ကိုဗစ် ကပ်ရောဂါ - ဂျပန်မှာ ကူးစက်မှုတွေ ထိတ်လန့်စရာကောင်းအောင် တိုးလာလို့ အရေးပေါ်အခြေအနေ ထပ်တိုးကြေညာ

ရေးသားခဲ့သည်။

အိုလံပစ် ပြိုင်ပွဲကျင်းပနေတဲ့ ဂျပန်မှာ ကိုဗစ် - ၁၉ ကူးစက်မှုတွေ တက်လာနေတာကြောင့် တိုကျိုမှာ အရေးပေါ်အခြေအနေကြေညာထားတာကို သက်တမ်းထပ်တိုးလိုက်သလို တခြားဒေသတွေအထိပါ တိုးချဲ့လိုက်ပါတယ်။

တိုကျိုမြို့တော် အနီးဝန်းကျင် ဒေသတွေအပြင် အိုဆာကာ မြို့အထိပါ ကန့်သတ်မှုတွေ ပြဋ္ဌာန်းသတ်မှတ် လိုက်ပြီဖြစ်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂ ကလည်း ကူးစက်မှုနှုန်းဟာ မထင်ထားလောက်အောင် မြန်နေတာကြောင့် ပြည်သူလူထုကို အိုလံပစ် ပြိုင်ပွဲတွေကို အိမ်ကပဲ အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အခု ဖြစ်နေတဲ့ ကူးစက်မှုသစ်တွေ ထပ်တိုးလာနေတာဟာ ကူးစက်မှုနှုန်း မြင့်မားတဲ့ ဒဲလ်တာ ဗီဇကွဲ မျိုးသစ်ကြောင့် ဖြစ်ပါတယ်။

ကူးစက်မှုတွေ ထပ်တက်လာနေရင် ရောဂါအခြေအနေဆိုးတဲ့ လူတွေလည်း ပိုများလာပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေအပေါ် ဖိအားတွေ များလာမယ်လို့ မစ္စတာ ဆုဂ က ပြောပါတယ်။

အစောပိုင်းကလည်း ကျန်းမာရေး ဝန်ကြီး နိုရီဟီဆာ တာမူရာက ဂျပန်နိုင်ငံဟာ ရောဂါ ကူးစက်မှုတွေရဲ့ အင်မတန် ထိတ်လန့်စရာကောင်းတဲ့ အဆင့်ကို ဝင်ရောက်လာနေပြီ ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

လူတွေက ရှေ့မှာ ဘာဖြစ်မယ်ဆို ကြိုမမြင်နိုင်တာနဲ့ ဘယ်လောက် အထိကြာမယ်ဆိုတာလည်း မပြောနိုင်ကြတာကို တော်တော် စိုးရိမ်နေသလို အရင်လို ဘဝမျိုးတွေ ပြန်မရောက်နိုင်တော့မှာကိုလည်း လက်မခံနိုင်ဖြစ်နေကြတယ်လို့ ပြောကြောင်း ရိုက်တာသတင်းဌာနက သူ့ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

ဂျပန်ဟာ ကိုဗစ် ၁၉ နဲ့ ထိန်းချုပ်ရေး နဲ့ ပတ်သက်ရင် အောင်မြင်မှု တချို့ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လပေါင်းအတော်တော်ကြာကြာ ကူးစက်မှုတွေ နဲ့ သေဆုံးမှုတွေ နည်းအောင် ထိန်းထားနိုင်ခဲ့ပေမယ့် အခုတော့ ကူးစက်မှုတွေ တိုးလာတာကို တွေ့နေရပါပြီ။

ကြာသပတေးနေ့မှာပဲ ပထမဆုံးအကြိမ်အဖြစ် တနိုင်ငံလုံးမှာ ကိုဗစ် ကူးစက်ခံထားရသူပေါင်း ၁၀,၀၀၀ ကျော်ကို တွေ့ခဲ့ရသလို အဲဒီထဲက ၃ ပုံ ၁ ပုံကျော်က မြို့တော်တိုကျိုထဲမှာ ဖြစ်ပါတယ်။

အိုလံပစ် ပြိုင်ပွဲ ကျင်းပနေရာ အရေးပေါ်အခြေအနေလည်း ကြေညာထားပြီးသား ဖြစ်တဲ့ တိုကျိုမြို့တော်မှာ ၃ ရက်ဆက်တိုက် ကူးစက်ခံရမှုတွေ စံချိန်တင် တွေ့ရှိခဲ့ရတာဖြစ်ပြီး မြို့တော်ထဲက ဆေးရုံတွေမှာလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

သောကြာနေ့မှာ ကူးစက်ခံရသူ ၂၇ ယောက်တွေ့ရှိခဲ့တယ်လို့ အိုလံပစ်ပြိုင်ပွဲ စီစဥ်သူတွေက ပြောပါတယ်။ အဲဒါကြောင့် ဇူလိုင်လ အစပိုင်းနေ ဆိုရင် ပိုးကူးစက်ခံရသူပေါင်း ၂၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တင်းကြပ်တဲ့စည်းကမ်းတွေ ပြဌာန်းထားသလို ပွဲကြည့်ပရိတ်သတ်တွေလည်း ဝင်ခွင့်မပြုတာကြောင့် ဒီပြိုင်ပွဲကြောင့် ကူးစက်မှုတွေ တက်လာနေသလားဆိုတာကိုတော့ ပွဲစီစဥ်သူတွေက လက်ခံကြပါဘူး။

