တာလီဘန်တွေက ရိုက်နှက်ခဲ့ကြတယ်လို့ သတင်းထောက်တွေကပြော

ရေးသားခဲ့သည်။

ဆန္ဒပြပွဲတွေကို သတင်းယူဖို့ကြိုးစားနေတုန်း တာလီဘန်တွေရဲ့ ရိုက်နှက်တာ၊ ဖမ်းဆီး ထိန်းသိမ်းတာကို ခံခဲ့ရတယ်လို့ အာဖဂန်နစ္စတန်က သတင်းထောက်တွေက ပြောပါတယ်။

အီတဲလ်လာထရော့ဇ် (Etilaatroz) သတင်းစာတိုက်က သတင်းထောက် ၂ ယောက် ကာဘူးလ်မှာ အဖမ်းခံရပြီးတဲ့နောက် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သူတို့ရဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မီတီ (Committee to Protect Journalists - CPJ)က သတင်းမီဒီယာသမားတွေ လွတ်လပ်စွာ သတင်းယူခွင့်ပေးဖို့ တာလီဘန်တွေကို တောင်းဆိုနေပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ဘီဘီစီ သတင်းအဖွဲ့လည်း ရိုက်ကူးရေးလုပ်နေတာကို တားဆီးတာ ခံခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့က ကာဘူးလ်မှာလုပ်တဲ့ ဆန္ဒပြပွဲ အငယ်စားတခုကို သတင်းယူနေတုန်း အီတဲလ်လာထရော့ဇ် သတင်းဌာနက ဓာတ်ပုံသမား နာမက်တူလာ နက်ဒီနဲ့ သတင်းထောက် တက်ကီ ဒါယာဘီ တို့ အဖမ်းခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ သူတို့ကို ကာဘူးလ်က ရဲစခန်းတခုဆီကို ခေါ်ယူသွားပြီး အဲဒီမှာ နံပါတ်တုတ်တွေ၊ လျှပ်စစ်ဝါယာ ကေဘယ်ကြိုးတွေ၊ ကြာပွတ်တွေနဲ့ ရိုက်နှက်တာ ခံခဲ့ရ တယ်လို့ သူတို့က ပြန်ပြောပြပါတယ်။ နောက်နာရီပိုင်းအကြာမှာတော့ တာလီဘန်တွေက ဘာမှ ရှင်းလင်းပြောပြတာမျိုး မရှိဘဲနဲ့ သူတို့ကို ပြန်လွှတ်ပေးခဲ့ကြပါတယ်။

"တာလီဘန်တယောက်က ကျွန်တော့်ခေါင်းကို သူ့ခြေထောက်နဲ့ နင်းပြီး ကြမ်းပြင်နံရံနဲ့ ဆောင့်ပြီးချတယ်၊ ခေါင်းကို သူတို့ ဝိုင်းကန်ကြတယ်၊ ကျွန်တော့အထင် သူတို့ ကျွန်တော့ကို သတ်ကြပြီလို့ တွေးမိလိုက်တယ်"လို့ မစ္စတာ နက်ဒီက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

သူက ဘာလို့သူ့ကို ရိုက်နှက်တာလဲလို့ မေးတဲ့အခါ "မင်းကို ခေါင်းမဖြတ်ပစ်တာဘဲ မင်းကံကောင်းတယ်မှတ်"လို့ ပြန်ဖြေကြတဲ့အကြောင်း ပြောပြပါတယ်။

သူက ကင်မရာနဲ့ ပုံတွေရိုက်ဖို့လုပ်ရာမှာ တာလီဘန်တွေက ဓာတ်ပုံအရိုက်မခံရအောင် သူ့ကင်မရာရှေ့ကနေ ရှောင်ရှားခဲ့ကြတယ်လို့ လည်း သူက ပြောပါတယ်။

"ကင်မရာနဲ့ရိုက်တဲ့သူတွေကော၊ ဖုန်းနဲ့ရိုက်တဲ့သူတွေကော သူတို့ အကုန်လုံးကို ဖမ်းတယ်"လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ကာဘူးလ်မှာ ဘီဘီစီ သတင်းအဖွဲ့အပါအဝင် တခြားသတင်းထောက်တွေ ဟာ ဓာတ်ပုံ၊ ဗီဒီယို မရိုက်ဖို့ တားဆီးတာကို ခံခဲ့ရပါတယ်။ အာဖဂန်နစ္စတန်က တိုလို (Tolo) သတင်းအေဂျင်စီက သူတို့ ကင်မရာသမားအဖမ်းခံ ခဲ့ရကာ တာလီဘန်တွေက သူ့ကို ၃ နာရီကြာအောင် ထိန်းသိမ်းထားခဲ့တယ်လို့ ပြောပါတယ်။

သတင်းသမားအနည်းဆုံး ၁၄ ယောက်အဖမ်းခံခဲ့ရတယ်လို့ CPJ ကပြောပြီး သူတို့ကို နောက် ၂ ရက်အကြာမှ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

"အာဖဂန်နစ္စတန်က လွတ်လပ်တဲ့မီဒီယာတွေကို လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ အလုပ်ဆက်လုပ်နိုင်မယ်လို့ အစောပိုင်းတုန်းက ပေးခဲ့တဲ့ ကတိတွေက ဘာမှ အနှစ်သာရမရှိဘူးဆိုတာကို တာလီဘန်တွေက မြန်မြန်ဆန်ဆန် သက်သေပြနေတာပဲ"လို့ CPJ ရဲ့ အာရှဆိုင်ရာအစီအစဉ် ညှိနှိုင်းဆောင်ရွက်ရေးမှူး စတီဗင် ဘတ်တ်လာက ပြောပါတယ်။

"သူတို့အလုပ် သူတို့လုပ်နေတဲ့ သတင်းထောက်တွေကို ရိုက်တာ၊ ဖမ်းဆီးတာတွေကို ရပ်ဖို့နဲ့ မီဒီယာတွေအနေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခံရမှာကို စိုးရိမ်စရာမလိုဘဲ လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်ပေးဖို့ စတာတွေကို အာမခံထားတဲ့ သူတို့ရဲ့ အရင်ကတိစကားတွေအတိုင်း လုပ်ပေးဖို့ ကျွန်တော်တို့ တာလီဘန်တွေကို တိုက်တွန်းထားတယ်။"

လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်ကာလက အာဖဂန်ကို ထိုးစစ်တွေဆင်ပြီး ထိန်းချုပ်သွားခဲ့တဲ့ တာလီဘန်တွေဟာ နိုင်ငံကို အုပ်ချုပ်ဖို့ အမျိုးသားတွေချည်းသာ ပါဝင်တဲ့ ကြားဖြတ်အစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ဒီသီတင်းပတ် အစောပိုင်းတုန်းက ကြေညာသွားပါတယ်။

အဲဒီအချိန်ကတည်းကစပြီး ဆန္ဒပြပွဲတွေကို သူတို့က ပိတ်ပင်ထားပြီး တရားရေးဝန်ကြီးဌာနက ခွင့်ပြုချက်မရဘဲ ပြတဲ့ဆန္ဒပြပွဲတွေဟာ တရားဥပဒေနဲ့ မညီဘူးလို့ ကြေညာထားပါတယ်။