ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်နစ္စတန်- အကျဉ်းသားတွေ လွှတ်ပေးရင် အပစ်ရပ်မယ်လို့ တာလီဘန်တွေက ကမ်းလှမ်း
တာလီဘန်တွေက ထောင်ထဲမှာရှိနေတဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးတပ်သား ၇၀၀၀ ကို လွှတ်ပေးရင် ၃ လကြာအပစ်အခတ်ရပ်စဲမယ်ဆိုပြီး ကမ်းလှမ်းတယ်လို့ အာဖဂန် အစိုးရအရာရှိတယောက်က ပြောပါတယ်။
အာဖဂန်အစိုးရရဲ့ ညှိနှိုင်းရေးမှူး နက်ဒါ နက်ဒါရီက ကမ်းလှမ်းအဆိုပြုလာချက်က "သိပ်ကို တောင်းဆိုတာများတယ်"လို့ မှတ်ယူပါတယ်။
အစိုးရဘက်က အခုထိတော့ ဒီကမ်းလှမ်းချက်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။
နိုင်ငံအတွင်းကနေ အမေရိကန်တပ်တွေစတင် ဆုတ်ခွာထွက်ပေးနေချိန်ကတည်းကစပြီး အစိုးရနဲ့ တာလီဘန်တို့အကြား တိုက်ပွဲတွေ ပိုပိုပြင်းထန်လာနေပါတယ်။
သူတို့တပ်ဖွဲ့တွေက အာဖဂန်နစ္စတန်နိုင်ငံမြေ ၈၅% ကိုပြန်သိမ်းယူနိုင်ခဲ့ပြီလို့ တာလီဘန်တွေက ဆိုနေပြီး အစိုးရဘက်ကတော့ အဲဒါကို ငြင်းချက် ထုတ်ထား ပါတယ်။ တကယ်သိမ်းထားပြီ ဟုတ်၊ မဟုတ် ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
တခြားခန့်မှန်းပြောသူတွေကတော့ တာလီဘန်တွေဟာ အာဖဂန်ရဲ့ စုစုပေါင်း ခရိုင် ၄၀၀ အနက် သုံးပုံ တပုံကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
တာလီဘန်ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နာမည်ပျက်စာရင်းကနေ သူတို့ အမည်တွေကို ပယ်ဖျက်ပေးဖို့လည်း တောင်းဆိုထားတယ်လို့ မစ္စတာ နက်ဒါရီက ပြောပါတယ်။
အရင်နှစ်အတွင်း တာလီဘန် အကျဉ်းသား ၅၀၀၀ ကို ထောင်ထဲကနေ လွှတ်ပေးခဲ့တယ်၊ သူတို့ထဲက အများအပြား တိုက်ပွဲတွေထဲမှာ ပြန်ဝင်တိုက်ခဲ့ပုံရပြီး နိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ပိုဆိုးလာစေခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် လစ်ဇ်ဂျုဆက်က ပြောပါတယ်။
ကြာသပတေးနေ့မှာ အာဖဂန်နဲ့ ပါကစ္စတန်ကြား အဓိကနယ်ခြားဂိတ်တခုဖြစ်တဲ့ စပင် ဘိုဒက် နယ်စပ်ဂိတ်ကို သူတို့ ပြန်သိမ်းလိုက်ပြီလို့ အစိုးရတပ်ဖွဲ့တွေက ပြောပေမယ့်၊ တာလီဘန်တွေကတော့ သူတို့သိမ်းထားတဲ့ ဂိတ်စခန်း ပြန်ကျသွားပြီဆိုတာ မဟုတ်တဲ့အကြောင်း ငြင်းပါတယ်။
ကန်ဒဟာနားမှာရှိတဲ့ အဲဒီ ဂိတ်စခန်းမှာ တာလီဘန် အလံလွှင့်တင်နေတဲ့ ဗီဒီယိုတခု ဒီသီတင်းပတ် အစောပိုင်းတုန်းက လူမှုမီဒီယာမှာ တွေ့ရပါတယ်။
အမေရိကန်၊ နေတိုး မဟာမိတ်အဖွဲ့စတာတွေနဲ့ တာလီဘန်တို့ ညှိနှိုင်း သဘောတူစဉ်က တာလီဘန်တို့ အနေနဲ့ ထိန်းချုပ်ရာနယ်မြေဒေသတွေမှာ အစွန်းရောက်အဖွဲ့တွေ မလှုပ်ရှားစေဖို့ တာဝန်ယူတယ်ဆိုရင် သူတို့ဘက်က တပ်တွေ အားလုံးဆုတ်ခွာပေးမယ်ဆိုတာ ပါဝင်ပါတယ်။
ဒါပေမယ့် တာလီဘန်တွေဘက်က အာဖဂန်အစိုးရ တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်တာကို ရပ်ဆိုင်းဖို့ သဘောမတူခဲ့ပါဘူး။
လူအများအပြားဟာ တာလီဘန်တွေ အားပြင်းပြင်းနဲ့ တိုက်ခိုက်လာတဲ့အောက်မှာ အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေ ပြိုလဲသွားမှာကို စိုးရိမ်နေကြပြီး ၂၀၀၁ ခုနှစ်တုန်းက အမေရိကန်တပ်တွေ အာဖဂန်ကိုပို့ဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတဟောင်း ဂျော့ ဘုရှ်က အမေရိကန်တပ်တွေ အာဖဂန်က ဆုတ်ခွာလိုက်ရင် ဖြစ်လာမှာတွေက "မယုံနိုင်လောက်အောင်ကို ဆိုးရွားလိမ့်မယ်" လို့ သတိပေးထားပါတယ်။
၁၉၉၆ ခုနှစ်ကနေ အမေရိကန် ဝင်လာတဲ့ ၂၀၀၁ ခုနှစ်ကာလအတွင်း အာဖဂန်နစ္စတန်ကို အုပ်စိုးခဲ့တဲ့ တာလီဘန်တွေဟာ လူ့အခွင့်အရေးကို အကျယ်အပြန့် ချိုးဖောက်ခဲ့တယ်၊ တခြားယဉ်ကျေးမှု တွေကို ဖျက်ဆီး နှိပ်ကွပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများ အပြားရှိခဲ့ပါတယ်။
အစ္စလာမ်မစ် ပြစ်ဒဏ်ပေးမှုတွေကို သူတို့က ထောက်ခံ အားပေးခဲ့ပြီး လူတွေကို ရုပ်မြင်သံကြားတွေ၊ ရုပ်ရှင်တွေ မကြည့်ရ၊ သီချင်းနဲ့ ဂီတကို နားမထောင်ရ စတဲ့ တားမြစ်ချက်တွေကို လုပ်ဆောင်ခဲ့သလို အသက် ၁၀ နှစ် ကျော်တဲ့ မိန်းကလေးတွေ ကျောင်းတက်တာကို ပိတ်ပင်ခဲ့ပါတယ်။