ကိုဗစ် တတိယလှိုင်း - နာရေးကားတွေ “မနိုင်တော့တဲ့” ရန်ကုန်က စျာပနတွေ

လူနာတင်ယာဉ်တွေက သုဿာန်ကို အလောင်းပို့ပေးရတဲ့ ယာဉ်တွေဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, လူနာတင်ယာဉ်တွေက သုဿာန်ကို အလောင်းပို့ပေးရတဲ့ ယာဉ်တွေဖြစ်လာ
ရေးသားခဲ့သည်။

မြန်မာနိုင်ငံက မြို့အတော်များများမှာ ကိုဗစ် - ၁၉ ရောဂါ ပျံ့နှံ့ကူးစက်တာ များလာ တာနဲ့အတူ သေဆုံးတာတွေလည်းများလာနေပါတယ်။ ရန်ကုန်မြို့မှာလည်း သေဆုံး သူတွေများလာနေပြီး သုသာန်တွေမှာ သင်္ဂြိုဟ်ဖို့ရောက်လာတဲ့ အလောင်းတွေကို စုပြီး သင်္ဂြိုဟ်ရတဲ့အထိ ဖြစ်နေတာပါ။

သေဆုံးသူများလာတဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် သေဆုံးတဲ့သူတွေရဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် သုသာန်တွေခွဲပြီး ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ဖို့ သက်ဆိုင်ရာက မနေ့ကစလို့ ညွန်ကြားလာပါတယ်။

ရန်ကုန်က သေဆုံးသူတွေရဲ့စျာပန ခရီးအခြေအနေတွေသိရအောင် ဘိုစိန် နာရေး ကူညီမှု အသင်းတည်ထောင်သူ ဦးစိန်ဝင်းသန်းကို ဘီဘီစီက ဒီနေ့ ဇူလိုင် ၁၅ ရက် နေ့လည်ပိုင်းက မေးမြန်းတဲ့အခါ

ဦးစိန်ဝင်းသန်း။ ။ အခက်အခဲတွေကတော့ အများကြီးပါပဲဗျာ၊ တကယ်ကတော မိသားစုတွေ အနေနဲ့ (သူတို့ချစ်ခင်သူတွေရဲ့ ရုပ်အလောင်းတွေကို) ကောင်းကောင်း မွန်မွန် သင်္ဂြိုဟ်ချင်ကြမှာ၊ အခုတော့ ဖြစ်သလိုသင်္ဂြိုဟ်နေရတာပေါ့ဗျာ၊ မလွယ်ပါ ဘူးဗျာ၊ အားလုံး စိတ်မကောင်း ဖြစ်ရတယ်၊ စိတ်မကောင်းစရာတွေချည်းပဲ။

ဘီဘီစီ။ (ရုပ်အလောင်းက)သုဿာန်ကို ရောက်လာပြီး သင်္ဂြိုဟ်တဲ့အဆင့် ရောက်ဖို့ဆိုရင် အချိန် ဘယ်လောက်လောက် ကြာတတ်လဲ။

ဦးစိန်ဝင်းသန်း။ ။ ကြာတယ်၊ ကြာတယ်၊ ရေဝေးမှာဆိုရင် အတော်ကြာမှာ၊ တိုကင်နဲ့ သွားရတာ၊ အခု ကျွန်တော် ထိန်ပင် သုသာန်ရောက်နေတာ၊ ကျွန်တော့ရှေ့မှာ (အသုဘ)ကား ၁၀ စီးရှိတယ်၊ တန်းစီစောင့်နေရတာ၊ ပြီးရင် တစ်စီးပြီး တစ်စီး အလောင်း တွေကို ချထားခဲ့ရတာ။ အလောင်းတွေ သာချခဲ့ရတာ၊ ချက်ချင်းကြီးသူတို့ (သုသာန်က ဝန်ထမ်းတွေ)သင်္ဂြိုဟ် ပေးဖို့ မဖြစ်နိုင်သေးဘူး။ အခုန ကျွန်တော့ကို ပြောတယ်၊ “ယုံကြည်စိတ်ချစွာထားခဲ့၊ သူတို့ အားလုံးကို သင်္ဂြိုဟ်ပေးမယ်၊ တစ်ညလုံး သင်္ဂြိုဟ်ပေးမယ်၊ တစ်လောင်းပြီး တစ်လောင်း သင်္ဂြိုဟ်ရမယ် ဆိုရင်၊ ကျွန်တော်တို့လည်း အဆင်မပြေဘူး၊ ခင်ဗျားတို့လည်း အဆင် မပြေဘူး” လို့ပြောပြတယ်၊ ရှင်းပြတယ် ပေါ့နော်။ ဒီတော့ တစ်စီးဝင်လိုက်၊ အလောင်းချလိုက်၊ ကာယကံရှင်နဲ့ သူတို့ စကားပြော ပြီး ပြန်ထွက်လာ၊ အဲ့လိုပေါ့နော်။

ဘီဘီစီ။ ဥပမာ၊ ရပ်ကွက်ထဲမှာပေါ့နော်၊ နာရေးတစ်ခုဖြစ်ပြီဆိုရင်၊ အခုအချိန်မှာ သုသာန် ရောက်တဲ့အထိ ဆောင်ရွက်ရတဲ့အခါမှာ ဘယ်လိုမျိုးတွေ ဖြစ်နေလဲ။

