသေးခင်တုန်းကမှ မြွေပွေးအကိုက်ခံထားရတဲ့အတွက် သူ့မိသားစုက မသင်္ကာဖြစ်ခဲ့ကြပါတယ်။ သူမြွေဟောက် ထပ်အကိုက်ခံရချိန်မှာ သူဟာ ပထမမြွေအကိုက်ခံရပြီး ပြန်သက်သာလာရုံပဲ ရှိပါသေးတယ်။

ရဲတွေကတော့ စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီ မြွေကိုက်ခံရမှု နှစ်ခုစလုံးကို ဆိုရာ့ဂျ်က လုပ်ခဲ့တာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဆိုရာ့ဂျ်ကို မြွေတွေကူရှာပေးခဲ့တဲ့ လူတစ်ယောက်ကိုလည်း ရဲတွေက ဖမ်းထားပါတယ်။

နောက်တော့ အဲဒီလူဟာ အမှုအတွက် သက်သေဖြစ်လာပြီး ရဲတွေ အမှုကို ဖော်ထုတ်နိုင်ဖို့ ပူးပေါင်းခဲ့ပါတယ်။

အိန္ဒိယက LiveLaw ဆိုတဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြချက်အရ အဲဒီအမှုအတွက် ရဲတွေရဲ့ စွဲချက်ဟာ စာမျက်နှာ တစ်ထောင်အထိ ရှိခဲ့ပြီး ဆိုရာ့ဂျ်ရဲ့ အကွက်ချ ကြံစည်ပုံတွေကို အသေးစိတ် ဖော်ပြထားတယ်လို့ သိရပါတယ်။

ဒီအမှုဟာ ရှားရှားပါးပါးအမှုတွေထဲက အရှားပါးဆုံး အမှုဖြစ်တယ်လို့ ရဲတွေက စွဲချက်တင်ခဲ့ပြီး သူ့ကို သေဒဏ်စီရင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တရားသူကြီးက အဲဒါကို ရှားပါးတဲ့အမှုလို့ သဘောတူခဲ့ပြီး ဆိုရာ့ဂျ်ကို ထောင်ဒဏ် နှစ်သက် ပြစ်ဒဏ် ချမှတ်ခဲ့ပြီး သူ့ကို ရူပီး ငါးသိန်း (ဒေါ်လာ ခြောက်ထောင်ကျော် )လည်း ဒဏ်ငွေ တပ်ခဲ့ပါတယ်။

ဆိုရာ့ဂျ် (အလယ်)

ဓာတ်ပုံ ရင်းမြစ်, Kaviyoor Santhosh