ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်နစ္စတန် စစ်ပွဲ - ထောင်ကိုသိမ်းပိုက်ပြီး အကျဥ်းသားတွေ လွှတ်လိုက်ပြီလို့ တာလီဘန်ပြော
အာဖဂန်နစ္စတန် မြောက်ပိုင်း ဂျို့ဇ်ဂျန် ခရိုင်က အကျဥ်းထောင်တစ်ခုကို သိမ်းပိုက်လိုက်ပြီး အကျဥ်းသားတွေ အကုန် လွှတ်ပေးလိုက်ပြီလို့ တာလီဘန်တွေက ပြောပါတယ်။
တာလီဘန် သူပုန်တွေက တိုက်ခိုက်ခဲ့ပြီးနောက် စနေနေ့မှာ ရှဘဲဂန်မြို့က အကျဥ်းထောင်ကနေ အကျဥ်းသားတွေ ရာနဲ့ချီ ထွက်ခွာနေကြတာကို ဆိုရှယ်မီဒီယာ ဗီဒီယိုမှာ တွေ့ရပါတယ်။
မြို့ကို တာလီဘန်တွေက ထိန်းချုပ်ထားပြီဖြစ်ပြီး အဲဒါက သူတို့ လက်ထဲကျသွားတဲ့ ဒုတိယ မြို့တော်တစ်ခု ဖြစ်လာပါတယ်။
နိုင်ငံအနှံ့ တိုက်ပွဲတွေ အရှိန်မြင့်နေချိန်မှာ အခုလို မြို့ကိုပေးလိုက်ရတာဟာ လုံခြုံရေးတပ်ဖွဲ့တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။
အဲဒီမြို့ဟာ အာဖဂန် ဒုသမ္မတဟောင်း အဘ်ဒေါ် ရာရှီးဒ် ဒေါ့စတောမ်ရဲ့ အမာခံနယ်မြေ ဖြစ်ပြီး သူ့ကို ထောက်ခံသူတွေက ဦးဆောင်ပြီး တာလီဘန်တွေကို ပြန်တိုက်နေကြတာပါ။
အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေဘက်က ကူပြီး တာလီဘန်တွေကို တိုက်ဖို့ လူ ၁၅၀ လောက် အဲဒီမြို့ဆီ ထွက်သွားခဲ့ကြတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေချိန် သောကြာနေ့တုန်းက အစိုးရ အုပ်ချုပ်ရေးမှူးရဲ့ ခြံဝင်းကို တာလီဘန်တွေက ပထမဆုံး ထိန်းချုပ်ခဲ့ပါသေးတယ်။ နောက်တော့ အစိုးရ လုံခြုံရေးတပ်တွေက ပြန်ရသွားပါတယ်။
ဒါပေမဲ့ အခုတော့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဆဲဖြစ်တဲ့ စစ်တပ် အခြေစိုက်စခန်းတစ်ခုက လွဲပြီး တစ်မြို့လုံးကို တာလီဘန်တွေ ထိန်းချုပ်ထားပြီလို့ ဒေသကောင်စီအကြီးအကဲက ဘီဘီစီကို ပြောပါတယ်။
အစိုးရ တာဝန်ရှိသူတွေက လေဆိပ်ဆီကို ဆုတ်ခွာသွားကြပြီလို့ ဒုတိယ အုပ်ချုပ်ရေးမှူးက အေဖက်ပီ သတင်းအေဂျင်စီကို ပြောပါတယ်။
နိုင်ငံရဲ့ တခြားနေရာတွေမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်နေပြီး တာလီဘန်တွေ မြန်မြန်ဆန်ဆန် ရှေ့တိုးလာနေလို့ အရပ်သားတွေ ထောင်ချီ နေရာရွှေ့ပြောင်းနေရပါတယ်။
နင်းမရို့ဇ် ခရိုင် ဇာရန့်ချ် မြို့ ဟာ သောကြာနေ့မှာ တာလီဘန်တွေ လက်ထဲ ပထမဆုံးရောက်သွားတဲ့ မြို့ဖြစ်ပါတယ်။
တခြားခရိုင် မြို့တော်တွေ ဖြစ်တဲ့ အနောက်ပိုင်းက ဟဲရက် အပါအဝင် တောင်ပိုင်းက ကန်ဒဟာနဲ့ လက်ရှ်ကာဂါ မြို့တော်တွေလည်း တိုက်ခိုက်ခံနေရပါတယ်။
နိုင်ငံရဲ့ မြို့တော် ကာဘူးလ်မှာလည်း သမ္မတ အာရှရက်ဖ်ဂါနီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ဟောင်းကို တာလီဘန်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ယာယီ ကာကွယ်ရေး ဝန်ကြီးရဲ့အိမ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ပါတယ်။
အာဖဂန် စစ်တပ်ဘက်ကတော့ လက်ရှ်ဂါမြို့က တိုက်ပွဲမှာ စစ်သွေးကြွတွေဘက်က အကြီးပိုင်း ခေါင်းဆောင်တချို့အပါအဝင် အစ္စလာမ်မစ် တိုက်ခိုက်ရေးသမားတွေ ဒါဇင်ချီပြီး သေဆုံးခဲ့တယ်လို့ ပြောပြီး တာလီဘန်တွေဘက်က စစ်တပ်ဘက်က ပြောတဲ့ ဖြစ်စဥ်တွေကို ငြင်းထားပါတယ်။
လုံခြုံရေး အခြေအနေတွေက ပိုဆိုးလာနေတဲ့အတွက် အမေရိကန်နဲ့ ယူကေ အစိုးရတွေက သူတို့ နိုင်ငံသားတွေကို အာဖဂန်နစ္စတန်က ချက်ချင်းထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။
အကြမ်းဖက်သမားတွေ အာဖဂန်နစ္စတန်မှာ တိုက်ခိုက်မှု ဖြစ်လာနိုင်ခြေမြင့်တယ်လို့ သောကြာနေ့ညမှာ ယူကေနိုင်ငံခြားရေးရုံးက သတိပေးထားပါတယ်။
အမေရိကန်ကတော့ သူ့နိုင်ငံသားတွေအနေနဲ့ ပြန်ထွက်ခွာဖို့ လေယာဥ်စရိတ်မတတ်နိုင်ရင် ရွှေ့ပြောင်းစရိတ် ချေးငွေ ရနိုင်တယ်လို့ ပြောပါတယ်။