နေပူခံ လိမ်းဆေးတွေသုံးတာ ထိုင်း ပင်လယ်ဥယျာဉ်တွေမှာပိတ်ပင်

ရေးသားခဲ့သည်။

နေပူဒဏ်ခံလိမ်းဆေး တွေထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ သန္တာတွေကို ထိခိုက် ပျက်စီးစေတဲ့အတွက် ထိုင်းနိုင်ငံက သူတို့ သဘာဝ ပင်လယ် ဥယျာဉ်နေရာ တွေမှာ အဲဒါတွေ သုံးစွဲတာကို ပိတ်ပင်လိုက်ပါတယ်။

နေလောင်တာမဖြစ်အောင် အကာအကွယ်အဖြစ် နိုင်ငံခြားခရီးသွားတွေ သုံးတတ်တဲ့ နေပူခံ အလှဆီ လိမ်းဆေး (Sunscreen)တွေက သန္တာတွေကို ထိခိုက်စေတာမို့ အဲဒီလိမ်းဆေးတွေလိမ်းပြီး ပင်လယ်ထဲ ဆင်းကြတာကို စိုးရိမ်မှုတွေ တိုးပွား နေပါတယ်။

သန္တာတွေဟာ ကြီးထွားလာဖို့ နှစ်နဲ့ချီပြီး အချိန်အများကြီး ယူကြရတာပါ။

နေပူခံလိမ်းဆေးတွေမှာ ပါတဲ့ ဓာတုဓာတ် ၄ မျိုးလောက်ဟာ သန္တာ အကောင်ပေါက်လေးတွေ ကို သေစေတာ၊ သန္တာတွေ မျိုးပွားတာကို အဟန့်အတားဖြစ်တာ၊ သန္တာကျောက်တန်းတွေ အရောင်ကျွတ်သွားတာ စတာတွေကို ဖြစ်စေတယ်လို့ ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ပြောပါ တယ်။

ဒီကန့်သတ်ပိတ်ပင်ချက်ကို ချိုးဖောက်သူမှန်သမျှ ထိုင်း ဘတ် ၁၀၀, ၀၀၀ ( အမေ ရိကန် ဒေါ်လာ ၃, ၀၀၀) ဒဏ်တပ်တာခံရမှာပါ။

ဒါပေမယ့် ဒီစည်းမျဉ်းသစ်ကို ချမှတ်ထားတဲ့ အတိုင်း ကြပ်မတ်လုပ်ဆောင်နိုင်အောင် ဘယ်လို စီစဉ်ထားသလဲဆိုတာကိုတော့ အစိုးရ အရာရှိတွေက ပြောမသွားပါဘူး။

Oxybenzone၊ octinoxate၊ 4-methylbenzylidene camphor၊ butylparaben စတဲ့ ဓာတုဓာတ်တွေ ပါဝင်တဲ့ နေပူခံလိမ်းဆေးတွေတားမြစ်ခံရမှာပါ။

ဒီလို နေပူခံလိမ်းဆေးတွေတားမြစ်မှုကို ပစိဖိတ်သမုဒ္ဒရာအတွင်းက ပါလိုးကျွန်းမှာ တားမြစ်ထားပြီးဖြစ်သလို အမေရိကန်က ဟာဝိုင်ယီပြည်နယ်မှာလည်း ပိတ်ပင် ထားပါတယ်။

ခရီးသွားလုပ်ငန်းကြောင့် သူတို့ရဲ့ သန္တာကျောက်တန်းတွေ မပျက်စီးအောင် ထိုင်းက အကာအကွယ်စည်းမျဉ်းတွေ ချမှတ်နေပြီး ဒါက နောက်ဆုံးချမှတ်လာတဲ့ စည်းမျဉ်းပါ။

The Beach ရုပ်ရှင်ကားရိုက်ခဲ့လို့ နာမည်ကျော်ခဲ့တဲ့ ဖိဖိလား ကျွန်းက မာယာ ကမ်းခြေမှာ ရှိခဲ့တဲ့ သန္တာတွေထဲက အများစု ပျက်စီးသွားခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ် ကတည်းက အဲဒီကမ်းခြေကို ထိုင်းအစိုးရက ပိတ်ထားပါတယ်။