ဒါပေမယ့် ကျွမ်းကျင်သူတချို့ကတော့ ဒီလို အချိန်မျိုးမှာ အိုလံပစ် ပြိုင်ပွဲကြီးကို ကျင်းပတာဟာ နေ့စဥ်ဘဝကိုကန့်သတ်မှုတွေနဲ့ ဖြတ်သန်း နေရတဲ့ အရပ်ပြည်သူလူထု အပေါ် နားလည်ဖို့ခက်စေတဲ့ သတင်းစကားတွေ ပေးလိုက်သလို ဖြစ်နေမလားလို့ စိုးရိမ်နေကြပါတယ်။

အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် အရက်ဘားတွေနဲ့ စားသောက်ဆိုင်တွေမှာ အရက်ရောင်းတာ ရပ်ထားရသလို စောစောလည်း ပိတ်ရပါတယ်။ ဂျပန်ရဲ့ စီရင်စုနယ် ၃ ခုနဲ့ အိုဆာကာ မြို့တွေမှာ သြဂုတ် ၂ ရက်ကနေ ၃၁ ရက်အထိ ကန့်သတ်မှုတွေ ချမှတ်ထားပြီဖြစ်ပါတယ်။ ကန့်သတ်မှုတွေ ရှိနေပြီး ဖြစ်တဲ့ တိုကျိုမြို့တော်မှာတော့ သြဂုတ်လ ကုန်အထိ သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

တချို့ နိုင်ငံတွေမှာ ကန့်သတ်မှုတွေကို ဥပဒေနဲ့ အညီ ချမှတ်ထားတာတွေ ရှိသလို ဂျပန်မှာလည်း လူတွေကို အိမ်ကပဲ အလုပ်လုပ်ကြဖို့ ပြောထားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် အခု ထပ်တိုးလိုက်တဲ့ ကန့်သတ်မှုတွေက ဘယ်လောက်အထိ ထိရောက်မှု ရှိမလဲ ဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာနေပါတယ်။

တိုကျို အုပ်ချုပ်ရေးမှူး ယူရီကို ကိုအီကဲ က အခုကူးစက်မှုတွေကို ထိန်းချုပ်ရေးမှာ အဓိက ကျတာက လူငယ်တွေပဲ ဖြစ်ကြောင်းနဲ့ သူတို့ကို ကာကွယ်ဆေး ထိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် ရနိုင်မယ့် ကာကွယ်ဆေး ပမာဏက နည်းနေတာကြောင့် ဒီလို ပြောတာ မျှတမှု မရှိသလိုပဲလို့ ဘီဘီစီ သတင်းထောက် မာရီကို အိုအိက ပြောပါတယ်။

ဂျပန်မှာ နိုင်ငံ့ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းပဲ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးရသေးတာ ဖြစ်ပြီး တာဝန်ရှိသူတွေဘက်ကတော့ လာမယ့် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလ တွေလောက်မှာ ဆေး ထိုးချင်တဲ့သူ မှန်အသျှ ထိုးပြီးသား ဖြစ်စေဖို့ ရည်မှန်းပြီး လုပ်နေကြပါတယ်။

ဂျပန်လူငယ်တချို့ကတော့ အခုချမှတ်လိုက်တဲ့ ကန့်သတ်မှုအသစ်တွေက အလုပ်ဖြစ်ပါ့မလား လို့ သံသယဝင်မိကြောင်း ဘီဘီစီကို ပြောပါတယ်။ လူတွေက ဒီအရေးပေါ် အခြေအနေ ဆိုတာကြီးနဲ့ နေသားကျလာပြီ၊ အဲဒါကြောင့် အပြင်မထွက်ပါနဲ့လို့ လိုက်တားနေလို့ မရတော့ဘူး လို့ လူငယ်တယောက်က ပြောပါတယ်။

တကယ်လို့ အစိုးရက ပိုးကူးစက်မှုတွေကို ရပ်တန့်အေင် လုပ်ချင်တယ်ဆိုရင် လူတွေကို လော့ခ်ဒေါင်းချပြီး ငွေကြေး အကူအညီတွေ ပေးဖို့ လုပ်မှရမယ်လို့ နောက်တဦးက ပြောပါတယ်။

ဒေသတွင်းက တခြားနိုင်ငံတွေမှာလည်း ဒီ ကူးစက်မှုနှုန်းမြင့်တဲ့ ဒဲလ်တာ ဗီဇကွဲပိုးကို ထိန်းချုပ်ဖို့ ပိုမို တင်းကြပ်တဲ့ ကန့်သတ်မှုတွေကို ချမှတ်လာနေကြပြီ ဖြစ်ပါတယ်။

တရုတ်ပြည်မှာဆို နန်ကျင်းက လေကြောင်း ခရီးစဥ်တွေအကုန်လုံး ရပ်ဆိုင်းထားသလို သြစတေးလျကလည်း ဆစ်ဒနီ မြို့မှာ ကိုဗစ်လော့ခ်ဒေါင်းကို တိကျစွာ ဆောင်ရွက်နိုင်ဖို့ အတွက် လုံခြုံရေးတပ်တွေ ချထားပြီ ဖြစ်ပါတယ်။