အိန္ဒိယ မိုးကြီး မြေပြိုမှု အနည်းဆုံး လူ ၁၁၀ ကျော် သေဆုံး

မိုးရေတွေများလွန်းလို့ ကယ်ဆယ်ရေးတွေလည်း နှောင့်နှေးနေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NDRF

ဓာတ်ပုံ ပုံစာ, မိုးရေတွေများလွန်းလို့ ကယ်ဆယ်ရေးတွေလည်း နှောင့်နှေးနေရပါတယ်။
ရေးသားခဲ့သည်။

အိန္ဒိယ အနောက်ပိုင်း မဟာရာရှထရာ ပြည်နယ်မှာ မိုးကြီးခဲ့ရာက မြေတွေပြို၊ ရေတွေကြီးခဲ့တာကြောင့် အနည်းဆုံး လူ ၁၁ဝ ဦး သေဆုံးခဲ့ပါတယ်။

ရွာတွေ ရာချီပြီး မိုးရေတွေ လွှမ်းသွားရာက အိမ်တွေ ရေထဲမျောပါသွားတာနဲ့ ဒေသခံတွေ သောင်တင်ပိတ်မိနေတာတွေ ဖြစ်နေပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက အသည်းအသန် ကယ်ဆယ်ဖို့ လုပ်နေပေမဲ့ လူအများအပြား ပျောက်ဆုံးနေပါသေးတယ်။

အိန္ဒိယ စစ်တပ်ကလည်း ကူညီနေပေမဲ့ အခြေအနေ အခက်အခဲတွေကြောင့် နှောင့်နှေးနေပါတယ်။

အဲဒီပြည်နယ်မှာ ဆယ်စုနှစ်တွေအတွင်း ဇူလိုင်လအတွက် စံချိန်တင် မိုးအများဆုံး ရွာသွန်းမှုကို ကြုံတွေ့ခဲ့ရတာပါ။

နှစ် ၄၀ အတွင်း ဇူလိုင်လအတွက် စံချိန်တင် မိုးအများဆုံး ရွာသွန်းမှုကို ကြုံတွေ့ခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နှစ် ၄၀ အတွင်း ဇူလိုင်လအတွက် စံချိန်တင် မိုးအများဆုံး ရွာသွန်းမှုကို ကြုံတွေ့ခဲ့ရ

အခုလို ရေကြီးမှုကို ဖြစ်စေတာ အကြောင်းမျိုးစုံကြောင့်လို့ ဆိုပေမဲ့ ပညာရှင်တွေကတော့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မိုးရေချိန် အလွန်အကျွံ မြင့်တက်တာစေတာ ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးမှုအများစုဟာ ခရိုင်နှစ်ခုမှာ မြေတွေပြိုတာနဲ့ ရေတွေကြီးတာကြောင့် ဖြစ်တယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။

အိန္ဒိယ စီးပွားရေးမြို့တော် မွန်ဘိုင်းရဲ့ အရှေ့တောင်ပိုင်းက Taliye ဆိုတဲ့ ရွာလေးဟာ ပြားပြားဝပ် ကျေပျက်သွားပါတယ်။ အဲဒီမှာ လူ ၄၂ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အသက်ဆုံးရှုံးမှုတွေအတွက် အလွန်ကြေကွဲဝမ်းနည်းရတယ်ကြောင်းနဲ့ ဘေးသင့်ခဲ့သူတွေကို အကူအညီတွေ ထောက်ပံ့ပေးမယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြောပါတယ်။

အစိုးရကယ်ဆယ်ရေးနဲ့ ရေတပ် ကယ်ဆယ်ရေးတွေလည်း ကမ်းရိုးတန်း ဒေသတွေကို ပို့ဆောင်ထားပါတယ်။

Map

ကမ်းရိုးတန်း ခရိုင်တစ်ခုဆိုရင် တံတားတွေနဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေးတာဝါတိုင်တွေ ပြိုကျကုန်ပြီးနောက် အဆက်အသွယ် လုံးဝ ပြတ်တောက်နေပါတယ်။

ကယ်ဆယ်ရေး ရဟတ်ယာဥ်တွေက မြင်နိုင်ဖို့ သောင်တင်ပိတ်မိသူတွေကို အိမ်အမိုးတွေပေါ်မှာ စောင့်နေကြဖို့ အာဏာပိုင်တွေက မှာကြားထားပါတယ်။

မွန်ဘိုင်းမှာတော့ သောကြာနေ့က လူနေ အဆောက်အအုံ တစ်လုံး ပြိုကျလို့ လူ ၂ ယောက်သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရထားလိုင်းတွေလည်း ရပ်ကုန်ပြီး မြို့တော်ရဲ့ အနိမ့်ပိုင်းနေရာတွေမှာ ရေတွေကြီးနေပါတယ်။

လာမယ့် ရက်အနည်းငယ်အတွင်း အဲဒီမြို့မှာ မိုးဆက်ကြီးနေဦးမယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မွန်ဘိုင်းမှာ မိုးများလေ့ မရှိတာတော့ မဟုတ်ပါဘူး။ နှစ်တိုင်း မုတ်သုန်မိုးကြီးတာကို ကြုံတွေ့နေကြ ဖြစ်ပေမဲ့ အခုနောက်ပိုင်း ပမာဏပိုကြီးလာပါတယ်။

မြို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ချီပြီး နှစ်စဥ်တိုးလာတာတွေကြောင့် အိမ်ရာတွေ အလျင်မီအောင် ဆောက်ကြရာက လူတွေအတော်များများ အရည်အသွေးမကောင်းတဲ့ အဆောက်အအုံတွေမှာ နေထိုင်နေကြရပါတယ်။

မွန်ဘိုင်းက ဆည်တစ်ခုက လျှံထွက်လာတဲ့ ရေတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မွန်ဘိုင်းက ဆည်တစ်ခုက လျှံထွက်လာတဲ့ ရေတွေ