ဦးစိန်ဝင်းသန်း။ ။ဆောင်ရွက်ရတဲ့အခါမှာ သင်္ချိုင်းလက်မှတ်လည်းအခက်အခဲ မရှိဘူး၊ ဆရာဝန် လက်မှတ်လည်း အခက်အခဲမရှိဘူး။ ဒါပေမဲ့ နာရေးကားခေါ်ရတာ အခက်အခဲရှိသွားပြီ။ နာရေးကားတွေက မနိုင်တော့ဘူးလေ၊နိဗ္ဗာန်ယာဉ်ပေါ့၊ (ရုပ်အလောင်း တွေကို)သက်ဆိုင်ရာ သက်ဆိုင်ရာ သုသာန်ကို ပို့ဖို့အတွက် ကားခေါ်ဖို့ ခက်သွားပြီ။ ဒီနေ့ ဆုံးတယ်ဆိုရင် ဒီနေ့သင်္ဂြိုဟ် ရမှာလေ၊ အအေးခန်းထဲလည်း ထားလို့မရဘူး။ ဒီနေ့ သင်္ဂြိုဟ်လို့ မရရင်တော့ အိမ်မှာပဲ ထားရမယ်၊ ကျွန်တော်တို့လည်း တစ်နေ့ကို ရုပ်အလောင်း (၅၀) ထက်ပိုပြီး မပို့ပေးနိုင်ဘူး။ သွားရ၊ လာရတဲ့အချိန်နဲ့၊ ရေဝေးတို့ စတဲ့ သုသာန်တွေမှာ မီးစက်ပိတ်တဲ့အချိန်နဲ့ ကိုက်ပြီး လုပ်နေကြရတာကိုး၊ အဲဒီလောက်ပဲ ကူညီနိုင်တယ်။ အခုတော့ နားလည်မှုနဲ့ ညဘက်၊ ညဘက် ဖွင့်ပေးထားတယ်လို့ ပြောတယ်၊ ဘယ်အချိန်ထိ ဖွင့်ပေးထားသလဲတော့ ကျွန်တော်လည်း မသိဘူး။ အစကတော့ သုသာန် မီးစက်က ညနေ ၆ နာရီထိုးရင် ပိတ်တယ်။

သုဿာန်တွေကို ဒီနေ့ သဂြိုဟ်ပေးရတဲ့ အလောင်း ဘယ်နှလောင်းလဲလို့ သတင်းမေးရင် မပြောဖို့ ပိတ်ပင်ထားခံထိထားတဲ့အတွက် အဖြေမရနိုင်တော့

ဓာတ်ပုံ ရင်းမြစ်, SeinWin Than Facebook

ဓာတ်ပုံ ပုံစာ, သုဿာန်တွေကို ဒီနေ့ သဂြိုဟ်ပေးရတဲ့ အလောင်း ဘယ်နှလောင်းလဲလို့ သတင်းမေးရင် မပြောဖို့ ပိတ်ပင်ထားခံထိထားတဲ့အတွက် အဖြေမရနိုင်တော့

ဘီဘီစီ။ ဒီနေ့ဖြစ်၊ ဒီနေ့သင်္ဂြိုဟ်နိုင်ဖို့ကရော မဖြစ်နိုင်တော့ဘူးလား။

ဦးစိန်ဝင်းသန်း။ ။ ဒီနေ့ဆုံး၊ ဒီနေ့သင်္ဂြိုဟ်နိုင်ဖို့ကတော့ (နာရေးကူညီမှု အသင်း) အသင်းကြီးတွေ ကူညီနိုင်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ရပ်ကွက်က ပရဟိတ အသင်းတွေနဲ့ ချိတ်ဆက်ပြီး သုသာန်ကို လာပို့ကြရင်တော့ ဒီနေ့ဖြစ်၊ ဒီနေ့သင်္ဂြိုဟ်ဖို့ ဖြစ်နိုင်တယ်။ အခုလည်း အဲဒီလိုမျိုး ဝိုင်းပို့နေကြရတာလေ။ ရန်ကုန်မှာ အစကဆိုရင် နာရေးအသင်း(ကြီး) ၃ သင်း၊ ၄ သင်း သတ်သတ်ရှိတယ်၊ ဒါပေမဲ့ အခု အလောင်း သယ်လာတဲ့အသင်းတွေက နာရေးအသင်း သတ်သတ် မဟုတ် တော့ဘူး။ လူနာတင်ယာဉ်အသင်းတွေက အလောင်းတွေ သယ်လာရတာ။ အရေးရယ် အကြောင်းရယ်ဆိုရင် လူနာတင်ကားတွေက အခုဆိုရင် မသာကားတွေ ဖြစ်ကုန်ပြီ။

ဘီဘီစီ။ ဆုံးပါးသွားကြသူအများစုက ကိုဗစ်ပဲလား၊ တခြားရောဂါတွေကြောင့်ကော ပါလား။

ဦးစိန်ဝင်းသန်း။ ။ ကျွန်တော်တို့ကတော့ ကိုဗစ်လို့ မပြောဘူး၊ သံသယလူနာပေါ့နော်၊ သံသယ အလောင်းတွေ၊ အမှန်ကတော့ ကိုဗစ်ပါပဲ။ အောက်စီဂျင်ပြတ်ပြီးဆုံးတာတွေ၊ အသက်ရှူ မရဘဲ ဆုံးတာတွေက များတယ်လေ။